မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 23 februari 2010

ကျနော် သတင်းမုဆိုး

မင်းအောင်နိုင်
အင်္ဂါနေ့၊ ဖေဖေါ်ဝါရီလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၄၆ မိနစ် .

မုဆိုးဆိုတာ တခါတရံ ကံမကောင်းရင် သားကောင် ပြန်ဖြစ်သွားတတ်ပါတယ်။ ဒီလိုပဲ သတင်းမုဆိုးတွေလည်း ကံမကောင်း အကြောင်းမလှတဲ့အခါ ကိုယ်တိုင်ဟာ သတင်းသားကောင် ပြန်ဖြစ်သွားပြီး သတင်းသမား ကိုယ်တိုင်က သတင်းဖြစ်သွားရော။
မြန်မာပြည်တွင်းမှာ စစ်အာဏာရှင်တွေရဲ့ တရားဝင် ခွင့်ပြုချက်နဲ့ ထုတ်ဝေဖြန့်ချိနေတဲ့ သတင်းစာစောင်တွေမှာ အလုပ်လုပ်နေကြတဲ့ သတင်းသမားတွေတောင် အနေအထိုင် အမေးအမြန်း ဆင်ခြင်ရတာတွေ ရှိတယ်။ ဒီလိုအခြေအနေမျိုးမှာ ပြည်ပမှာ အခြေစိုက်တဲ့ မီဒီယာတွေရဲ့ ပြည်တွင်းသတင်းထောက်တွေ၊ ကူညီလုပ်ကိုင်ပေးနေသူတွေ အတွက်ကတော့ အထူးပြောစရာလိုတော့မှာ မဟုတ်ပါဘူး။ ညောင်သီးလည်းစား၊ လေးသံလည်း နားထောင်တတ်အောင် ကျင့်ထားရတယ်။
ပြန်ကြားရေး ဝန်ကြီးဌာနအောက်က စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနမှာ သတင်းစာစောင်တွေဟာ စိစစ်ဖြတ်တောက်ခံပြီး ခွင့်ပြုချက်ရမှ ထုတ်ဝေရတာပါ။ ဒါပေမဲ့ အများပြည်သူကို အသိမပေးချင်တဲ့ ဌာနဆိုင်ရာ သတင်းတခုခု ပါလာပြီဆိုရင်တော့ အဲဒီဂျာနယ်တိုက်ကို သက်ဆိုင်ရာဌာနက ပြဿနာရှာပါတော့တယ်။ စိစစ်ရေးရဲ့ မှတ်ချက်တွေဖြစ်တဲ့ ဌာနဆိုင်ရာတာဝန်ရှိသူ၊ အမည်ရာထူးဖော်ပြရန်၊ သတင်းအတွက် ဂျာနယ်က တာဝန်ယူရန်၊ ဌာနဆိုင်ရာ သဘောတူညီ ထောက်ခံချက် တင်ပြရန် ဆိုတာတွေက အပတ်စဉ် ကြုံနေရတာမို့ ဂျာနယ်တိုက်တွေဟာ အရေထူနေကြပါပြီ။ တချို့ဝန်ကြီးဌာနတွေဆို သူတို့ဌာန သတင်းများပါလာရင် ဘာပါလာပါလာ လုံးဝခွင့်မပြုရန်ဆိုပြီး စိစစ်ရေးကို ကြိုတင်အသိပေး အကြောင်းကြားထားတာတွေ ရှိပါတယ်။ စာပေစိစစ်ရေးကလည်း ဂျာနယ်တွေ မှားရင်သာ ဘာကြောင့်ပါ ဆိုတဲ့ ဖြေရှင်းချက် တောင်းတတ်တာ၊ သူတို့ ဖြုတ်တာပယ်တာတွေကျ ဘာကြောင့်ဆိုတဲ့ အကြောင်းပြချက်ရတာ မဟုတ်ဘူး၊ မေးလည်း မရပါ။
ဒီတော့ ပြည်တွင်းမှာ ဖော်ပြခွင့်မရနိုင်တဲ့ သတင်းမျိုးတွေ၊ ပြည်တွင်းက မေးရင် ဖြေဖို့ ခက်တဲ့ သတင်းမျိုးတွေဟာ ပြည်ပမီဒီယာတွေကနေတဆင့် ပြည်သူတွေသိအောင် တင်ပြရပါတယ်။ မြန်မာပြည်မှာနေပြီး သတင်းစာသမား ဂျာနယ်လစ်တယောက်အဖြစ် လုပ်ကိုင်နေရတာဟာ ချမ်းသာဖို့လမ်း၊ လူမှုဘဝတွေ အဆင်ပြေနိုင်တဲ့ လမ်းရယ်လို့ မမြင်နိုင်ပေမယ့် ဝါသနာအရင်းခံရယ်၊ အများအကျိုးပြုမှု လုပ်ချင်တာရယ်တွေကြောင့် သတင်းထောက်ဘဝကို မက်မက်မောမော လုပ်နေကြတာပဲ ဖြစ်ပါတယ်။
သတင်းထောက်လစာ၊ သတင်းစာမူခ ရတာတို့ထက် ကိုယ်ဖော်ထုတ်ရေးသားလိုက်တဲ့ သတင်းတပုဒ်ကြောင့် အာဏာရှင်တွေ တုန်လှုပ်သွားရတာမျိုး၊ ပြည်သူတွေအတွက် အကျိုးရှိသွားတာမျိုးတွေကြောင့် ရတဲ့ပီတိကို ပိုမက်ပြီး သတင်းထောက်လုပ်နေကြသူတွေက အများသားပါ။
သတင်းစာပညာရဲ့ အခြေခံကျင့်ဝတ်မှာက သတင်းထောက်တယောက်ဟာ မိမိ ဘယ်သတင်းစာတိုက်ရဲ့ သတင်းထောက် ဘယ်သူဖြစ်ကြောင်းနဲ့ ယခုသိလိုသမျှ မေးမြန်းတာတွေကို သတင်းအဖြစ် ပုံနှိပ်ဖော်ပြမှာ ဖြစ်ကြောင်း ပြောပြမိတ်ဆက်ဖို့ အရေးကြီးအချက် တရပ်အနေနဲ့ ပါဝင်ပါတယ်။ ပြည်ပအခြေစိုက် သတင်းဌာနအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းမှာနေသူ သတင်းထောက်တယောက်ဟာ ကိုယ်ဘယ်သတင်းဌာနကပါလို့ ထုတ်ဖော်မိတ်ဆက် သတင်းယူဖို့ဆိုတာ ဘယ်လိုဖြစ်နိုင်မတုန်း။ ကိုယ်မေးမိတဲ့သူက သာမန်ပြည်သူထဲက လူတယောက်ဆိုရင် ထပြေးသွားရုံ၊ မဖြေနိုင်ဘူး အငြင်းခံရရုံနဲ့ ပြီးနိုင်ပေမယ့် အာဏာရှင်တွေရဲ့ လက်ကိုင်တုတ် ဖြစ်နေရင်တော့ သတင်းပေး တိုင်တန်းခံရပြီး ထောင်နန်းစံရမှာပါ။
တခါတလေ ကိုယ်ရထားတဲ့ သတင်းအစအနတွေက အထဲကနေ လိုက်ဖို့ အဆင်မပြေနိုင်တဲ့ အနေအထားမျိုးကျ သတင်းအစအန အချက်အလက်အပြည့်အစုံ မေးသင့်တဲ့ လူတွေကို ပြည်ပအခြေစိုက် မိခင်သတင်းဌာနဆီ ပို့ပေးလိုက်ရတယ်။ ဌာနမှာ လုပ်နေတဲ့ သတင်းရဲဘော်ရဲဘက်တယောက်က တာဝန်ယူပြီး ပြည်တွင်းကို ခေါ်ဆိုမေးမြန်း ဖော်ထုတ်ရေးသားလိုက်ရတဲ့ သတင်းမျိုးတွေ ရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် လိုရင်းက အဖြစ်မှန် သတင်းတပုဒ်ကို ဖော်ထုတ်ရေးသားလိုက်နိုင်ဖို့သာပဲ ဖြစ်တယ်။
တကယ်တမ်း ပြောမပြလည်း သိနိုင်တာကတော့ ပြည်တွင်းကနေ ပြင်ပမီဒီယာအတွက် အလုပ်လုပ်ပေးနေသူ တရားမဝင် သတင်းထောက်တယောက် ဘဝဟာ ဘယ်လောက် အန္တရာယ် ကြီးတယ်ဆိုတာပါပဲ။ တဘဝလုံး အဖမ်းခံ၊ အနှိပ်စက်ခံပြီး လဲရလောက်တဲ့ သတင်း ဖြစ်နိုင် မဖြစ်နိုင်၊ လုပ်သင့် မလုပ်သင့် အမြဲ ခေါင်းထဲထည့် စဉ်းစားနေရတယ်။ ပေးဆပ်လိုက်ရတာနဲ့ တန်လား၊ အများပြည်သူအတွက် ငါ့တဘဝလုံးရင်းပြီး ဖော်ထုတ်လိုက်ရင်ဖြင့် တိုင်းပြည်နဲ့ လူမျိုး အားလုံးကောင်းစားသွားမှာလား၊ ဒါမျိုးဆိုရင်တော့ လဲသင့်လဲရမှာပေမယ့် တခါတခါ မိုက်ရူးရဲမဆန်သင့်တဲ့ ရှေ့ဆက်လုပ်နေရဦးမယ့် အခြေအနေတွေကို ထည့်တွက်တွေးရတာကလည်း သတင်းတပုဒ်ရဖို့ ကြိုးစားရတာထက် ပိုခက်သေးတော့။
အဲဒီလို အခြေအနေတွေ၊ သိပ်ခြေလှမ်းမကြဲဘဲ အသာဒိုင်လျှိုလုပ်ရတဲ့ ကိစ္စတွေ၊ သိလည်း မသိစေ၊ မြင်လည်း မမြင်စေ သတိထားရတဲ့ အနေအထားတွေ၊ ဒီလိုမျိုး သတင်းတွေဟာ ဘယ်သူဘယ်ဆိုဒ်ကနေ ထွက်နေတာတွေကို မရိပ်မိစေဖို့ ဆင်ခြင်ရတာမျိုး ဘာမှ မလှုပ်ရှားဘဲ နေနေရတာမျိုးတွေ တခါတလေ ရှိတတ်ပါတယ်။ ဒါပေမဲ့ မိခင်သတင်းဌာနက အထက်လူကြီး အယ်ဒီတာဆရာများက သတင်း တက်မလာတာကြာရင် ထောင်းပါတော့တယ်။ အလုပ်မလုပ်ဘဲ လစာ အလကားထိုင်ယူနေတယ် အထင်မှားပါတော့တယ်။ အထဲမှာနေပြီး အလုပ်လုပ်နေရတဲ့ ကိုယ်တွေက ကိုယ့်အကြောင်းနဲ့ကိုယ်မို့ ရှင်းပြပြောပြရတယ်။
မြန်မာပြည်က လူတွေက နိုင်ငံခြားသားတွေ ဓာတ်ပုံရိုက်ရင်ဖြင့် ပြုံးပြုံးလေးနဲ့ အိုက်တင်ပေးတတ်ကြပေမယ့် ကိုယ်တွေများ သတင်းအတွက် လိုအပ်လို့ ဓာတ်ပုံရိုက်ရင်ဖြင့် ပြူးပြူးပြာပြာ ဖြစ်ကြတယ်။ အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့ နေရာတွေ၊ ရုံးဌာနတွေများ ရိုက်မိရင်ဖြင့် ပိုဆိုးပေါ့။ အဲဒါကြောင့် ပြည်ပသတင်းဌာနအတွက် အလုပ်လုပ်နေသူတွေဟာ ကင်မရာခိုးရိုက်နည်းလည်း ကိုယ့်နည်းကိုယ့်ဟန်နဲ့ လုပ်ကြရတယ်။ မီးလောင်သတင်းတွေ၊ ဗုံးကွဲသတင်းတွေ များသွားပြီး ထင်ထင်ပေါ်ပေါ် မရိုက်မိလေနဲ့ ရှင်းလို့ကို ဆုံးမှာမဟုတ်ဘူး။ ပြည်တွင်းက ဘယ်သတင်းစာစောင်မှာ လုပ်နေတဲ့ သတင်းထောက်ပါလို့ သက်သေမပြနိုင်ရင်တော့ ညောင်းပေတော့ အချုပ်ထဲ။
စစ်အာဏာရှင်တွေက သတင်းထောက်တွေကို ငြှိုးမယ်ဆိုလည်း ငြှိုးလောက်ပါတယ်။ ကုန်ဈေးနှုန်းကျဆင်းရေး ဆန္ဒပြမှုတွေ၊ ရွှေဝါရောင်တော်လှန်ရေး၊ နာဂစ်ဘေးဒုက္ခလိုမျိုး ကြီးကြီးမားမား အဖြစ်အပျက် သတင်းတွေ အပြင်မထွက်နိုင်အောင် စိစစ်နှိပ်ကွပ်တဲ့ ကြားထဲကနေ ကမ္ဘာသိဖြစ်ကုန်တော့ မဟာအရှက်တော် ကွဲပြီး ရွှေစိတ်တော်က သတင်းထောက်တွေအပေါ် အတိုးချငြှိုးလေပြီပေါ့။
တရားဝင် ကဒ်ကိုင်ပြီး နိုင်ငံခြားသတင်းဌာနတွေအတွက် အလုပ်လုပ်နေတဲ့ ပြည်တွင်းက နိုင်ငံခြား သတင်းထောက်တွေတောင် စစ်အာဏာရှင်တွေ အမျက်မရှအောင် ကြည့်ကျက်ပေါင်းနေရသေးတာပဲ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက သတင်းအပို့ကောင်းလို့ ဖုန်းအပိတ်ခံထားရဆဲသူတွေ၊ ကင်မရာအသိမ်းခံခဲ့ရတဲ့သူတွေ၊ စစ်ကြောရေးမှာ တနေကုန် နေခဲ့လိုက်ရသူတွေ ရှိခဲ့ဖူးတယ်။ တကယ်တမ်း သတင်းကြီးတွေ ရှိလာဖြစ်လာရင်တောင် သူတို့တွေမှာ အရေးအသား သတိထားကြတဲ့သူ အမေးအမြန်း ဂရုစိုက်ရတဲ့သူ အချို့တွေ ရှိတယ်လေ။
ကိုယ်ကြားဖူးတာတခုက ရဲသတင်းအထူးတပ်ဖွဲ့ (အက်စ်ဘီ) က လူတွေဆို ပြည်ပအခြေစိုက် စစ်အစိုးရ ဆန့်ကျင်ဘက် မီဒီယာတွေက သတင်းတွေဖတ်ပြီး အထက်လူကြီးကို တင်ပြပြီး ဖော်လိုးအပ် ပြန်လိုက်ရတာတွေ ရှိဆိုပဲ။
ပြည်တွင်းမှာ တရားဝင် ထုတ်ဝေခွင့် ရထားတဲ့ သတင်းဂျာနယ်တွေမှာ လုပ်နေပါရဲ့နဲ့ အခန့်မသင့် ခြေချော်လက်ချော် ဖြစ်ခဲ့လို့ ထောင်နန်းစံခဲ့ရသူတွေတောင် ရှိမှတော့ ပြည်ပအခြေစိုက် သတင်းဌာနတွေအတွက် အလုပ်လုပ်ပေးနေသူတွေ အတွက်ကတော့ ပြောနေဖို့ကို မလိုတော့ဘူး။ ပြည်ပသတင်းဌာနတွေအတွက် သတင်းယူနေတာ သိပြီး၊ မိသွားခဲ့ရင်ဖြင့် သောက်မြင်ကတ်ပုဒ်မပါ ပေါင်းပြီး နှစ်ရှည်ထောင်ဒဏ်တွေ ချခဲ့တာလည်း အားလုံးအသိဘဲ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်တွင်းမှာနေပြီး ပြည်ပြအခြေစိုက်ကာ စစ်အာဏာရှင်တွေကို ဆန့်ကျင်နေတဲ့ သတင်းဌာနအတွက် အလုပ်လုပ်နေသူ သတင်းမုဆိုးတွေဟာ ကိုယ်ကိုယ်တိုင် သားကောင်မဖြစ်ဖို့ သွားသတိ၊ စားသတိ၊ သတင်းလိုက်သတိ၊ ပြောသတိ၊ မေးသတိနဲ့ သတိများစွာ ထားရပါတယ်။

Geen opmerkingen: