မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 26 februari 2010

မြန်မာ့ကာတွန်းလောက ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရ

စိုးမိုး/၂၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာစာပေနယ်ပယ်မှ ကာတွန်းဆရာများသည် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရကြောင်း ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက စာတမ်းကို ယနေ့ ဖတ်ကြားတင်သွင်းသည်။
မြန်မာသတင်းသမဂ္ဂက ကြီးမှူးကျင်းပသည့် (၇) ကြိမ်မြောက် မြန်မာသတင်းသမဂ္ဂ မီဒီယာညီလာခံတွင် စာပေ၊ ကာတွန်းနှင့် ကဗျာ အကြောင်း စာတမ်း (၃) စောင်ဖတ်ကြားတင်သွင်းရာ၌ ပါဝင် ဖတ်ကြားခြင်း ဖြစ်သည်။
မြန်မာ ကာတွန်းဆရာများအနေဖြင့် အစိုးရ၏ ဆင်ဆာရှစ်၊ သက်ဆိုင်ရာ မဂ္ဂဇင်းတိုက် အယ်ဒီတာများ၏ ဆင်ဆာတည်းဖြတ်မှု အပြင် နောက်ဆုံး ထိုသို့ တင်းကျပ်လာသည့် ဆင်ဆာရှစ် (၂) ခုကို ကျော်လွန်ရန်အတွက် ကိုယ်တိုင် ဆင်ဆာတည်းဖြတ်မှုများ ရှိလာရခြင်းကြောင့် ကာတွန်းဆရာ တယောက်အနေဖြင့် ဆင်ဆာရှစ် (၃) ခုကို ဖြတ်သန်းနေရသည်ဟု ဆရာ ရဲခေါင် မဲမောင်က ပြောကြားသည်။
“ကိုယ်ပိုင် ဆင်ဆာဖြတ်လာရတဲ့အခါ ကာတွန်းဆရာတယောက်က အိုင်ဒီယာ တခုရလာရင် ငါ ဒါကိုဆွဲရင် ဆင်ဆာနဲ့ လွတ်ပါ့မလား၊ မလွတ်နိုင်ဘူးလား၊ အဲလို စဉ်းစားလာပါတယ်။ ပြီးတော့မှ ဆင်ဆာလွတ်မယ့် ပုံတပုံကို ဆွဲလိုက်ရတာပေါ့ဗျာ။ အဲဒါမျိုးလေးတွေ ရှိပါတယ်” ဟု ၎င်းက ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာကာတွန်းပညာရှင် အားလုံး၏ (၇၀) ရာခိုင်နှုန်းမှာ ဘွဲ့ရပညာတတ်များဖြစ်ပြီး အချို့မှာ နိုင်ငံတကာမှ ဘွဲ့ရ ပညာတတ်များ ဖြစ်ကြောင်း၊ အများစုမှာ ကာတွန်း ပညာသင်ကျောင်းများမှ ဆင်းလာခြင်းမဟုတ်ဘဲ နီးစပ်ရာ ဆရာများထံမှ သင်ယူလာကြသူများဖြစ်ကြောင်း စာတမ်းတွင် ပါရှိသည်။
ပြည်တွင်းမှ မြန်မာကာတွန်းဆရာ အများစုမှာ တလ၀င်ငွေ ကျပ် (၄) သောင်းခန့်သာ အမြင့်ဆုံးရရှိကြောင်း၊ အများစုမှာ ရန်ကုန်ဆင်ခြေဖုန်း မြို့နယ်တို့တွင် နေထိုင်ကြရပြီး ငွေကြေး ချို့တဲ့သူများဖြစ်ကြောင်း စာတမ်းရှင်က တင်ပြသွားသည်။
ယနေ့ မြန်မာ့မီဒီယာ ညီလာခံ နောက်ဆုံးနေ့တွင် ရသစာပေနှင့် ပတ်သက်ပြီး ဆရာ ရဲခေါင်မဲမောင်က အာဏာရှင်အောက်က မြန်မာ့ကာတွန်းလောက၊ ဆရာ ဦးစိုးနေလင်းက စာနယ်ဇင်းသမားမှာ လုပ်ချင်၏၊ အမှန်တရားကို ဆုပ်ကိုင်ရဲဝံ့ မရဲဝံ့၊ ဆရာ ဦးငြိမ်းဝေက ရာစုနှစ်ဝက်အတွင်း မြန်မာကဗျာ နာကျင်မှု စသည့်စာတမ်းများကို ဖတ်ကြားတင်သွင်းသွားကြသည်။





Geen opmerkingen: