Monday, 08 February 2010 15:49 ရှောင်ဆန့်
လာမည့် မတ်လတွင် ပြုလုပ်မည့် မြန်မာ့ ကျောက်မျက် ရတနာ ပြပွဲတွင် ကမ္ဘာ့ ဒုတိယ အကြီးဆုံး ဧရာမ ကျောက်စိမ်း အရိုင်းတုံးကြီးကို ပြသမည်ဟု ကြားသိရသည်။
အဆိုပါ ကျောက်စိမ်း ရိုင်းတုံးကို ယခင်နှစ်က တူးဖော်ရရှိခဲ့ခြင်းဖြစ်ပြီး ၁၀ နှစ်အတွင်း တူးဖော်ရရှိသည့် ကျောက်စိမ်းများအနက် ဒုတိယ အကြီးဆုံး ဖြစ်သည်။
ဖားကန့်ရှိ ကျောက်စိမ်းတွင်း တခုတွင် အလုပ်လုပ်နေသည့် အလုပ်သမားများကို တွေ့ရစဉ် (ဓာတ်ပုံ - Kachin Development Networking Group)
ကျောက်မျက် ရတနာ ပြပွဲကို မြန်မာ့ ကျောက်မျက် ရတနာ ကုန်သည်ကြီးများ အသင်းက ဦးစီး ပြုလုပ်မည် ဖြစ်ပြီး မြန်မာ တနိုင်ငံလုံးမှ ထွက်ရှိသော ကျောက်မျက် ရတနာမျာကို မတ်လဆန်းပိုင်းမှ စတင်၍ ၁၅ ရက်ကြာ ခင်းကျင်း ပြသသွားမည် ဖြစ်ကြောင်း သိရသည်။
“မတ်လ ၇ ရက်ကနေ ၁၅ ရက်အထိ ကျင်းပမှာပါ။ မြန်မာ တပြည်လုံးက ကျောက်မျက် ရတနာတွေ ပြသမှာပါ။ အခြေအနေ ကြည့်ပြီး ရက်တိုး ရင်လည်း တိုးလိမ့်မယ်” ဟု ၎င်းပြပွဲ တက်ရောက်မည့် ဦးတူးအောင်က ပြောသည်။
ဖားကန့်ဒေသမှ ကျောက်စိမ်းများသည် ယခုအခါ ထွက်ရှိမှုနှုန်း နည်းပါးလာခြင်း၊ ကျောက်တွင်းများကို အစိုးရနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်သည့် ကုမ္ပဏီများကသာ တူးဖော်ခွင့်ရရှိခြင်းများကြောင့် ပြည်သူများ အကျိုးခံစားခွင့် မရှိကြောင်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် အကြီးဆုံး ပတ္တမြား၊ အကြီးဆုံး နီလာတို့ ထွက်ရှိခဲ့သည်ဟု သိရပြီး ဖားကန့်သည် မြန်မာနိုင်ငံရှိ ထင်ရှားသော ရတနာမြေတခုဖြစ်သည်။
ကမ္ဘာ့အကြီှးဆုံး ကျောက်စိမ်းတုံးကြီးကို ၂၀၀၀ ပြည့်နှစ်တွင် ဖားကန့်ကျောက်စိမ်းတွင်းမှ တူးဖော်ရရှိခဲ့ပြီး တန်ချိန် ၃၀၀၀၊ အရှည် ၂၁ မီတာ၊ အကျယ် ၄. ၈ မီတာနှင့် အမြင့် ၁၀. ၅ မီတာ ရှိသည်။
တန်ချိန် ၁၁၅ တန်ရှိသည့် ဒုတိယ အကြီးဆုံး ကျောက်စိမ်းတုံးကြီးကို စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်ပိုင် မက်စ်မြန်မာ ကုမ္ပဏီက ယခင်နှစ်ကုန်ပိုင်းက ကချင်ပြည်နယ် ဖားကန့်ကျောက်တွင်းမှ တူးဖော်ရရှိခဲ့ပြီး ယခုအချိန်ထိ တန်ဖိုး သတ်မှတ်ရခြင်း မရှိသေးပေ။
ဦးဇော်ဇော်သည် မက်စ်မြန်မာ ကုမ္ပဏီအုပ်စု၏ မန်နေးဂျင်း ဒါရိုက်တာ ဖြစ်ပြီး ဟိုတယ်လုပ်ငန်း၊ စက်ယန္တရား တင်သွင်းခြင်း လုပ်ငန်း၊ မွန်ပြည်နယ်ရှိ ဘီးလင်းမြို့နယ်တွင် ရော်ဘာခြံ စိုက်ပျိုးခြင်း လုပ်ငန်းများ၊ မက်စ် ဘိလပ်မြေ (Max Cement) ထုတ်လုပ်ရေး စက်ရုံများ၊ ရန်ကုန် - ပဲခူး ကားလမ်းမပိုင်းတွင် လမ်းအခွန် ကောက်ခံရေး လုပ်ငန်း၊ မော်တော်ယာဉ်တင်သွင်းသည့် လုပ်ငန်း၊ နေပြည်တော် တည်ဆောက်ခြင်း လုပ်ငန်း၊ ဖားကန့်ကျောက်စိမ်း တူးဖော်ရေးလုပ်ငန်းများကိုလုပ်ကိုင်နေသူ ဖြစ်သည်။
၎င်းသည် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဌ ဖြစ်ပြီး ငွေကျပ်သိန်းပေါင်းများစွာ စိုက်ထုတ်၍ ဘောလုံးကလပ် အသင်း ၈ သင်းကို တည်ထောင်ပေးခဲ့ သူလည်းဖြစ်သည်။
စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်ကြီးများ ဖြစ်သည့် ဦးတေဇနှင့် ဦးဇော်ဇော် အပါအ၀င် စစ်ဘက်ဆိုင်ရာ အရာရှိကြီး ၁၆ ဦးတို့အား စွမ်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဘွဲ့ ဖြစ်သည့် သီရိပျံချီ ဘွဲ့တံဆိပ်ကိုစစ်အစိုးရ အမိန့်ကြော်ငြာစာ အမှတ် (၂/ ၂၀၁၀) အရ ပြီးခဲ့သည့် ၆၂ ကြိမ်မြောက် လွတ်လပ်ရေးနေ့က ချီးမြှင့်ခဲ့သည်။
အမေရိကန် သမ္မတ ဂျော့ဒဗလျူဘုရှ် အစိုးရက စစ်အစိုးရကို ငွေကြေး ရှာဖွေ ထောက်ပံ့နေသည့် ဒဂုံအင်တာနေရှင်နယ် ကုမ္ပဏီ အကြီးအကဲ ဦးဝင်းအောင်နှင့် ဦးဇော်ဇော်တို့ ၂ ဦးကို အရေးယူ ဒဏ်ခတ် ပိတ်ဆို့သည့် စာရင်းအတွင်းသို့ ၂၀၀၉ ဇန်နဝါရီလက ထည့်သွင်း ခဲ့သည်။
ယခုအခါ ဦးဇော်ဇော်၏ ကုမ္ပဏီက တူးဖော်ရရှိခဲ့သော ကမ္ဘာ့ ဒုတိယအကြီးဆုံး ကျောက်စိမ်းတုံးကြီးကို ဖားကန့်မှ ရန်ကုန်သို့ သယ်ဆောင်ရန် ပြင်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
Geen opmerkingen:
Een reactie posten