မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 4 november 2009

ငွေစက္ကူအကြွေ တိုးမလာဘဲ ပိုမိုရှားပါး

     

အောင်ကျော်မိုး / ၄ နိုဝင်ဘာ ၂၀၀၉

နအဖစစ်အစိုးရ ဘဏ္ဍာရေးဝန်ကြီးဌာနက ငွေစက္ကူအကြွေ အဟောင်းများကို အသစ်ဖြင့် လဲလှယ်ပေးနေသော်လည်း ငွေစက္ကူအကြွေတိုးမလာဘဲ တနေ့တခြား ပိုမိုရှားပါးလာနေသဖြင့် ပြည်သူများ ငွေလှည့်လည်သုံးစွဲရာတွင် အဆင်မပြေဖြစ်နေကြသည်။
ပြည်သူများ အသုံးပြုနေသည့် ငွေစက္ကူများမှာလည်း တနေ့တခြား ပိုမိုဟောင်းနွမ်း စုတ်ပြတ်လာနေကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။
ပြည်သူတရပ်လုံး လိုအပ်နေသည်မှာ ငွေစက္ကူအကြွေများဖြစ်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေးသုံးသပ်ချက် ဆောင်းပါးများ ရေးနေသူ စာရေးဆရာတဦးက ပြောသည်။
၎င်းက “အစိုးရအနေနဲ့ ငွေစက္ကူ အရွက်ကြီးတွေကို အရွက်သေးတွေနဲ့ လဲပေးဖို့ လိုအပ်တယ်။ ခု လုပ်နေတာက ငွေစက္ကူအကြွေ အဟောင်းတွေကို တန်ဖိုးတူ ငွေစက္ကူတွေနဲ့သာ အကန့်အသတ်ထားပြီး လဲပေးနေတာမို့ လှည့်လည်သုံးစွဲနေတဲ့ ငွေစက္ကူအကြွေ ပမာဏ လုံးဝ တိုးမလာတာဖြစ်တယ်။ လုံးလုံး သုံးမရတော့လို့ ပြည်သူတွေ ကိုယ့်ဘာသာကိုယ် စွန့်ပစ်လိုက်ရတဲ့ ငွေစက္ကူတွေလည်း ရှိနေတာမို့ တနေ့တခြား လျော့နည်းလာနေလို့ နေရာတိုင်းမှာ ငွေစက္ကူအကြွေ ပြဿနာတက်နေတာဖြစ်တယ်” ဟု ရှင်းပြသည်။
ပန်းဆိုးတန်း မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် ငွေစက္ကူအကြွေ အဟောင်းများကို အသစ်နှင့်လဲပေးသည့် ကောင်တာတခု ဖွင့်လှစ်ထားရှိသော်လည်း လာရောက်လဲလှယ်သူ မရှိသလောက်ဖြစ်ကြောင်း မဟာဗန္ဓုလ လမ်းပေါ်တွင် D form အတွက် ၀န်ဆောင်မှုပေးနေသူတဦးက ပြောသည်။
“ကျနော် ဒီဖောင်အတွက် ငွေသွင်းတဲ့ကိစ္စ လုပ်ဖို့ ပန်းဆိုးတန်း မြန်မာ့စီးပွားရေးဘဏ်ခွဲကို နေ့တိုင်းရောက်တယ်။ ကျနော်ရောက်တိုင်း ဘယ်သူမှ ငွေလာလဲတာ မတွေ့ရဘူး။ များသောအားဖြင့် ကောင်တာမှာ ထိုင်နေတဲ့ ဝန်ထမ်းတောင် မတွေ့ရဘူး။ လူတွေက အဟောင်းနဲ့ အသစ်လောက်ကိုတော့ အချိန်ကုန် ငွေကုန်ခံပြီး ဘာကြောင့် လာလဲကြမှာလဲ။ အချင်းချင်း ငွေအကြွေစက္ကူတွေ ဘယ်လောက် ဟောင်းဟောင်း စုတ်စုတ် လက်ခံသုံးနေကြတာပဲ” ဟု ၎င်းက ပြောသည်။
(၃၂) ကားလိုင်းမှ ကားစပယ်ယာ တဦးကလည်း ၎င်းတို့ကို ပြည်သူများက ကားခပေးသည့် ငွေအကြွေများမှာ အဟောင်းအနွမ်း၊ အစုတ်အပြဲတို့သာ ဖြစ်ပြီး မည်သူမှလည်း ယူရန် ငြင်းခြင်းမရှိကြောင်း၊ ငွေစက္ကူအသစ်များဖြင့် အစိုးရက လဲပေးနေသည်ကို ကြားသော်လည်း ငွေစက္ကူအသစ်များကို မမြင်ရကြောင်း၊ ငွေစက္ကူ အရွက်ကြီးကို အရွက်သေး ပြန်အမ်းသည့်ကိစ္စမှာမူ နေ့စဉ် အခက်အခဲဖြစ်ပြီး ခရီးသွားပြည်သူများနှင့် အမြဲတမ်းပြဿနာဖြစ်ကြောင်း ပြောသည်။
ကုန်စုံဆိုင်တို့တွင် ဈေးဝယ်တိုင်း အကြွေမရှိ၍ ကော်ဖီမစ်၊ သကြားလုံး ပြန်အမ်းမှုမျိုး ရှိနေဆဲဖြစ်ကြောင်း လသာမြို့နယ်မှ အိမ်ရှင်မတဦးက ပြောသည်။
မရမ်းကုန်းလမ်းဆုံတွင်နေသူ ကျောင်းသူတဦးက လိုင်းကားပေါ်တွင် ငွေစက္ကူအကြွေမရှိ၍ ခရီးသည်ကို စီးကရက်ပြန်အမ်းသည့် ကားစပယ်ယာနှင့်လည်း ကြုံဖူးကြောင်း ပြောသည်။
နအဖစစ်အစိုးရသည် ၁၉၉၆- ၉၇ ခုနှစ်အထိ ကျပ်ငွေစက္ကူ (၁၉၉) ဘီလီယံကျော် ရိုက်ထုတ်သုံးစွဲခဲ့ပြီး နောက်ပိုင်းနှစ်များမှစ၍ ယနေ့အချိန်ထိ မည်မျှရိုက်ထုတ်သုံးစွဲနေသည်ဆိုခြင်းကို ထုတ်ပြန်ခြင်းမရှိတော့ပေ။
မကြာသေးခင်ကလည်း ကျပ် (၅,ဝဝဝ) တန် ငွေစက္ကူအသစ်များ ရိုက်နှိပ်ထုတ်ဝေခဲ့သော်လည်း ပြည်သူများ သုံးစွဲနေသည့် ကျပ် (၁ဝ၊ ၂ဝ၊ ၅ဝ၊ ၁ဝဝ၊ ၂ဝဝ) တန် ငွေစက္ကူအကြွေတို့မှာမူ ရှားပါးမြဲ ရှားပါးလျက်ရှိသည်။

Geen opmerkingen: