မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 5 november 2009

တွေ့ဆုံဆွေးနွေးမှုများ အချိန်ကာလ အပိုင်းအခြားရှိရန် လိုအပ်ဟု အန်အယ်လ်ဒီ ဗဟိုအမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ပြော

  

NEJ / ၅ နိုဝင်ဘာ ၂၀၀၉
အမေရိကန်ပြည်ထောင်စုမှ အဆင့်မြင့်သံတမန်အဖွဲ့ မြန်မာနိုင်ငံသို့ လာရောက်တွေ့ဆုံဆွေးနွေးမှုများကို အကောင်းမြင်ကြိုဆိုသော်လည်း စစ်အစိုးရနှင့်ပတ်သက်၍ စိုးရိမ်မိကြောင်း အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောကြားလိုက်သည်။
“ကျနော်ပြောချင်တာကတော့ အခုလို အမေရိကန် ကိုယ်စားလှယ်တွေလာတာ နိုင်ငံရေးအားဖြင့် တွက်မယ်ဆိုရင်တော့ အကောင်းမြင်ပါတယ်။ အခုလို အမေရိကန်အနေနဲ့ ဗမာပြည်နဲ့ဆက်ဆံလာတဲ့ကိစ္စ၊ နောက်တခါ စစ်အစိုးရဘက်ကလည်း ဘာပဲပြောပြော ဒီလိုလာရောက်တဲ့ အမေရိကန်ရဲ့ လမ်းဖွင့်လာခြင်းကိုလည်း မကြိုဆိုတောင်မှ လက်ခံတဲ့ဟာမျိုးအတွက်တော့ ကောင်းတဲ့လက္ခဏာ၊ ကောင်းတဲ့အလားအလာ ပွင့်လာနိုင်စရာရှိတယ်လို့ ကျနော်ကတော့ ပြောချင်ပါတယ်။ တခုပဲရှိတာက စစ်အစိုးရနဲ့ပတ်သက်လို့ ကျနော်က သိပ်အကောင်းမမြင်လှဘူး။ စစ်အစိုးရက အမြဲတမ်းလိမ်တာ၊ ညာတာ၊ ဖုံးတာ၊ ကာတာ သူတို့ရဲ့အကျိုးစီးပွားကို အမြဲတမ်း ရှေ့တိုးနောက်ငင်လုပ်တာတွေ များတယ်” ဟု ၎င်းက ပြောသည်။
မြန်မာစစ်အစိုးရဘက်က မှန်ကန်သည့်သဘောထားများကို မပြင်ဆင်သည့်အတွက် မြန်မာစစ်အစိုးရနှင့် အမေရိကန်ပြည်ထောင်စု၏ လုပ်ငန်းစဉ်များသည် မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့နှင့် အကျိုးရလဒ်များ၊ အကျိုးသက်ရောက်မှုများ ရှိပါ့မလားဟု စိုးရိမ်မိကြောင်း ဦးဝင်းတင်က ပြောသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရှေ့အာရှနှင့်ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကာ့တ်ကမ်ဘဲလ်နှင့် ဒု-လက်ထောက် နိုင်ငံခြားရေးဝန်ကြီး စကော့မာရှယ်တို့ပါဝင်သည့် အမေရိကန်ကိုယ်စားလှယ်အဖွဲ့သည်
မြန်မာနိုင်ငံသို့ လာရောက်၍ စစ်အစိုးရ ၀န်ကြီးချုပ်၊ ဒေါ်အောင်ဆန်းစုကြည်၊ အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တို့နှင့် ယမန်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
ထိုသို့တွေ့ဆုံရာတွင် အမေရိကန် ကိုယ်စားလှယ်အဖွဲ့သည် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များနှင့် ပါတီရုံးချုပ်၌ (၁) နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြရာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်များဖြစ်ကြသော ဦးသန်းထွန်း၊ ဦးဝင်းတင်၊ ဦးစိုးမြင့်၊ ဦးလှဖေ၊ ဦးညွန့်ဝေနှင့် ဦးခင်မောင်ဆွေတို့ တက်ရောက်ကြသည်။
အန်အယ်လ်ဒီ အမှုဆောင်အဖွဲ့ဝင်များက ၂၀၁၀ ရွေးကောက်ပွဲနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စ၊ လူ့အခွင့်အရေး ပြဿနာများ၊ နိုင်ငံရေးအကျဉ်းသားများကိစ္စ၊ လူသားချင်းစာနာမှု အကူအညီပေးရေးကိစ္စများကို တင်ပြဆွေးနွေးခဲ့ကြသည်ဟု သိရသည်။
အခြေခံဥပဒေပြင်ဆင်ရေးနှင့်ပတ်သက်၍ တောင်းဆိုမှုများ မလုပ်ပေးနိုင်သော်ငြားလည်း စစ်အစိုးရကို နားချစေလိုကြောင်း အမေရိကန်ကိုယ်စားလှယ်များကို ပြောကြားခဲ့သော်လည်း ၎င်းတို့က တွေ့ဆုံဆွေးနွေးရေးဖြစ်မြောက်ရန်သာ ဇောင်းပေးလုပ်ဆောင်နေသည့်အတွက် ကျန်ကိစ္စများကို ခပ်လျော့လျော့သာ ကိုင်တွယ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်ဟု ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်က ပြောသည်။
ထို့အပြင် ကိုယ်စားလှယ်များက “သူတို့ဟာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဆွေးနွေးပွဲဖြစ်အောင်၊ အတိုက်အခံ အင်အားစုတွေနဲ့ အစိုးရနဲ့ ဆွေးနွေးပွဲဖြစ်အောင် လုပ်နေပါတယ်ဆိုတာနဲ့၊ နောက်တခုက အစိုးရဘက်က မြင်သာထင်သာတဲ့ ကိစ္စတွေ မလုပ်သရွေ့ကတော့ ဆန်ရှင်လို ကိစ္စမျိုးတွေက လျော့ပေါ့မှုတွေ ဖြစ်မှာမဟုတ်ဘူးလို့ ပြောသွားတယ်” ဟု ဦးဝင်းတင်က တွေ့ဆုံမှုနှင့်ပတ်သက်၍ ဆက်လက်ရှင်းပြသည်။
စစ်အစိုးရအနေဖြင့် အခြေခံဥပေဒေပြင်ဆင်ရေးကို လိုက်လျောမည့်အနေအထား မရှိသော်လည်း ပြည်သူများအနေဖြင့် နိုင်ငံရေးစိတ်ဓာတ်ရှိရန် အဓိကလိုအပ်သည်ဟု ဦးဝင်းတင်က ယူဆသည်။
၎င်းက “အပေါ်ယံကြည့်ရင်တော့ စစ်အစိုးရဘက်ကလည်း ပြင်ဆင်ပြောင်းလဲရေးဆိုတာကို လုံးဝလျှော့မှာမဟုတ်ဘူး။ ကျနော်တို့ဘက်ကလည်း ဒီဟာကို မပြင်ရင်တော့ လုံးဝလက်ခံနိုင်တဲ့ အနေအထားမရှိဘူး။ ကျနော်တို့ ဆိုတာက အန်အယ်လ်ဒီတခုတည်း မဟုတ်ဘူး။ တိုင်းရင်းသားတွေရော၊ တိုင်းသူပြည်သားတွေရော၊ ပြည်ပမှာရောက်နေတဲ့ နိုင်ငံရေးအင်အားစုတွေရော၊ ပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးအင်အားစုတွေ အားလုံးက ဒီဟာကို လက်မခံနိုင်ဘူးဆိုရင် နိုင်ငံရေးကတော့ ပိတ်ဆို့နေတဲ့အနေအထားပဲ ရှိမှာပဲ။ သို့သော် နိုင်ငံရေးဆိုတာ စိတ်ဆန္ဒတွေရှိတယ်၊ အခြေအနေတွေ ပေးလာမယ်ဆိုရင်တော့ နိုင်ငံရေးပြဿနာဆိုတာ အမြဲတမ်းကျော်သွားလို့ရတာပဲ” ဟု ပြောသည်။
အမေရိကန်အစိုးရအနေဖြင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် တွေ့ဆုံဆွေးနွေးရေးကို ဦးတည်လုပ်ဆောင်ရန် ရည်ရွယ်ကြောင်း ပြောကြားလာသည့်အတွက် အခြေခံဥပဒေပြင်ဆင်ရေးကိစ္စကို တွေ့ဆုံဆွေးနွေးရေးစားပွဲဝိုင်းတွင် တင်ကာ ဆွေးနွေးနိုင်သည်ဟု ဦးဝင်းတင်က သုံးသပ်သည်။
“ကျနော်တို့ဟာ ဒီအခြေခံဥပဒေကိုသာ ပြင်နိုင်ရင်တော့ လာမယ့်ရွေးကောက်ပွဲဟာလည်း တစုံတရာသော အများပြည်သူတွေ ဆန္ဒနဲ့ကိုက်ညီတဲ့ ဖြစ်ရပ်မျိုး လုပ်ရပ်မျိုးတခုအနေနဲ့ ဖြစ်လာမယ်ဆိုရင် နိုင်ငံရေးပြဿနာတွေဟာ ဒီရွေးကောက်ပွဲကနေ နောက်ထပ်အလွန် လာမယ့်လေးငါးနှစ်၊ နောက်တခါ နောက်ရွေးကောက်ပွဲဆိုတာမျိုးတွေပါ အဆင့်ဆင့်နဲ့တော့ ပြောင်းသွားနိုင်တယ်လို့ ကျနော်က ယူဆတယ်” ဟု ၎င်းက ပြောသည်။
ဦးဝင်းတင်က ဆက်လက်၍ “ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်အဖွဲ့နဲ့ တွေ့တဲ့အခါလည်းပြောပါတယ်။ ခင်ဗျားတို့ တိုက်တွန်းနေတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စတွေလုပ်ဖို့၊ တွေ့ဆုံဆွေးနွေးရေးတွေလုပ်ဖို့ဟာ အချိန်ကာလ အပိုင်းအခြားတော့ ရှိရလိမ့်မယ်။ ခင်ဗျားတို့ရဲ့လုပ်ငန်းတွေ၊ စစ်အစိုးရက တံခါးလေးဟပေးလိုက်တဲ့ဟာတွေဟာ မြန်မာ့နိုင်ငံရေးပြဿနာတွေကို ရေရှည်သော်လည်းကောင်း၊ ရေတိုသော်လည်းကောင်း ဖြေရှင်းဖို့ဆိုတာထက် နိုင်ငံရေးပြဿနာလိုဖြစ်တဲ့ သူတို့ရဲ့ရွေးကောက်ပွဲကိစ္စတွေ ကို ဖြေရှင်းဖို့အတွက် ရည်ရွယ်ပြီးတော့ လုပ်တဲ့လုပ်ငန်းမျှသာ ဖြစ်တယ်ဆိုရင်တော့ ဘာမှထူးမှာမဟုတ်ဘူး။ တတ်နိုင်သမျှတော့ ဒီကိစ္စတွေကို အချိန်အပိုင်းအခြား ကန့်သတ်ပြီး လုပ်ဖို့ကောင်းတယ်လို့ ကျနော်တို့ ပြောပါတယ်” ဟု ပြောသည်။
ထို့ကြောင့် ရွေးကောက်ပွဲမတိုင်မီ တွေ့ဆုံဆွေးနွေးပွဲဖြစ်မြောက်ရန်လိုအပ်ပြီး နအဖအနေဖြင့် အချိန်ဆွဲနေပါက အကျိုးထူးနိုင်မည်မဟုတ်ဟုလည်း ဦးဝင်းတင်က ပြောသည်။
“ဒါကြောင့် ကျနော်တို့ကတော့ တွေ့ဆုံဆွေးနွေးရေးကို မျှော်လင့်တယ်။ ဖြစ်စေချင်တယ်။ ဖြစ်စေချင်တဲ့နေရာမှာလည်း အချိန်အပိုင်းအခြားနဲ့ဖြစ်စေချင်တယ်။ အချိန်အပိုင်းအခြားဆိုတာလည်း ရွေးကောက်ပွဲကာလကို မကျော်လွန်တဲ့ ဒီဘက်ကာလသာဖြစ်သင့်တယ်လို့ ကျနော်ကထင်တယ်။ တွေ့ဆုံဆွေးနွေးပွဲ အကျိုးရလဒ်တွေဟာလည်း ဆွေးနွေးပွဲ သဘောတူချက်တွေကနေပြီး ညွှန်ပြတဲ့လမ်းတွေဟာလည်း ရွေးကောက်ပွဲမတိုင်မီမှာသာ ဖြစ်ဖို့ကောင်းတယ်။ ပြဿနာတွေကို တစုံတရာသောဖြေရှင်းမှုနဲ့ ရွေးကောက်ပွဲကာလကို ကျော်ဖြတ်သင့်တယ်လို့ ထင်တယ်” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

Geen opmerkingen: