မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 17 februari 2010

နာဂစ်ဒုက္ခသည် (၅) သိန်းအတွက် အိုးအိမ်လိုအပ်ဆဲ

 ဝီရ/ ၁၇ ဖေဖော်ဝါရီ ၂ဝ၁ဝ

နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရာတွင် အိုးအိမ်လိုအပ်နေသူ လူဦးရေ (၅) သိန်းကျော် ကျန်ရှိနေသေးကြောင်း ရွှေ့ပြောင်းလုပ်သားများဆိုင်ရာ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်း (IOM) က ပြောကြားသည်။
“လာမယ့် မိုးရာသီကို ရင်ဆိုင်ကြဖို့ အကူအညီလိုအပ်နေတဲ့ အိုးအိမ်မဲ့ မိသားစုဝင်ပေါင်း (၁) သိန်းကျော်အထိ ရှိနေသေးတယ်။ ဒီ ၂၀၁၀ မေလမှာမှ အကူအညီအသစ်တွေ မရရင် ဧရာဝတီတိုင်းအခြေစိုက် ကျနော်တို့ ရုံး (၃) ရုံးကို ပိတ်ပစ်ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်ရနိုင်တယ်။ ပြီးတော့ ကျနော်တို့ရဲ့ အိုးအိမ်တည်ဆောက်ရေး အစီအစဉ်ကိုလည်း ရပ်ဆိုင်းရမှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ IOM အဖွဲ့တာဝန်ခံ မာရီကိုး တိုမီရာမ က ဖေဖော်ဝါရီ (၁၆) ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
အိုးအိမ်များ အရေးတကြီး လိုအပ်နေသော နာဂစ်ဒုက္ခသည် မိသားစုဝင်ပေါင်း (၅) သောင်းအတွက် အမေရိကန်ဒေါ်လာ (၁၇) သန်း ထပ်မံရရှိရန် IOM က အလှူရှင်အဖွဲ့အစည်းများထံ တင်ပြထားကြောင်း သိရသည်။
ကျန်ရှိနေသေးသော အိုးအိမ်များအတွက် အခြားအဖွဲ့အစည်းတို့က တည်ဆောက်ပေးနိုင်ရန် စီစဉ်နေကြောင်းလည်း မာရီကိုး တိုမီရာမ က ဆိုသည်။
IOM အဖွဲ့သည် နာဂစ်တိုက်ခတ်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းရှိ ဒုက္ခသည် (၄) သိန်းအတွက် အိုးအိမ်အပါအဝင် ကျန်းမာရေး၊ စိတ်ဓာတ်ရေးရာနှင့် လူမှုရေးရာ အထောက်အကူပြု လုပ်ငန်းများကို လုပ်ဆောင်ပေးခဲ့သည်။
IOM ၏ နာဂစ်မုန်တိုင်း ပြန်လည်တည်ဆောက်ရေးစီမံကိန်းကို ၂၀၀၈ ခုနှစ်၊ အောက်တိုဘာမှ စတင်ဆောင်ရွက်ခဲ့ပြီး ဂျပန်နိုင်ငံမှ ထောက်ပံ့ငွေဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခု မေလက တိုက်ခတ်သွားသည့် နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၁) သိန်း (၄) သောင်းအထိရှိခဲ့ပြီး အိုးအိမ်မဲ့သူ (၂) သန်းကျော်ရှိသည်။
(၁၈) လကျော် ကြာမြင့်လာသည့် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး အခြေအနေသည် အလုပ်အကိုင်ရှားပါးခြင်း၊ စီးပွားရေး ဖွံ့ဖြိုးမှု နှေးကွေးခြင်းတို့ကြောင့် ပကတိအနေအထားသို့ ပြန်လည်ရောက်ရှိရန် အကူအညီ အများအပြား လိုအပ်နေသေးကြောင်း သုံးပွင့်ဆိုင်ကူညီရေးအဖွဲ့၏ နောက်ဆုံးထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဘက်ပေါင်းစုံမှ အကူအညီ လိုအပ်နေဆဲ နာဂစ်ဒုက္ခသည်များအတွက် အလှူငွေ အမေရိကန်ဒေါ်လာ (၈၈) သန်း ရရှိခဲ့ရာ၌ အိုးအိမ်တည်ဆောက်ရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ (၂) သိန်း (၅) သောင်းသာ သုံးစွဲခဲ့ရကြောင်း သုံးပွင့်ဆိုင် ဗဟိုအဖွဲ့က ပြောကြားထားသည်။
ရရှိသည့် အလှူငွေအပေါ် မူတည်ပြီး နာဂစ်ဒဏ်သင့်သူများ လုံးဝ နာလန်ထူလာအောင် ပြန်လည်ထူထောင်ရေးလုပ်ငန်းအတွက် (၃) နှစ်မှ (၄) နှစ်ထိ ကြာမြင့်နိုင်သည်ဟု သုံးပွင့်ဆိုင်အဖွဲ့ လှုမှုရေးညှိနှိုင်းမှုတာဝန်ခံ ကုလကိုယ်စားလှယ် Mr. Bishow Parajuli က ခန့်မှန်းထားသည်။

Geen opmerkingen: