မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 25 februari 2010

သံဃာတော်များအပေါ် ပိုမိုတင်းကျပ်ရန် ပြင်ဆင်နေ

Thursday, 25 February 2010 16:11 ဝေမိုး
.စစ်အစိုးရနှင့် နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့က ပြည်တွင်း သံဃာတော်များ၏ လှုပ်ရှားမှုများကို ပိုမို ကန့်သတ် ချုပ်ချယ် နိုင်ရန်အတွက် စည်းမျဉ်းစည်းကမ်း အသစ်များ ထုတ်ပြန်ရန် ပြင်ဆင်နေကြောင်း သိရသည်။
  ရန်ကုန်မြို့ရှိ နံနက်ပိုင်း ဆွမ်းခံကြွရန် စီတန်းနေသော သံဃာတော်များကို တွေ့ရစဉ် (ဓာတ်ပုံ - AP)
နိုင်ငံတော် သံဃမဟာ နာယက အဖွဲ့ ဥက္ကဋ္ဌ အရှင် ကုမာရာက သာသနာရေး တိုးတက် ကောင်းမွန် လာစေရန် အတွက် စည်းမျဉ်း စည်းကမ်း အသစ်များ ထုတ်ပြန်ရေး ကိစ္စနှင့် ပတ်သက်၍ ကျောင်းထိုင် ဆရာတော်ကြီးများ အားလုံးနှင့် အစည်းအဝေး ပြုလုပ်ရန် စီစဉ်ထား သည်ဟု ပြောကြောင်း တနင်္ဂနွေ နေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖေါ်ပြပါရှိသည်။
ယခုကဲ့သို့ စည်းမျဉ်း စည်းကမ်း အသစ်များ ထုတ်ပြန် ခြင်းသည် ပြည်တွင်း ပြည်ပ ဝေဖန်သူများက နိုင်ငံတော် သံဃမဟာ နာယကအဖွဲ့အား ထိုးနှက် တိုက်ခိုက်မှု များကြောင့် ညှိုးနွမ်း ခဲ့ရသော “ဗုဒ္ဓဘာသာကို ကာကွယ် စောင့်ရှောက်ရန်” အထောက် အကူ ဖြစ်စေ လိမ့်မည်ဟု အရှင် ကုမာရာက ဆိုသည်။
မြန်မာနိုင်ငံ တ၀န်းလုံးရှိ သံဃာတော်များသည် ၂၀၀၇ ခုနှစ် ရွှေဝါရောင် တော်လှန်ရေး ဆန္ဒပြပွဲများ အပြီးမှစ၍ အာဏာပိုင်များ၏ တင်းကျပ်စိစစ်ခြင်းကို ခံနေကြရသည်။
နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနှင့် ထေရ၀ါဒ ဗုဒ္ဓဘာသာ အဓိက ဂိုဏ်းအားလုံးမှ ဆရာတော်ကြီးများနှင့် နိုင်ငံလုံး ဆိုင်ရာ အစည်းအဝေး ခေါ်ယူခြင်းသည် တမူထူးခြားကြောင်း၊ သံဃာတော်များ၏ လှုပ်ရှားမှုများအား နိုင်ငံရေးနှင့် ဆက်နွယ် သည်ဟု ယူဆ၍ အစိုးရက နောက်ထပ်တကြိမ် နှိမ်နင်းရန် ဖြစ်နိုင်ကြောင်း လေ့လာစောင့်ကြည့်သူများက ပြောဆိုကြသည်။
“ပုံမှန်အားဖြင့် ဆိုရင်တော့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အစည်းအဝေးနဲ့ ဂိုဏ်းပေါင်းစုံက ဆရာတော်ကြီးတွေရဲ့ အစည်း အဝေးက သီးခြား ခွဲလုပ်တာပါ။ အခုလိုမျိုး ဂိုဏ်း ၉ ဂိုဏ်းက ဘုန်းတော်ကြီးတွေပါ တပေါင်းတည်း အစည်းအဝေးထိုင်မယ်ဆိုတာ က နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အနေနဲ့ တခုခုလုပ်ဖို့ စီစဉ်နေတဲ့ သဘောဖြစ်တယ်”ဟု ပြည်ပ၌ သတင်းသုံးနေသည့် သံဃာတော် အရှင် အစ္စရိယ က ပြောကြားလိုက်သည်။
အရှင် အစ္စရိယသည် ရန်ကုန်မြို့ နိုင်ငံတော် ပရိယတ္တိ သာသနာ့ တက္ကသိုလ်၌ ပညာသင်ဆုရသည့် စာသင်သား သံဃာတော်တပါး ဖြစ်သည်။
သံဃာတော်များအပေါ် ပိုမိုတင်းကျပ်သော စည်းမျဉ်းစည်းကမ်းများ ချမှတ်ရေး၌ စစ်အစိုးရက ကြိုးကိုင်နေသည်မှာ သိသာထင်ရှား ကြောင်းလည်း လေ့လာစောင့်ကြည့်သူများက ပြောသည်။
“နိုင်ငံတော် သံဃမဟာနာယက အဖွဲ့က သိက္ခာတော်ရ ဆရာတော်ကြီးတွေ ဦးဆောင်တယ်ဆိုပေမယ့် သာသနာရေး ၀န်ကြီးဌာန က ထိန်းချုပ်ထားတာ”ဟု လက်ရှိ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု ထိုင်းနိုင်ငံဌာနခွဲမှ အရှင် ဇ၀န က ပြောသည်။
၎င်းက ဆက်လက်ပြီး“၀န်ကြီးဌာနက ခွင့်ပြုချက်မရဘဲ သံဃမဟာနာယက က ဘာမှ လုပ်လို့ရတာ မဟုတ်ဘူး။ အဆိုးဆုံးကတော့ သံဃမဟာနာယက က သံဃာတော်တွေကို သင်္ကန်းချွတ်ဖို့နဲ့ ထောင်ချဖို့ အတွက် စစ်အစိုးရကို ခွင့်ပြုခဲ့တာပဲ”ဟု ပြောသည်။
အရှင် ဇ၀နသည် စစ်အစိုးရကို ဆန့်ကျင်သည့်အတွက် ၁၉၉၃ ခုနှစ်၌ သင်္ကန်းချွတ်ခံရပြီး ထောင်ဒဏ် ၁၆ နှစ် အကျဉ်းချခံခဲ့ရ သော သံဃာတပါးဖြစ်သည်။
အရှင် ဇ၀န သည် ၂၀၀၉ ခုနှစ် စက်တင်ဘာလ၌ အကျဉ်းထောင်မှ လွတ်မြောက်လာခဲ့ပြီးနောက် သာသနာ့ဘောင် ပြန်ဝင်ရန် ကြိုးစားခဲ့ကြောင်း၊ သို့ရာတွင် နိုင်ငံရေးကိစ္စနှင့် ထောင်ကျဖူးသဖြင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ခွင့်မပြုခဲ့ကြောင်း၊ ယမန်နှစ် နှောင်းပိုင်း၌ ထိုင်းနိုင်ငံသို့ ရောက်ရှိပြီးမှသာ သာသနာ့ဘောင်သို့ ပြန်လည်ဝင်ရောက်နိုင်ခဲ့ကြောင်း သိရသည်။
စစ်အစိုးရအား ဆန့်ကျင်သူများဟု သတ်မှတ်ခြင်းခံရသော သံဃာတော်များကို တစိပ်တပိုင်းမှ ကြိုးကိုင်နိုင်ရန်အတွက် ၂၀၀၈ ခုနှစ်တွင် သံဃာမှတ်ပုံတင် အသစ်များ ထုတ်ပေးခဲ့ကြောင်း၊ ထိုသို့ ထုတ်ပေးခဲ့သဖြင့် လှုပ်ရှားမှုများကို ပိုမိုလွယ်ကူစွာဖြင့် အာဏာပိုင်များက ခြေရာခံနိုင်ကြောင်း သံဃာတော်များက ဆိုသည်။
“မှတ်ပုံတင်အသစ်မှာ သံဃာတော်တွေကို ပြည်နယ်နဲ့ တိုင်းအလိုက် အရောင်ခွဲပြီး ထုတ်ပေးတာ”ဟု ၂၀၀၇ လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သည့် အကျဉ်းစံ အရှင် ဂမ္ဘီရ နှင့် ရင်းနှီးသည့် အရှင် ကေသရိယ က ပြောသည်။
သံဃာတော်များသည် စစ်အစိုးရ၏ ဖိနှိပ်မှု တခုတည်းကိုသာ ခံနေရသည် မဟုတ်ဟု ၂၀၀၇ ခုနှစ် စက်တင်ဘာ ဆန္ဒပြပွဲ များ အတွင်း ပါဝင်ခဲ့သည့် တခြားသော သံဃာတော်များကလည်း ပြောသည်။
ပြည်တွင်းရှိ နိုင်ငံရေးနှင့် ဆက်နွယ်နေသော သံဃာတော်များသည် မိသားစုများ စိုးရိမ်ပူပန်မှုနှင့် ကျောင်းထိုင်းဆရာတော်များ၏ တင်းကျပ်မှုကို ခံနေကြရကြောင်းလည်း သိရသည်။
“အခုဆိုရင် သူတို့မိဘတွေက သူတို့ သံဃာ့လှုပ်ရှားမှုထဲမှာ ပါချင်တယ်ဆိုရင် ရဟန်းဘောင်က ထွက်ဖို့ ပြောနေကြတယ်”ဟု ၂၀၀၇ ဆန္ဒပြပွဲများအား ဦးဆောင်ခဲ့သော သံဃာတပါးဖြစ်သည့် အရှင် နေမိန္ဒ က ပြောသည်။
“ကျောင်းထိုင်ဆရာတော်တွေကလည်း ရဟန်းငယ်တွေကို လှုပ်ရှားမှုထဲမှာ ထဲထဲဝင်ဝင် ပါချင်တယ်ဆိုရင် ကျောင်းက ထွက်သွားဖို့ ပြောနေကြတယ်”ဟု ၎င်းက ဆက်ပြောသည်။

Geen opmerkingen: