မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 19 februari 2010

ရန်ကုန်ကျောင်းတချို့ ဦးတေဇတို့ ရမည်

Friday, 19 February 2010 14:40 နရီ
.မကြာမီ ခွင့်ပြုတော့မည့် ပုဂ္ဂလိကကျောင်း တည်ထောင်ရေး လုပ်ငန်းများတွင် စစ်အစိုးရနှင့် နီးစပ်သည့် ဦးတေဇ၊ ဦးဇော်ဇော် စသည့် လုပ်ငန်း ရှင်ကြီးများ အခွင့်အရေး ရကြမည် ဖြစ်ကြောင်း သိရသည်။
ပုဂ္ဂလိကပိုင် ပြုလုပ်မည်ဟု သတင်းထွက်နေသည့် ရန်ကုန်မြို့မှ ဒဂုံမြို့နယ် အမှတ် - ၁ အထက ကျောင်း (ဓာတ်ပုံ - yelwinoo.com)
ရန်ကုန်မှ နာမည်ကြီး ကျောင်းများ ဖြစ်ကြသည့် ဒဂုံ ၁၊ လသာ ၁၊ အင်းစိန် ၂ စသည့် အခြေခံပညာ အထက်တန်းကျောင်း (အထက) များကို ပုဂ္ဂလိကပိုင် ပြုလုပ်ပြီး ထိုလုပ်ငန်း ရှင်များက လုပ်ကိုင် ကြမည်ဟု ပညာရေး အသိုင်း အ၀န်း သတင်း ရပ်ကွက်မှ ကြားသိရသည်။
ကျောင်းသား ရာပေါင်းများစွာ တပြိုင်နက် ပညာသင် ယူနိုင်သည့် ထိုကျောင်းများကို ရရှိမည့် လုပ်ငန်းရှင်သည် ကျောင်းနေရာ ရှာဖွေခြင်း၊ ကျောင်း အဆောက် အအုံ တည်ဆောက် ခြင်းတို့ကို လုပ်ဆောင်ရန် မလိုတော့ပေ။
နာမည်ကျော် ထူးကုမ္ပဏီပိုင်ရှင် ဦးတေဇ နှင့် လုပ်ငန်းရှင်ကြီးများ လုပ်ပိုင်ခွင့် ရကြမည့် ထိုကျောင်းများမှာ ကိုလိုနီခေတ် သာသနာပြု ကျောင်းများကို နိုင်ငံပိုင် ကျောင်းများအဖြစ် အသွင် ပြောင်းထားခြင်း ဖြစ်သည်။
စစ်အစိုးရက နိုင်ငံပိုင် အဆောက်အဦးများအား ပုဂ္ဂလိကသို့ ရောင်းချမည်ဟု ကြေညာပြီး နောက်ပိုင်း စာသင်ကျောင်းတချို့ ပုဂ္ဂလိက လက်သို့ ရောက်ရှိမည့် သတင်း ထွက်ပေါ်လာခြင်းဖြစ်သည်။
ပုဂ္ဂလိက ကျောင်းများ ဖွင့်ခွင့်ပေးမည် ဆိုပါက မြန်မာပြည် ပညာရေးသည် တနေရာတည်းမှ ချုပ်ကိုင်ထားသည့် ပညာရေး မဟုတ်တော့ဘဲ လွတ်လပ်ခွင့်ရှိသည့် ပညာရေးဖြစ်လာနိုင်သည် ဟု ပညာရေး သုတေသီတဦးဖြစ်သူ ဒေါက်တာသိန်းလွင်က ပြောသည်။
“စီးပွားရေး လုပ်ငန်းရှင်တွေက အမြတ်ရှာဖို့ မဟုတ်ဘဲ လူငယ်တွေ အားလုံး ပါဝင်နိုင်တဲ့ ပညာရေးမျိုး ဖြစ်ဖို့ စဉ်းစားသင့်တယ်။ တာဝန်ရှိသူတွေကလည်း ကျောင်းသားတွေ အားလုံး အတွက် ပါဝင်နိုင်မယ့် ပညာရေးမျိုး ဖြစ်ဖို့ အဓိကထား လုပ်ပေးသင့်တယ်” ဟု ချင်းမိုင်မြို့တွင် ပညာရေးလုပ်ငန်းများ လုပ်ကိုင်သူ ဒေါက်တာသိန်းလွင်က ရှင်းပြသည်။
ပုဂ္ဂလိကကျောင်း ပညာရေးတွင် ၀င်ရောက်လုပ်ကိုင်ရန် ကျူရှင်နှင့် ဘော်ဒါဆောင်လုပ်ငန်း လုပ်ကိုင်တချို့ကလည်း ပြင်ဆင်နေကြသည်။
ပုဂ္ဂလိက ကျောင်းများတွင် အစိုးရက ပြဌာန်းလာမည့် စံနှုန်းအတိုင်း သင်ကြားနိုင်ရန် ဆရာများကို သင်တန်းများ စီစဉ်နေပြီဟု ရန်ကုန်မြို့တွင် ပညာရေး ၀န်ဆောင်မှု ပေးနေသူတဦးက ဧရာဝတီကို ပြောသည်။
“ဆရာဆရာမတွေကို PhD ၊ MA ဘွဲ့ရတွေ ခေါ်တဲ့အတွက် လစာပေးရတာ ပုံမှန်ထက် ပိုများသွားတယ်။ ဒီတော့ ကျနော်တို့ ဘက်ကလည်း ကျောင်းလခတွေ တိုးသတ်မှတ်တယ်။ စစ်အစိုးရ အနေနဲ့ ကလည်း ဒါကို ဘက်ညီဖို့ ဆိုပြီး အစိုးရပိုင်ကျောင်းက ဆရာ၊ ဆရာမတွေကိုပါ လစာတွေ တိုးပေးတော့ မယ်ဆိုပြီး ပြောနေတယ်” ဟု ၎င်းက ဆက်လက် ပြောပြသည်။
ပုဂ္ဂလိက ကျောင်းများတွင် သင်ရိုးညွှန်းတမ်း၊ ကျောင်းဝတ်စုံတို့မှာ အစိုးရကျောင်းများနည်းတူ ဖြစ်ရမည်ဟု သတ်မှတ်ထားကြောင်း ရန်ကုန်အခြေစိုက် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားသည်။
စာမေးပွဲ စစ်ဆေးရာတွင် ဒသမတန်း တခုတည်းသာ အစိုးရကျောင်းများ နည်းတူ စစ်ဆေးသွားမည်ဟု သိရသည်။
လွန်ခဲ့သည့် ၁၅ နှစ်ခန့်က စတင်ပြီး အခြေခံပညာ အထက်တန်း ကျောင်းသားများသည် ကျူရှင်များကို ပိုမို အားကိုးလာကြသည်။ ၂၀၀၇ နောက်ပိုင်းတွင် ငွေကြေး တတ်နိုင်သူတို့က ၎င်းတို့၏ သားသမီးများကို ဘော်ဒါဆောင်၊ အထူးစာသင်ဝိုင်း များသို့ အပ်နှံသင်ယူစေသည့် စနစ် ရန်ကုန်မြို့တွင် သာမက နယ်မြို့များတွင်လည်း ကျယ်ပြန့်လာသည်။
မြန်မာပြည် ပညာရေးအခြေအနေသည် တနှစ်ထက် တနှစ် ပိုမို နိမ့်ကျလာသည်ဟု မန္တလေးတက္ကသိုလ်မှ PH.D ဘွဲ့ရ ဆရာတဦးက ပြောသည်။
“စစ်အာဏာပိုင် အဆက်ဆက်က ပညာရေးကို လျစ်လျူရှုထားတာတွေ၊ အခြေခံ လူတန်းစားတွေ ပညာ သင်ကြားခွင့် မရတာတွေမှာ ကိုလိုနီခေတ်က ပညာရေးကို လက်တဆုပ်စာ လူတွေပဲ ဆည်းပူး လေ့လာခွင့် ရခဲ့သလို အဖြစ်နဲ့ ဆင်တူနေ ပါတယ်” ဟု ၎င်းက သုံးသပ်ပြသည်။

Geen opmerkingen: