မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 23 februari 2010

စစ်ဗိုလ်ချုပ်များ ကြည့်ရှုရန် နွေစပါး ဟန်ပြစိုက်

အောင်ထက်/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ
ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်၊ ကော့မှူး-ထမ္မနိုင်လမ်း၊ မကျီးတန်းရပ်ကွက်ရှိ နွေစပါး မျိုးသန့်စိုက်ပျိုးခင်းသည် သက်ဆိုင်ရာ
အာဏာပိုင်များ သွားရောက်ကြည့်ရှုရာတွင် ပြသရန် ဟန်ပြစိုက်ပျိုးထားသော သရုပ်ပြ နွေစပါးလယ်မြေကွက်များသာ ဖြစ်ကြောင်း ဒေသခံတောင်သူတို့က ပြောသည်။
“လယ်သမားပိုင် လယ်မြေ (၁၀) ဧကခန့်ကို စိုက်ပျိုးရေးလုပ်ငန်းက ငှားပြီး စံပြစိုက်ကွက်အဖြစ် လုပ်ထားတယ်။ လယ်ကွက်တွေထဲ ဆည်ရေတွေရှိတယ်။ (၁) လသား ပျိုးပင်ပေါက်တွေရှိတယ်။ ခုလို အာဏာပိုင်တွေ လာစစ်မယ်ဆိုရင် ကော့မှူး မယကနဲ့ စိုက်ပျိုးရေး ညှိပြီး အပြင်က လယ်သမားတွေကို နေ့စားငှားလိုက်တယ်။ အဲဒီနေ့က နေ့စား (၂၅) ယောက်က မြေဆီတွေ ကြဲပက်ပြ၊ ပေါင်းလိုက်၊ တမန်းနှိုးနဲ့ သရုပ်ပြကြတာ (၁) နာရီနီးပါး ကြာတယ်။ အာဏာပိုင်တွေလာတိုင်း ခုလို လိမ်နေတာ ကြာပဲကြာလှပြီ” ဟု နွေစပါး စံပြစိုက်ကွက်နှင့်နီးသော မ၀င်းကျေးရွာ တောင်သူတဦးက ပြောသည်။
အဆိုပါကော့မှူး နွေစပါး စံပြစိုက်ကွက်တွင် “၂၀၀၉ -၂၀၁၀ ခုနှစ် နွေစပါး မျိုးသန့်စိုက်ပျိုးခင်း” ဟု ဆိုင်းဘုတ်စိုက်ထူထားသည်။
အခြားတောင်သူတဦးကလည်း “အဲဒီနေ့စား လယ်သမားတွေကို ကော့မှူးမြို့ စိုက်ပျိုးရေးလုပ်ငန်းက မြေဆီအိတ်တွေ ထုတ်ပေးထားတယ်။ လူကြီးတွေလာကြည့်ရင် မြေဆီတွေ မင်းတို့ကြဲပက်ပြရမယ်။ အယောင်ပြ ကြဲရမှာ။ ပိုတာမင်းတို့ယူလို့ ပြောနေတာ ကြားခဲ့ရတယ်” ဟု ဆိုသည်။
နွေစပါး၏ ပုံမှန် စိုက်ပျိုးသက်တမ်းသည် (၃) လခွဲ ၀န်းကျင်ရှိပြီး လာမည့် မတ်လ တတိယပတ်တွင် စတင် ရိတ်သိမ်းတော့မည် ဖြစ်သည်။
“ကောမှူးမြို့နယ် စံပြစိုက်ကွက်စပါးတွေက အာဏာပိုင်တွေလာရင် ပြဖို့ ဟန်ပြစိုက်ထားတာဆိုတော့ စိုက်ချိန် ပျိုးချိန် သတ်သတ်မှတ်မှတ် ဘယ်ရှိမှာလဲ။ စိုက်ချိန်လွန်မှ စိုက်ထားတော့ ခုမှ (၁) လသား ရှိသေးတယ်။ မြေဆီ ဘယ်လောက်ပက်ပက် မအောင်ဘူး။ ဒီအနှံတွေ ရိတ်မှာက မေလထဲဆိုတော့ နောက် မိုးနဲ့ဆက်သွားပြီ။ အပင်တွေ ရေနစ် သေမယ်။ နောက်ပြီး မိုးထဲ ရေထဲ စပါး ဘယ်လိုရိတ်မလဲ။ ပုံမှန် စိုက်ပျိုးနေကျ နွေစပါးက အနှံတွေ ထွက်နေပြီ။ ရှေ့လထဲ ရိတ်ရတော့မယ်။ ဒါကို စိုက်ပျိုးရေးလုပ်ငန်းက မသိတာမှ မဟုတ်ဘဲ” ဟု ခလိုက်ခလိကျေးရွာ တောင်သူတဦးက နွေစပါး စိုက်ပျိုးမှုနှင့် ဆက်စပ်ရှင်းပြသည်။
ကာကွယ်ရေးဝန်ကြီးဌာနမှ ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေသည် ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းမြင့် လိုက်ပါလျက် ကော့မှူးမြို့နယ်၊ မကျီးတန်း ယာယီရှင်းလင်းဆောင်သို့ ဖေဖော်ဝါရီ (၁၈) ရက်နေ့က ရောက်ရှိပြီး ဒေသခံတောင်သူတို့နှင့် တွေ့ဆုံခဲ့သည်ဟု ဖေဖော်ဝါရီ (၂၁) ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ဖော်ပြထားသည်။
ထို့နောက် ဒုတိယဗိုလ်ချုပ်ကြီး မြင့်ဆွေနှင့် တိုင်းမှူးတို့က လိုအပ်သည်များ မှာကြားကာ နွေစပါးခင်း မြေဆီကြဲပက်ခြင်းနှင့် ပေါင်းလိုက်ကိရိယာဖြင့် စုပေါင်း ပေါင်းလိုက်၊ တမန်းနှိုး ဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်ဟုလည်း ဖော်ပြထားသည်။
“တောင်သူတွေ လိုအပ်ချက်တွေ တင်ပြကြပါလို့ စစ်ဘက် အကြီးအကဲတွေက မေးကြပါတယ်။ ကော့မှူးမြို့နယ် အေးချမ်းဖြိုး ဥက္ကဋ္ဌက လယ်သမားတွေ ခုလိုတွေ့ဆုံပွဲတက်ဖို့ စခေါ်ကတည်းက ဘာမှ တင်ပြခြင်းမပြုဖို့၊ အာဏာပိုင်တွေ ဘာမေးမေး အဆင်ပြေပါတယ်ပဲ ပြောဖို့ ရယက ရာအိမ်မှူး၊ ဆယ်အိမ်မှူးတွေကတဆင့် မှာထားတာ။ ဘယ်သူက ထပြီး ဆွေးနွေးရဲမှာလဲ” ဟု ၀ါးဘလောက်သောက်ကျေးရွာ တောင်သူတဦးက အာဏာပိုင်များနှင့် တွေ့ဆုံပွဲနေ့က ဖြစ်စဉ်ကို ရှင်းပြသွားသည်။

Geen opmerkingen: