မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 5 november 2009

အမေရိကန် အစိုးရသဘောထား ဖော်ပြခွင့်ရ

  

NEJ / ၅ နိုဝင်ဘာ ၂၀၀၉

ယနေ့ထုတ် ပြည်တွင်း အပတ်စဉ်ဂျာနယ် (၂) စောင်တွင် အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့်သဘောထားကို မူရင်းအတိုင်း ဖော်ပြခွင့်ရရှိသည့်အတွက် ထူးခြားမှုတခုဖြစ်ကြောင်း ပြည်တွင်း ဂျာနယ်အယ်ဒီတာများက သုံးသပ် ပြောဆိုနေကြသည်။
အဆိုပါ သတင်း၊ တွေ့ဆုံခန်းတို့မှာ Bi Weekly Eleven ဂျာနယ် အချပ်ပို A တွင် ဖော်ပြထားသည့် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးခရီးစဉ် သတင်းစာရှင်းလင်းပွဲ သတင်းနှင့် မြန်မာတိုင်းမ်ဂျာနယ် စာမျက်နှာ (၂) တွင် ဖော်ပြထားသည့် အမေရိကန်သံရုံး ယာယီတာဝန်ခံ မစ္စတာ လယ်ရီဒင်းဂါး၏ အင်တာဗျူးတို့ ဖြစ်သည်။
Bi Weekly Eleven ဂျာနယ်၏ ဖော်ပြချက်တွင် နိုဝင်ဘာလ (၄) ရက်နေ့ ညပိုင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် မစ္စတာ ကာ့တ်ကမ်ဘဲလ်၏ သတင်းစာရှင်းလင်းပွဲ ပြောဆိုချက်များဖြစ်သည့် မြန်မာအစိုးရ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားအဖွဲ့အစည်းများအကြား တွေ့ဆုံဆွေးနွေးရန်အတွက် အမေရိကန်က လိုလားကြောင်း၊ တွေ့ဆုံဆွေးနွေးမှုမှ တဆင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး ဖြစ်ပေါ်လာရန် ရည်ရွယ်ကြောင်းတို့ကို ဖော်ပြထားသည်။
မြန်မာတိုင်းမ်ဂျာနယ်ပါ အမေရိကန် သံရုံးယာယီတာဝန်ခံ လာရီဒင်းဂါး အင်တာဗျူးမှာလည်း သံအမတ်ကြီးရာထူးအဆင့်ကနေ တာဝန်ခံသံမှူးအဆင့်ကို ပြောင်းလဲလိုက်တာဟာ စိတ်မကျေနပ်မှုကို ဖော်ပြတာပဲ။ ခုထိလည်း ဒီအတိုင်းပါပဲ၊ ဆိုလိုချင်တာက လက်ရှိ နိုင်ငံရေးအခြေအနေဟာ ရှိသင့်ရှိထိုက်တဲ့ အခြေအနေလို့ ကျနော်တို့ အခုထိ မယုံကြည်ပါဘူးဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရ သဘောထား ဘယ်တော့ပြောင်းလဲမလဲဆိုသည့် မေးခွန်းကိုမူ “တကယ်လို့ အပြုသဘောဆောင်တဲ့ အဓိက တိုးတက်ဖြစ်ပေါ်မှုရှိရင် အထူးသဖြင့် နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးရေး၊ အစိုးရနဲ့ ဒီမိုကရေစီ အုပ်စုတွေကြားမှာ အဓိပ္ပာယ်ရှိတဲ့ ဆွေးနွေးပွဲတရပ် ပေါ်ပေါက်ရေးနဲ့ အားလုံးသဘောတူညီနိုင်တဲ့ နိုင်ငံရေး အနာဂတ်တခုစီ ဦးတည်တဲ့ တိုင်းရင်းသား လူမျိုးစုတွေရဲ့ လှုပ်ရှားမှုတွေကို ဆွေးနွေးခဲ့တဲ့ ပြန်လည်သုံးသပ်ချက်က အဓိက နိုင်ငံရေးပြဿနာတွေမှာ အပြုသဘောဆောင် တိုးတက်မှုရှိရင် အတော်များများ ကိစ္စရပ်တွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒီလို တကယ် စစ်မှန်ပြီး ထူးခြားထင်ရှားတဲ့ ဖြစ်ပေါ်တိုးတက်မှုမျိုးတွေ မရှိဘဲနဲ့တော့ စောစောက ပြောတဲ့ အပြောင်းအလဲမျိုး လုပ်ဖို့ ခဲယဉ်းပါလိမ့်မယ်” ဟု ဖော်ပြထားသည်။
ယခုကဲ့သို့ ဖော်ပြထားချက်နှင့် ပတ်သက်၍ ပြည်တွင်း သတင်းဂျာနယ်အယ်ဒီတာတဦးက “ခါတိုင်း စာပေစိစစ်ရေးရဲ့ သဘောထားအရဆိုရင် အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ခရီးစဉ်သတင်းကို သတင်းစာမှာ ဖော်ပြထားတာထက် ပိုပြီး ဖော်ပြလို့ မရဘူး။ အရင် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်း သတင်းတွေ၊ မစ္စတာမ်ဘာရီ သတင်းတွေဆိုလည်း သတင်းစာထဲပါတာထက် ပိုပြီး မရေးရဘူး။ ခုဟာက မစ္စတာ ကာ့တ်ကမ်ဘဲလ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပွင့်ပွင့်လင်းလင်း ပြောဆိုတာတွေကို ဖော်ပြခွင့်ပေးခဲ့တယ်။ နောက်ပြီး ရှေ့ပိုင်းကာလတွေတုန်းက အမေရိကန် သံရုံးယာယီတာဝန်ခံနဲ့ တွေ့ဆုံတဲ့ အင်တာဗျူး စာမူ ပိတ်ပင်ခံရတာ ရှိခဲ့ဖူးတယ်။ ခုတော့ ဖော်ပြခွင့်ရရုံမက သံရုံးတာဝန်ခံပြောတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် သဘောထားကိုပါ ဖော်ပြခွင့်ပေးခဲ့တယ်။ ဒါဟာ ထူးခြားတယ်။ ဒါကိုကြည့်ခြင်းဖြင့် စစ်အစိုးရဟာ အခြားနိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းတွေထက် အမေရိကန်အစိုးရကို ပိုပြီး အရေးထားတာ သိနိုင်တယ်” ဟု ပြောသည်။
ရန်ကုန်မြို့မှ ဝါရင့် သတင်းစာဆရာကြီးတဦးကမူ အမေရိကန်အစိုးရ၏ အရေးယူပိတ်ဆို့ ဒဏ်ခတ်မှုသည် စစ်အစိုးရ ထပ်ပိုင်းခေါင်းဆောင်များကို အတော်အထိနာစေခဲ့ကြောင်း၊ ထို့ကြောင့် အဆိုပါပိတ်ဆို့မှုများ ရုပ်သိမ်းရန် သို့မဟုတ် လျော့ပေါ့ရန် ယခုကဲ့သို့ အမေရိကန်အစိုးရ ကိုယ်စားလှယ်တွေကို ထူးထူးခြားခြား လိုက်လျောမှုပြုခြင်းဖြစ်ကြောင်း ဝေဖန်ပြောဆိုသည်။

Geen opmerkingen: