မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 22 februari 2010

ဗဟိုဦးစီးအဖွဲ့ရွေးချယ်ရေး အန်အယ်ဒီဗဟိုစတင်

ကျော်ခ
တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၅ မိနစ်
ချင်းမိုင် (မဇ္ဈိမ) ။ ။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုဦးစီးအဖွဲ့ CC အဖွဲ့ဝင်များကို စီစစ်ရွေးချယ်ရေး လုပ်ငန်းများ အဖွဲ့ချုပ် ရုံးချုပ်၌ ယနေ့စတင်ဆောင်ရွက်နေပြီဖြစ်သည်။
ဗဟိုအလုပ်မှူဆောင်အဖွဲ့ CEC အစည်းအဝေးကျင်းပ ရွေးချယ်ကြခြင်းဖြစ်ပြီး ယနေ့ ပြီးပြတ်ခြင်း မရှိသော် လည်း လာမည့်အပတ် တနင်္လာနေ့တွင် အတည်ပြုနိုင်ဘွယ်ရှိကြောင်း အန်အယ်ဒီက ပြောသည်။
“တချို့ ထပ်တင်လာတာတွေလည်းရှိတော့ အဲဒါတွေ ပြန်စစ်ရသေးတယ်။ အောက်ခြေမှာကလည်း ကန့် ကွက်တာတို့၊ အတည်ပြုတာတို့ ရှိနေကြတာကိုး။ အဲဒါကြောင့် ကြာသာပတေးနေ့မှာ ထပ်လုပ်မယ်” ဟု ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်က မဇ္ဈိမကို ပြောသည်။
ပြည်နယ်-တိုင်းများမှ ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းကို လျှော့ခြင်း၊ တိုးခြင်း၊ ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပါဝင်သင့် ပါဝင် ထိုက်သော ပုဂ္ဂိုလ်များကို ထည့်သွင်းနိုင်ခြင်းတို့အတွက် CEC အဖွဲ့မှ ယနေ့စတင်ပြုလုပ်နေခြင်းဖြစ်သည်။
အန်အယ်ဒီ ဦးဆောင်အဖွဲ့ကို CEC ၂ဝ ဦး၊ ဗဟိုဦးစီးအဖွဲ့ CC ၁ဝဝ ဦး ပေါင်း ၁၂ဝ သာထားရှိသွားမည်ဟု သတ်မှတ်ထားသော်လည်း ဗဟိုဦးစီးအဖွဲ့ လျာထားဦးရေမှာ ၁ဝဝ ကျော် ရှိနေကြောင်း သိရသည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပိုမို ကျစ်လစ် ခိုင်မာတောင့်တင်းရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ထိရောက်စွာ လုပ်ဆောင်နိုင်ရန် “ဗဟိုဦးစီးအဖွဲ့” ကို ဖွဲ့စည်းခြင်း ဖြစ်ကြောင်း သိရသည်။
CC ရွေးချယ်ရာတွင် တိုင်းကြီးတတိုင်းစီလျင် ၇ ဦးစီ၊ တိုင်းငယ်နှင့်ပြည်နယ်တခုစီလျင် ၅ ဦးစီ အထိသာ ရွေးချယ်ကြရမည်ဟု ဗဟို အလုပ်အမှုဆောင် ကော်မတီက ပြည်နယ်နှင့်တိုင်း စည်းရုံးရေး အဖွဲ့များထံ ယခင်လက ညွှန်ကြားခဲ့သည်။
တိုင်းစည်း၊ ပြည်နယ်စည်းများ၊ မြို့နယ်စည်းများနှင့် အမတ်များ အကြား ညှိနှိုင်းကြပြီး မဲခွဲခြင်း၊ အစည်း အဝေးထိုင် ဆုံးဖြတ်ခြင်းများ ပြုလုပ်ကာ ဗဟိုဦးစီးအဖွဲ့ဝင် လျာထားစာရင်းကို ယခုလ ၁၆-၁၇ ရက်နေ့က ဗဟိုဌာနချုပ်တွင် သက်ဆိုင်ရာ ကိုယ်စားလှယ်များက CEC သို့ တင်ပြခဲ့ကြသည်။
“အရည်အချင်းရှိသူ”၊ “အဖွဲ့ချုပ်အပေါ် သစ္စာရှိသူ”၊ “အဖွဲ့ချုပ်နှင့် မကင်းမကွာ တာဝန်ထမ်းဆောင်နေသူ” “မူဝါဒများအတိုင်း ရပ်တည်နေသူ”၊ “အဖွဲ့ချုပ် စည်းကမ်းအရ အရေးယူခံနေရသူ မဖြစ်စေရ” စသည့်မူ အတိုင်း စီစစ်ရွေးချယ်သွားမည်ဖြစ်ကြောင်း အန်အယ်ဒီက ထုတ်ပြန်ထားသည်။
ပုံမှန်အားဖြင့် ပါတီတွင် လုပ်ပိုင်ခွင့် အမြင့်ဆုံးဖြစ်သော ဗဟိုဦးစီးအဖွဲ့မှတဆင့် ဗဟိုအလုပ်မှုဆောင်ကို ရွေးချယ်တင်မြှောက်ရသော်လည်း ညီလာခံခေါ်ယူနိုင်ခြင်း မရှိသေးသောကြောင့် အန်အယ်ဒီအနေဖြင့် CEC ကို အရင်တိုးချဲ့ဖွဲ့စည်းပြီးနောက် CC ကိုလည်း CEC ကပင် ရွေးချယ်နေရခြင်းဖြစ်ကြောင်း သိရသည်။
၁၉၉ဝ ခုနှစ်အတွင်း စတင်ဖွဲ့စည်းစဉ်က CC အဖွဲ့ဝင် ဦးရေ ၈ဝ ရှိခဲ့သော်လည်း ၁၉၉၇ ခုနှစ်တွင် အဖွဲ့ဝင် အများအပြားကို အာဏာပိုင်များက ဖမ်းဆီးခဲ့သဖြင့် လုပ်ငန်းမဖော်ဆောင်နိုင်ဘဲ ဖြစ်ခဲ့ရသည်။
(ကိုဝိုင်း တည်းဖြတ်သည်)

Geen opmerkingen: