မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 februari 2010

ကျောက်မဲမှာ A (H1N1) ပိုးရှိသူ ၆ ဦး တွေ့ရှိ

ဖနိဒါ
သောကြာနေ့၊ ဖေဖေါ်ဝါရီလ ၁၉ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၅၇ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် ယခုလ ၉ ရက်နေ့မှ စတင်၍ A(H1N1) တုပ်ကွေးပိုး ရှိသူ ၆ ဦးနှင့် ပိုးရှိကြောင်း သံသယရှိသူ ၁၉ ဦး တွေ့ရှိထားကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ပြည်နယ် ကျန်းမာရေးဌာနမှ နာမကျန်းဖြစ်နေသော လူနာများကို ဆေးစစ်ခဲ့ရာ လူလတ်ပိုင်း ၆ ဦး၌ ပိုးရှိနေပြီး၊ ပိုးရှိကြောင်း သံသယရှိသူ ၁၉ ဦးကိုလည်း တွေ့ရှိထားခြင်း ဖြစ်သည်။
“ဒီလ ၉ ရက်နေ့က လူတုပ်ကွေး တွေ့ခဲ့တယ်။ ကုသနေပြီ။ သံသယရှိသူ ၁၉ ဦးကို ဆေးရုံကြီးမှာ ကြည့်ရှုစောင့်ရှောက်နေတယ်” ဟု မြို့ခံတဦးက ပြည်တွင်း မဇ္ဈိမ သတင်းထောက်ကို ပြောသည်။
ယခုလ ၁၃ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာကမူ ကျောက်မဲမြို့၌ ယခုလ ၉ ရက်နေ့က ပြည်နယ် ကျန်းမာရေး ဦးစီးမှူးအဖွဲ့က စစ်ဆေးခဲ့ရာ တုပ်ကွေးလက္ခဏာရှိသူ ၁၁ ဦးတွေ့ပြီး ၅ ဦးတွင် A (H1N1) ပိုးတွေ့ရှိပြီး ပိုးတွေ့သူများကို ကျောက်မဲမြို့ ပြည်သူ့ဆေးရုံတွင် ကုသနေသည်ဟု ဖော်ပြသည်။
ကျောက်မဲဆေးရုံသို့ ဆက်သွယ်မေးမြန်းကြည့်ရာ ဆေးရုံဝန်ထမ်းတဦးက “ဌာနဆိုင်ရာ” မှ အပ အခြားသူများကို ဖြေဆိုခွင့် မရှိကြောင်း ပြောသည်။
ယခုလ ၃ ရက်ခန့်ကလည်း ကျောက်မဲမြို့ အမှတ် (၁) အထက်တန်းကျောင်း၌ အဆိုပါ A (H1N1) တုပ်ကွေးပိုး တွေ့ရှိသဖြင့် ကျောင်းပိတ်ထားရသည်ဟုလည်း အခြားမြို့ခံတဦးထံမှ သိရသည်။
ကျောက်မဲရှိ ဈေးနှင့် ကားဂိတ်များ၌ နှာခေါင်းစည်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ၍ လမ်းသွားလမ်းလာများကို နှိုးဆော်နေသည်ဟုလည်း ဆိုသည်။
ပြီးခဲ့သည့်နှစ် ဇွန်လအတွင်းက စင်္ကာပူနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လာသူ ၁၃ နှစ်အရွယ် မိန်းကလေး တဦးတွင် A (H1N1) ပိုးစတင်တွေ့ရှိခဲ့သည်။
ယခုလအတွင်း A (H1N1) ပိုးကို ကျောက်မဲမြို့တွင် ၅ ဦး၊ မင်္ဂလာဒုံ ၅ ဦး၊ ဒဂုံမြို့သစ် (မြောက်) (ပိုးရှိသူနှင့် သံသယ ၄၇ ဦး)၊ ဒဂုံမြို့သစ် (အရှေ့) ၂ ဦး၊ ရွှေပြည်သာ ၃ ဦး၊ မှော်ဘီ ၆ ဦးနှင့် ချင်းပြည်နယ် ဖလမ်းမြို့ ၄ ဦး အသီးသီး တွေ့ရှိကြောင်း စစ်အစိုးရက ထုတ်ပြန်ထားသည်။
ရောဂါရှိသူ အများစုကို ရန်ကုန်တိုင်းရှိ ဝေဘာဂီ၊ မြောက်ဥက္ကလာပနှင့် သင်္ဃန်းကျွန်း စံပြဆေးရုံတို့တွင် ကုသပေးနေသည်။

(ကိုဝိုင်း တည်းဖြတ်သည်။)

Geen opmerkingen: