မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 februari 2010

ဆရာကြီး အီကြာကွေး၏ စာအုပ်များ လှူဒါန်း

မင်းသက်
ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၂၅ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၁၂ မိနစ် .
ရန်ကုန် (မဇ္ဈိမ)။ ။ ကွယ်လွန်သူ စာရေးဆရာကြီး အီကြာကွေး စုဆောင်းကျန်ရှိခဲ့သော စာအုပ်ပေါင်း ၂ဝဝဝ ကျော်ကို စာအုပ်လှူဒါန်းရေး ကော်မတီက နာရေးကူညီမှုအသင်း (ရန်ကုန်) ဖွင့်လှစ်ထားသည့် သုခအလင်း စာကြည့်တိုက်သို့ ယနေ့ လှူဒါန်းလိုက်သည်။
ဘာသာရေးကျမ်း၊ ဗုဒ္ဓဝင်ကျမ်းများ၊ မဂ္ဂဇင်းများ၊ ရသစာအုပ်များ အပါအဝင် နှစ်ရှည်လများ စုဆောင်းခဲ့သည့် စာအုပ် ၂ဝဝဝ ကျော်ကို စာအုပ်လှူဒါန်းရေး ကော်မတီမှ စာရေးဆရာများဖြစ်သည့် မောင်ပေါ်ထွန်း၊ အဏ္ဏဝါစိုးမိုးနှင့် ဆရာကြီး အီကြာကွေး၏ တပည့် ၂ ဦးက လာရောက်လှူဒါန်းခဲ့ခြင်း ဖြစ်သည်။
''စာအုပ်တွေကတော့ အမျိုးအစားအစုံပါပဲ။ သူကိုယ်တိုင်ရေးတဲ့ စာအုပ်တွေတော့ လှူဖို့စာရင်း မလုပ်ရသေးဘူး'' ဟု ဆရာအဏ္ဏဝါစိုးမိုးက အခမ်းအနားတွင် ပြောကြားခဲ့သည်။
သူက ဆက်ပြီး ''ဆရာအီကြာကွေး ကွယ်လွန်သွားကတည်းက သူ့မှာကျန်ခဲ့တဲ့ စာအုပ်တွေကို လှူဒါန်းဖို့ ကော်မတီတခု ဖွဲ့ခဲ့တာဖြစ်တယ်။ အဲဒီမှာ ဆရာမောင်ပေါ်ထွန်းပါတယ်၊ ကျနော် ပါတယ်၊ ပြီးတော့
သောကြာစာစောင် အယ်ဒီတာပါတယ်၊ ဆရာအီကြာကွေး တပည့် ၂ ယောက် ပါတယ်။ စာကြည့်တိုက်တွေကို လှူမလို့ ရည်ရွယ်ထားတယ်။ အခုတော့ သုခအလင်း ဖွင့်လိုက်တော့ အဆင်ပြေသွားတာပေါ့'' ဟု ပြောသည်။
စာအုပ်လှူဒါန်းပွဲတွင် နာရေးကူညီမှုအသင်းက အခမ်းအနားဖြင့် လက်ခံရယူရာတွင် အသင်း နာယက စာရေးဆရာမကြီး ကလျာ (ဝိဇ္ဇာ၊ သိပ္ပံ) က ကျေးဇူးတင်စကား ပြောကြားကာ၊ အသင်း ဥက္ကဋ္ဌ ရုပ်ရှင်မင်းသား ကျော်သူက ဂုဏ်ပြုမှတ်တမ်း ပေးအပ်ခဲ့သည်။
ဆရာကြီးအီကြာကွေးသည် ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်ပြီး၊ သူနေထိုင်ခဲ့သည့် နေအိမ်ကို မွေးရပ်မြေဖြစ်သော ဧရာဝတီတိုင်း ဓနုဖြူမြို့ရှိ ကျိုက္ကလွန်ဗွန်း စေတီတော် ဝေယျာဝိစ္စအတွက် လှူဒါန်းခဲ့သည်။
သုခအလင်း စာကြည့်တိုက်ကို နာရေးကူညီမှုအသင်း (ရန်ကုန်) က ဒဂုံမြို့သစ်မြောက်ပိုင်းရှိ အသင်းရုံးအပေါ်ထပ်တွင် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ကျရောက်သည့် ယခုလ ၁၃ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

Geen opmerkingen: