မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 3 november 2009

နအဖ ခေါင်းဆောင် နာဂစ်သင့်ဒေသ ခရီးထွက်ပြန်

မဇ္ဈိမသတင်းဌာန

အင်္ဂါနေ့၊ နိုဝင်ဘာလ 03 ရက် 2009 ခုနှစ် 13 နာရီ 35 မိနစ်
ချင်းမိုင်(မဇ္ဈိမ)။ ။ စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ယနေ့တွင်လည်း နာဂစ်ဆိုင်ကလုံးဒဏ်သင့် လပွတ္တာနှင့် မော်လမြိုင်ကျွန်းမြို့များသို့ သွားရောက်ကြောင်း သိရှိရသည်။
ယခုခရီးစဉ်အတွင်း ဧရာဝတီတိုင်း ပုသိမ်မြို့တွင် ညအိပ်မည် ဖြစ်ပြီး၊ ရန်ကုန်သို့ နိုဝင်ဘာလ ၄ ရက်နေ့မှသာ ပြန်ရောက်လာမည်ဟု စစ်ဘက် သတင်းရပ်ကွက်များအရ သိရသည်။ ဧရာဝတီတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း အကြီးအကဲဖြစ်သူ နယ်စပ်စည်ပင် ဝန်ကြီး ဗိုလ်မှူးကြီးသိန်းညွှန့်က စစ်အစိုးရ ခေါင်းဆောင်နှင့် အဖွဲ့ကို ကြိုဆိုရန် စီစဉ်ထားသည်။
ယမန်နေ့ကလည်း နအဖ ခေါင်းဆောင် အပါအဝင် ၃၃ ဦးသော အဖွဲ့သည် ရဟတ်ယာဉ် ၃ စင်းဖြင့် ဘိုကလေးနှင့် ဖျာပုံသို့ နေ့ချင်းပြန် သွား ရောက်ခဲ့သည်။ သူ၏ ခရီးစဉ်ကို အောက်တိုဘာလဆန်းပိုင်းတွင် စီစဉ်ခဲ့သော်လည်း ရုတ်တရက် ရွှေ့ဆိုင်းမှုများ ပြုလုပ်ခဲ့ပြီး၊ ပြီးခဲ့သည့်လ ၃၀ ရက်နေ့မှသာလျှင် ခရီးစဉ်တွင်း လိုက်ပါရမည့်သူများကို အသိပေးခဲ့သည်။
ဗိုလ်ချုပ်မှူးကြီး၏ နာဂစ်ဒေသ ခရီးစဉ်များသည် အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်နှင့် တိုက်ဆိုင် နေသည်။ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ကာ့တ်ကမ်းဘဲလ်၊ အာဆီယံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့ဟာဘီယမ်တို့ ပါဝင်သော ၄ ဦးပါ ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်သို့ ယနေ့ ရောက်ရှိလာသည်။
မစ္စတာကမ်းဘဲလ်နှင့်အဖွဲ့သည် ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်း၊ သိပ္ဗံနှင့်နည်းပညာဝန်ကြီး ဦးသောင်းတို့အပါအဝင် စစ်အစိုးရ အရာရှိများနှင့် တွေ့ဆုံပြီး နေပြည်တော်တွင် ညအိပ်ရပ်နားမည် ဖြစ်သည်။
အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့နေအိမ်၌ ထိန်းသိမ်းခံနေရသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အင်းလျားလိတ်ဟိုတယ်၌ မနက်ဖြန် နံနက်ပိုင်းတွင် တွေ့ဆုံရန် စီစဉ်ထားပြီး ညနေတွင် ရန်ကုန်မြို့မှ ပြန်လည်ထွက်ခွာမည် ဖြစ်ကြောင်း မဇ္ဈိမက စုံစမ်းသိရှိရသည်။

Geen opmerkingen: