မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 16 februari 2010

စစ်အစိုးရက တိုင်းရင်းသားများကို ပိုမိုဖိနှိပ်လာကြောင်း လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်


ဝီရ/ ၁၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူနည်းစုအပေါ် စစ်အစိုးရက လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုများ ယခင်ကထက် ပိုမိုဆိုးဝါးစွာ ပြုလုပ်နေကြောင်း အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကြီးက ပြောကြားလိုက်သည်။
“စစ်အစိုးရက ဒီရွေးကောက်ပွဲကို အသုံးချပြီး လူ့အခွင့်အရေးနဲ့ပတ်သက်လို့ တိုးတက်မှုတွေ ပြရမယ့်အစား ဒါကို ခုတုံး အနေနဲ့သုံးပြီး အထူးသဖြင့် တိုင်းရင်းသား လူနည်းစုတွေအပေါ် ဖိနှိပ်မှုတွေ ဆက်လုပ်နေတယ်။ ဒီ (၂) နှစ်အတွင်းမှာ အခြေအနေ ပိုဆိုးလာနေတယ်” ဟု အဆိုပါအဖွဲ့မှ မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ မစ္စတာ ဘန်ဂျမင် ဇဝါကီက ပြောကြားခြင်း ဖြစ်သည်။
အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဖေဖော်ဝါရီ (၁၆) ရက် ထုတ်ပြန်သည့် “မြန်မာပြည်မှ လူနည်းစုများအပေါ် နှိပ်ကွပ်မှုများ” ဟူသည့် အစီရင်ခံစာနှင့်ပတ်သက်၍ ယင်းကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
စာမျက်နှာ (၆၅) မျက်နှာပါသော ထိုအစီရင်ခံစာတွင် ၂၀၀၇ ခုနှစ်မှစ၍ (၂) နှစ်အတွင်း ရခိုင်၊ ရှမ်း၊ ကချင်၊ ချင်း၊ ကရင်၊ ကရင်နီနှင့် မွန် စသည့် တိုင်းရင်းသားဒေသတို့မှ တက်ကြွလှုပ်ရှားသူများနှင့် အကြောင်းအမျိုးမျိုးကြောင့် မြန်မာစစ်အစိုးရ အာဏာပိုင်တို့၏ ဖိနှိပ်မှုခံခဲ့ရသူ (၇၀၀) ကျော်တို့ထံမှ အချက်အလက်များကို စုဆောင်းဖော်ပြထားသည်။
အဆိုပါ အစီရင်ခံစာတွင် ရွှေဝါရောင် တော်လှန်ရေးကာလ၊ ၂၀၀၈ လူထုဆန္ဒခံယူပွဲကာလနှင့် ၂၀၁၀ ခုနှစ်အတွင်း စစ်အစိုးရအား ဆန့်ကျင်ရေးလှုပ်ရှားသူများအား ဖမ်းဆီးသတ်ဖြတ်မှုအပါအ၀င် တိုက်ပွဲဖြစ်ပွားရာဒေသတို့တွင် နှိပ်စက်ညှဉ်းပန်းမှု၊ အပြစ်မဲ့သူ များအား အကြောင်းမဲ့သတ်ဖြတ်မှုနှင့် အမျိုးသမီးများအား အဓမ္မပြုကျင့်မှုများကို ရေးသားထားသည်။
မစ္စတာ ဘန်ဂျမင် ဇဝါကီက “မြန်မာနိုင်ငံက နိုင်ငံရေးဆန့်ကျင်မှုတွေမှာ တိုင်းရင်းသားတွေရဲ့ ပါဝင်မှုအခန်းကဏ္ဍဟာ နည်းပါးတယ်လို့ ပြောလို့ရပေမယ့် အလွန်အရေးပါပါတယ်။ ဒီလို တက်ကြွလှုပ်ရှားသူတွေကို ရွေးကောက်ပွဲမစခင် ကြောက်ရွံ့သွားအောင် စစ်အစိုးရက လူမဆန်တဲ့လုပ်ရပ်တွေနဲ့ တုံ့ပြန်ပြီး နှိပ်ကွပ်ခဲ့ပါတယ်” ဟုလည်း ပြောကြားသည်။
မြန်မာစစ်အစိုးရသည် လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ ရောက်ရှိနေချိန်တွင်ပင် တက်ကြွလှုပ်ရှားသူ (၄) ဦးကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၂) နှစ်စီ ချမှတ်ခဲ့သည်။
ထိုသူများမှာ အန်အယ်လ်ဒီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထိန်းသိမ်းခံနေရသည့်အတွက် ရွှေတိဂုံဘုရားတွင် အပတ်စဉ် အင်္ဂါနေ့တိုင်း သွားရောက် ၀တ်ပြုဆုတောင်းသည့်အဖွဲ့၌ ဦးဆောင်ပါဝင်လှုပ်ရှားခဲ့သူ ဒေါ်နော်အုန်းလှနှင့် အခြားအမျိုးသမီး (၃) ဦးတို့ဖြစ်သည်။
တိုင်းရင်းသား လူနည်းစုများအပေါ် တားမြစ်ထားသည့် လူမှုရေး၊ ဘာသာရေးဆိုင်ရာ လွတ်လပ်မှုများကို လာမည့် ရွေးကောက်ပွဲမတိုင်မီ ပယ်ဖျက်ပေးရန်၊ တဖက်သတ် ဖမ်းဆီးအကျဉ်းချထားသော နိုင်ငံရေးအကျဉ်းသမားအားလုံးကို လွှတ်ပေးရန်၊ ရွေးကောက်ပွဲဖြစ်စဉ်အတွင်း လွတ်လပ်သော မီဒီယာတို့အား သတင်းရယူခွင့်ပြုရန် အဆိုပါအဖွဲ့ကြီးက မြန်မာ စစ်အစိုးရကို တောင်းဆိုထားသည်။
မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး တိုးတက်ဖြစ်ထွန်းမှု အခြေအနေများကို လာရောက်လေ့လာနေသော ကုလ အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားသည် ယနေ့တွင် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိနေပြီး ထိုမှတဆင့် ရိုဟင်ဂျာ အများစုနေထိုင်ရာ မောင်တောနှင့် ဘူးသီးတောင်ဒေသသို့ သွားရောက်မည်ဖြစ်သည်။
ရခိုင်ပြည်နယ်သို့ လူ့အခွင့်အရေး ကိုယ်စားလှယ် သွားရောက်သည့်အပေါ် ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အထွေထွေ အတွင်းရေးမှူး ဦးအေးသာအောင်က ကြိုဆိုကြောင်း ပြောကြားသော်လည်း “ရခိုင်ပြည်မှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတာ ရိုဟင်ဂျာဒေသမှာ သက်သက်မဟုတ်ပါဘူး။ ရခိုင်လူမျိုးတွေအပါအဝင် တိုင်းရင်းသားမျိုးနွယ်စုတွေ အားလုံးဟာလည်း အခွင့်အရေးတွေ ဆုံးရှုံးနေကြရတာပဲ။ ဖြစ်နိုင်ရင် နေရာဒေသအနှံ့ကို သွားရောက်နိုင်မှ ဖြစ်စဉ်တွေကို သိမှာပေါ့။ တခြားဒေသခံတွေကလည်း လိုအပ်မှုတွေ အများကြီးရှိပါတယ်” ဟု ခေတ်ပြိုင်သို့ ပြောကြားသည်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုတို့သည် တပြည်လုံး လူဦးရေ၏ (၃၅ - ၄၀) ရာခိုင်နှုန်း ရှိသည်ဟု အစီရင်ခံစာတွင် ရေးသားထားသည်။

Geen opmerkingen: