မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 4 november 2009

ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သံတမန်အဖွဲ့တွေ့ဆုံ

   

NEJ / ၄ နိုဝင်ဘာ ၂၀၀၉

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့သည် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ရန်ကုန်မြို့ အင်းယားလိတ်ဟိုတယ်တွင် ယနေ့မွန်းလွဲပိုင်း၌ (၂) နာရီကြာခန့် တွေ့ဆုံခဲ့သည်။
“ဒေါ်အောင်ဆန်းစုကြည်နဲ့ (၁၁) နာရီခွဲကနေ (၁) နာရီခွဲလောက် အထိ အင်းယားလိတ်မှာ တွေ့ခဲ့ကြပြီး ဗဟိုအလုပ်အမှု ဆောင်အဖွဲ့နဲ့ (၃:၄၀) နာရီမှာ တွေ့နေပါတယ်” ဟု အန်အယ်လ်ဒီပြန်ကြားရေး အဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။
နေအိမ်အကျယ်ချုပ်ကျခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ယခုကဲ့သို့ အများပြည်သူ ၀င်ထွက်သွားလာရာ နေရာတခုတွင် နိုင်ငံခြားသံတမန်များနှင့် တွေ့ဆုံခွင့်ရရှိခြင်းသည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်း အပြီးနောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်သည်။
အဆိုပါတွေ့ဆုံပွဲသို့ သတင်းမီဒီယာများအား ၀င်ရောက် ဓာတ်ပုံရိုက်ကူးခွင့်ပြုခဲ့သော်လည်း မေးမြန်းခွင့်မပြုခဲ့ကြောင်း သိရသည်။
“ဓာတ်ပုံရိုက်ခွင့်ပဲပေးတယ်။ ရိုက်ပြီး ပြန်ရတာပဲ။ သတင်းအချက်အလက် ဘာမှမရပါဘူး။ အန်တီစုကို တွေ့ရတာ လန်းလန်းဆန်းဆန်းနဲ့ ကျန်းမာပါတယ်။ သူ့မျက်နှာက အရမ်းကျက်သရေ ရှိနေတာပါပဲ” ဟု အင်းယားလိတ်သို့ သွားရောက်ခွင့်ရသည့် ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် မတွေ့ဆုံခင်တွင် မစ္စတာကမ်ဘဲလ် ဦးဆောင်သည့် သံတမန်အဖွဲ့သည် မြန်မာစစ်အစိုးရ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်နှင့် နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး ယင်းသို့တွေ့ဆုံမှုသည် အမေရိကန်နှင့်မြန်မာအစိုးရ (၂) ခုအကြား (၁၀) စုနှစ်အတွင်း အဆင့်အမြင့်ဆုံးအရာရှိများ တွေ့ဆုံခြင်းဖြစ်သည်။
တွေ့ဆုံသည့်အကြောင်းအရာများနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း မရှိသေးသကဲ့သို့ စစ်အစိုးရထိန်းချုပ်ထားသည့်
မီဒီယာများက မစ္စတာကမ်ဘဲလ်၏ (၂) ရက်ကြာခရီးစဉ် နှင့်စပ်လျဉ်း၍ ယနေ့အထိ တစုံတရာထုတ်ပြန်ခြင်းမရှိသေးပေ။
ယခုကဲ့သို့ အဆင့်မြင့်အမေရိကန် သံတမန်များ မြန်မာနိုင်ငံ လာရောက်ခြင်းသည် အမေရိကန်အစိုးရက ပိတ်ဆို့တားမြစ်မှုများနှင့်အတူ တိုက်ရိုက်ပြောဆိုဆက်ဆံမှုများ ပြုလုပ်သွားမည်ဆိုသည့် မြန်မာနိုင်ငံဆိုင်ရာ ပေါ်လစီသစ်တရပ် ထုတ်ပြန်ပြီးနောက်ပိုင်း ထွက်ပေါ်လာသည့် ရလဒ်ဖြစ်သည်။
မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့အပါအ၀င် အမေရိကန်ကိုယ်စားလှယ် (၄) ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် အန်အယ်လ်ဒီအဖွဲ့ချုပ်ရုံး၌ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များနှင့် (၁) နာရီကြာတွေ့ဆုံခဲ့သည်ဟု အန်အယ်လ်ဒီပြန်ကြားရေးအဖွဲ့ဝင် ဦးအုန်းကြိုင်က ပြောသည်။
၎င်းက “ဆွေးနွေးပွဲမှာ အဓိကထားပြောဖြစ်ကြတာကတော့ မြန်မာ့ဒီမိုကရေစီဖော်ဆောင်နိုင်ရေးနဲ့ လူ့အခွင့်ရေးဆိုင်ရာတွေကို ဆွေးနွေးသွားကြတာပါ” ဟု ပြောသည်။
အဆိုပါတွေ့ဆုံပွဲသို့ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ (၆) ဦးသာ တက်ရောက်နိုင်ခဲ့ပြီး ဦးအောင်ရွှေ၊ ဦးလွင်နှင့် ဦးလွန်းတင်တို့မှာ ကျန်းမာရေး မကောင်းသည့်အတွက် တက်ရောက်နိုင်ခြင်းမရှိပေ။
၂၀၀၈ ခုနှစ်အတွင်း ပြန်လည်လွတ်မြောက်ခဲ့သော ဦးဝင်းတင်နှင့် ဦးခင်မောင်ဆွေတို့သည် စစ်အစိုးရက စီစဉ်ပေးသော သံတမန်တွေ့ဆုံပွဲများတွင် တက်ရောက်ခွင့်ရခြင်းမရှိဘဲ ယခု ပထမအကြိမ်အဖြစ် နိုင်ငံခြားသံတမန်များနှင့် တရားဝင်တွေ့ဆုံနိုင်ခြင်းဖြစ်သည်။

Geen opmerkingen: