မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 24 februari 2010

ရခိုင်ပြည်နယ်မှာ ပထမဆုံး မျက်မမြင်ကျောင်း ဖွင့်လှစ်

ခိုင်စု
ဗုဒ္ဓဟူးနေ့၊ ဖေဖေါ်ဝါရီလ ၂၄ ရက် ၂၀၁၀ ခုနှစ် ၁၈ နာရီ ၀၀ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ်တွင် ပထမဆုံး ပေါ်ပေါက်လာသည့် မေတ္တာဝတီ အမည်ရှိ အခမဲ့ မျက်မမြင် ပညာသင်ကျောင်း တကျောင်းကို မကြာသေးခင်က စစ်တွေမြို့၌ ဖွင့်လှစ်ခဲ့ကြောင်း စုံစမ်း သိရှိရသည်။
စစ်တွေမြို့ မဟာကုသလ ဘုန်းကြီးကျောင်း၌ ပြီးခဲ့သည့်နှစ် ဒီဇင်ဘာမှ စတင်၍ ကိုယ်ထူကိုယ်ထ ဖွင့်လှစ်ခဲ့ပြီး၊ လက်ရှိတွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ မျက်မမြင် ကျောင်းသား ၅ ဦးက မျက်မမြင်စာပေကို သင်ကြားနေခြင်း ဖြစ်သည်။
''၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလထဲမှာ ကျောင်းကို စဖွင့်တာပါ။ အခု ကျောင်းသားပေါင်းက ၅ ယောက်ပဲ ရှိပါသေးတယ်'' ဟု မေတ္တာဝတီကျောင်း ကျောင်းအုပ်ဖြစ်သူ ကိုကျော်ကျော်ဝင်းက မဇ္ဈိမကို ပြောသည်။
မေတ္တာဝတီကျောင်းကို ရန်ကုန် ဒဂုံတက္ကသိုလ် ဥပဒေ ပထမနှစ်အထိ တက်ရောက်ခဲ့ကာ ကိုယ်တိုင်လည်း မျက်မမြင်ဖြစ်သူ ကိုကျော်ကျော်ဝင်း (ကျောက်တော်မြို့နယ်) အကြံပြုချက်ဖြင့် စစ်တွေမှ သံဃာတော်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ လူမှုရေးလုပ်ငန်း ဝါသနာရှင်များက မဟာကုသလ ဘုန်းကြီးကျောင်း၌ ကျောင်းထိုင် ဆရာတော်၏ ခွင့်ပြုချက်ဖြင့် စုပေါင်းရန်ပုံငွေများဖြင့် ဝါးထရံကာ ကျောင်းဆောင် တည်ဆောက်ခဲ့သည်။
“ကျနော်ငယ်ငယ်က မျက်စိမြင်တယ်။ ၆ တန်းရောက်မှ မျက်စိကွယ်သွားတာ။ အဲဒါနဲ့ ရန်ကုန် ခဝဲခြံ မျက်မမြင် ကျောင်းမှာ မျက်မမြင်စာ သင်ပြီး ကျောင်းတက်တယ်။ ၁ဝ တန်းကို ၂ဝဝ၈ မှာ အောင်တယ်။ ဒဂုံတက္ကသိုလ်မှာ ဥပဒေ ပထမနှစ် တက်နေတုန်း ကျနော် ရခိုင်ကို ပြန်လာပြီး ဒီလိုကျောင်း ဖွင့်နိုင်ဖို့ သူငယ်ချင်း ကိုယ်တော် ဥာဏကို တိုင်ပင်ရာက အကောင်အထည် ပေါ်လာတာပါ” ဟု မေတ္တာဝတီ ကျောင်းအုပ်လည်းဖြစ်သူ ကိုကျော်ကျော်ဝင်းက ပြောသည်။
အမြင်အာရုံ ဆုံးရှုံးသူများအနေဖြင့် မိမိဖြစ်လိုသည်ကို ဖြစ်ခွင့်မရ၊ သွားလိုသည်ကို သွားခွင့်မရခြင်း မျက်စိကွယ်နေသည့်အတွက် သာမန်လူများထံ၌ အနှိမ်ခံရခြင်းတို့အပြင် နောက်ဆက်တွဲ ဆုံးရှုံးမှုများစွာ ကြုံတွေ့ရလေ့ရှိကြောင်း သူက ဆက်ပြောသည်။
မေတ္တာဝတီ မျက်မမြင် ပညာသင်ကျောင်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များမှာ “မျက်မမြင်တိုင်း မျက်မမြင်စာ (Braille) တတ်မြောက်ရမည်။ မျက်မမြင်တိုင်း ကိုယ်စိတ်ကျန်းမာကြံ့ခိုင်ပြီး ထက်မြက်ရမည်။ မျက်မမြင်တိုင်း ကာယာစွမ်းအား၊ ဥာဏစွမ်းအား ဖော်ထုတ်မြှင့်တင်ပေးရမည်” ဖြစ်ကြောင်း သိရသည်။
မျက်မမြင်ကလေးများအတွက် စားဝတ်နေရေး အားလုံးကို တာဝန်ယူပြီး မျက်မမြင်လက်စမ်း စူးဖောက်စာပေ (Braille) ၊ အစိုးရအတန်းပညာ (သူငယ်တန်းမှ တက္ကသိုလ်ဝင်တန်းအထိ)၊ ဗေဒင်ပညာ (နက္ခတ်၊ တားရော့စ်)၊ ဂီတ၊ လက်မှုပညာ၊ လက်နှိပ်အကြောပြင်ပညာ (မြန်မာ၊ ဂျပန်) တို့ကို သင်ကြားပြသရန် မျှော်မှန်းထားသည်။
စေတနာ့ ဝန်ထမ်း ကိုကျော်ကျော်ဝင်းနှင့် ဇနီးသည် နော်ဖောရေထူးတို့က ၉ နှစ်မှ ၁၈ နှစ်အကြားရှိ ကျောင်းအိပ်ကျောင်းစား ကလေးငယ် ၅ ဦးကို စူးဖောက်စာပေအပြင် အခြေခံ မြန်မာနှင့် အင်္ဂလိပ်စာများကို လတ်တလော သင်ကြားပေးနေပြီး၊ ၆ နှစ်မှ ၂ဝ နှစ်အထိ ကျောင်းသားများကို လက်ခံသွားမည်ဖြစ်သည်။
ထို့ပြင် ကျောင်းသားများကို တဦးလျှင် ပညာသင်နှစ် ၂ နှစ်အထိ သတ်မှတ်ထားကာ၊ သင်တန်းဆရာ နှစ်ဦး ထပ်မံရောက်ရှိလာဦးမည်ဟု သိရသည်။
မျက်မမြင် ကလေးငယ်များ၏ မိဘအများစုမှာ ၎င်းတို့၏ ကလေးငယ်များ ပညာသင်ကြားရေးအတွက် ယုံကြည်မှု အားနည်းနေသေးကြောင်း ကျောင်းတာဝန်ရှိသူများက ဆိုသည်။
အကျိုးတော်ဆောင် ကော်မတီမှ တွဲဘက်ဘဏ္ဍာရေးမှူး ကိုမောင်စောသိန်းက “ကျနော်တို့ဆီ ကျောင်းဖွင့်စက အကြောင်းကြားထားတာ အယောက် ၂ဝ လောက် ရှိတယ်။ ဒါပေမဲ့ မိဘတွေက မျက်မမြင်တွေကို စာသင်ရင် စာတတ်နိုင်တယ်ဆိုတာကို မယုံကြဘူး။ အဲဒါကြောင့် စိတ်ဝင်စားမှု နည်းပြီး လာမပို့ကြဘူး။ တချို့ကျတော့ သားသမီးကို မခွဲနိုင်လို့ မပို့ကြဘူး။ ကျနော်တို့ လိုက်တောင်ခေါ်တယ်။ မိဘတွေက ပို့ပေးမယ်ပြောပြီး မပို့ကြဘူး” ဟု ပြောသည်။
နိုင်ငံတဝှမ်း မျက်မမြင်ကျောင်း ၇-၈ ကျောင်းခန့်ရှိပြီး အစိုးရကျောင်းများသို့ ကူးပြောင်းသွားသူ အများအပြားအပြင် တက္ကသိုလ်ဝင်တန်းသို့ ဝင်ရောက်နိုင်သူပေါင်း ၃၄ ဦးအထိ ရှိထားကြောင်း သိရသည်။
အစိုးရအတန်းကျောင်းများသို့ ရောက်ရှိသွားသည့် မျက်မမြင်တဦး စာမေးပွဲဖြေဆိုပါက ၎င်းထက် အတန်းတတန်း လျော့နည်းသူ မျက်မြင်ဖြစ်သူက ၎င်းပြောဆိုချက်ကို စာဖြင့် လိုက်လံရေးသားပေးကာ ဖြေဆိုရခြင်း ဖြစ်ကြောင်း ၁၉၇၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည့် ရန်ကုန်တိုင်း အင်းစိန်မြို့ ခဝဲခြံရှိ မြန်မာနိုင်ငံ ခရစ်ယာန် မျက်မမြင်များ မိတ်သဟာယ ကျောင်းထံမှ သိရသည်။

Geen opmerkingen: