မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 23 februari 2010

အန်အယ်လ်ဒီ ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေး ပဏာမ လျာထားချက် အောင်မြင်စွာပြီးစီး


NEJ/ ၂၃ ဖေဖော်ဝါရီ ၂ဝ၁ဝ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ဗဟိုဦးစီးအဖွဲ့ ဖွဲ့စည်းရေးအတွက် ပြည်နယ်နှင့်တိုင်း စည်းရုံးရေးအဖွဲ့များမှ တင်သွင်းသည့် အဖွဲ့ချုပ်ဝင်များကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ယမန်နေ့၌ ပြန်လည်စိစစ်ခဲ့ပြီး မကြာမီ ထုတ်ပြန်ကြေညာတော့မည်ဖြစ်ကြောင်း အန်အယ်လ်ဒီက ပြောကြားသည်။
ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်တဦးဖြစ်သူ ဦးအုန်းကြိုင်က “ယမန်နေ့က ပဏာမ လျာထားချက်တွေကို စီအီးစီကနေပြီးတော့ ပြန်လည်စိစစ်ကြပါတယ်။ မကြာမီ အပြီးသတ်ကြေညာမှာဖြစ်ပါတယ်။ အောက်ခြေရဲ့တင်ပြချက်တွေကိုလည်း လေးလေးနက်နက်စဉ်းစားပြီး ပြေလည်အောင်ညှိနှိုင်းကြပါတယ်” ဟု ပြောသည်။
ဗဟိုဦးစီးအဖွဲ့ဝင်များကို ရွေးချယ်ရာတွင် အန်အယ်လ်ဒီက ထုတ်ပြန်ထားသည့် ကြေညာချက်ပါ မူ (၅) ချက်နှင့်အညီ ပြည်နယ်နှင့်တိုင်းများက ရွေးချယ်အဆိုပြုမှုများကို စိစစ်ခြင်းဖြစ်သည့်အပြင် ဒေါ်အောင်ဆန်းစုကြည်က ချမှတ်ပေးသည့် မူများကိုလည်း ထည့်သွင်းစဉ်းစားခဲ့ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
“ဒေါ်အောင်ဆန်းစုကြည်က ဦးဉာဏ်ဝင်းကတဆင့် ပေးတဲ့မူရှိပါတယ်။ နိုင်ငံရေးတာဝန် ထမ်းဆောင်ရင်းက အကျဉ်းကျနေတဲ့ ပုဂ္ဂိုလ်တွေရဲ့ အခွင့်အရေးတွေ မဆုံးရှုံးသင့်ဘူး။ သူတို့ကိုလည်း ဒီတာဝန်တွေကို ပေးချင်တယ်ဆိုတာ ဖော်ပြတာတခုရှိတယ်။ နောက်တခုက ပါတီမှာ နိုင်ငံရေးလုပ်ငန်းလုပ်ရင်းကနေ လူမှုရေးလုပ်ငန်းတွေ ထူးထူးခြားခြား တက်တက်ကြွကြွ ဆောင်ရွက်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့လုပ်အားတွေကိုလည်း ထည့်သွင်းအသုံးချသင့်တယ်လို့ အဲလို ယူဆပါတယ်။ အဲဒါတွေပါ ကျနော်တို့ မနေ့က ထည့်သွင်းစဉ်းစားကြပါတယ်။ ပဏာမ လျာထားချက် အဆင့်ကတော့ အောင်အောင်မြင်မြင် ပြီးသွားပါပြီ။ အသေးစိတ်ထပ်မံစိစစ်ပြီး လူကြီးတွေ အတည်ပြုချက် ရယူပြီး ကြေညာချက်ထုတ်ပြန်မှာပါ” ဟု ၎င်းက ပြောဆိုသည်။
ယမန်နေ့အစည်းဝေးတွင် အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးက သဘာပတိအဖြစ် ဦးဆောင်ဆွေးနွေးခဲ့ကြောင်း၊ ဗဟိုဦးစီးအဖွဲ့ကို ပါတီဖွဲ့စည်းပုံလမ်းညွှန်တွင် ပါရှိသည့်အတိုင်း အဖွဲ့ဝင်ဦးရေ (၉၀) မှ (၁၂၀) အတွင်း လုပ်ငန်းအတွက် လိုအပ်သလို ပြင်ဆင် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ဗဟိုဦးစီးအဖွဲ့ ပြင်ဆင်ဖွဲ့စည်းရခြင်းမှာ ပါတီ၏ နိုင်ငံရေး၊ စည်းရုံးရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားရန် ဖြစ်ပြီး ဒီမိုကရေစီတည်ဆောက်ရေး လုပ်ငန်းများကိုလည်း ပြည်သူနှင့်အတူ လက်တွဲလုပ်ဆောင်သွားရန် ဖြစ်သည်ဟု ဦးအုန်းကြိုင်က ရှင်းလင်းပြောဆိုသည်။
၎င်းက “ရွေးကောက်ပွဲကာလကိုတော့ ကျနော်တို့လည်း ဖြတ်သန်းရမှာပါ။ ရွေးကောက်ပွဲကလည်း ဒီမိုကရေစီသွားရင်တော့ ဘယ်နိုင်ငံမှာမဆို ရွေးကောက်ပွဲဆိုတာ ဖြတ်သန်းရမှာပါ။ ကျနော်တို့ကတော့ ဒီမိုကရေစီ စည်းရုံးရေးလုပ်ငန်းတွေကို လုပ်မှာပါ။ ကျနော်တို့အဖွဲ့ချုပ်မှာ ခေါင်းဆောင်တွေကရော အခုထိ ရွေးကောက်ပွဲ ၀င်မယ် မ၀င်ဘူးဆိုတာ မစဉ်းစားသေးပါဘူး” ဟု ပြောသည်။
ထိုသို့စည်းရုံးရေးလုပ်ငန်း လုပ်ဆောင်ရာတွင် ဒီမိုကရေစီသဘောတရားများကို အသိပညာပေးသည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။
“ဆိုလိုတာက ဒီလုပ်ငန်းတွေ လုပ်ရင်းက ပြောရင်းက ရွေးကောက်ပွဲဆိုတာကို နားလည်ရမယ်၊ မဲဆန္ဒပေးမှုဆိုတာ ဘယ်လောက်အရေးပါတယ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေတခုဆိုတာ တိုင်းပြည်မှာ ဘယ်လောက်အရေးပါတယ်၊
ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ တိုင်းပြည်ကို တည်ဆောက်တဲ့နေရာမှာ ဘယ်လိုရည်မှန်းချက်တွေ ထားသင့်တယ် ဆိုတာမျိုးတွေ ကျနော်တို့ ပြောကြရမှာပါ” ဟု ဦးအုန်းကြိုင်က ပြောသည်။
အန်အယ်လ်ဒီသည် ရွှေဂုံတိုင်ကြေညာချက်အတိုင်း ရပ်တည်ကာ ဒီမိုကရေစီတည်ဆောက်ရန် ကြိုးပမ်းနေခြင်းဖြစ်ပြီး ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းများကို လုပ်နိုင်၊ စဉ်းစားနိုင်သည့် အခြေအနေရောက်အောင် စည်းရုံးသိမ်းသွင်းဆောင်ရွက်သွားမည်ဟု သိရသည်။
နအဖစစ်အစိုးရကမူ ယခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်ပေးမည်ဟု ကြေညာထားသော်လည်း ရွေးကောက်ပွဲပြုလုပ်မည့် ရက်အတိအကျကို ထုတ်ဖော်ပြောဆိုခြင်း မရှိသေးသကဲ့သို့ ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ ပါတီများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများကိုလည်း ကြေညာခြင်းမရှိသေးပေ။

Geen opmerkingen: