မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 17 februari 2010

ဒုက္ခသည်များအရေး မြေမြှုပ်မိုင်းအဖွဲ့ သတိပေး

Wednesday, 17 February 2010 16:28 ဧရာဝတီ
မိုင်းထောင် ထားဖွယ် ရှိသော ဒေသသို့ ကရင် ဒုက္ခသည်များ ပြန်သွားရမည့် အရေးကို စိုးရိမ်မိကြောင်း နိုင်ငံတကာ မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှု အဖွဲ့ (International Campaign to Ban Landmines - ICBL) က တနင်္လာ နေ့တွင် ပြောဆို လိုက်သည်။
မဲဆောက်မြို့ မယ်တော် ဆေးခန်းတွင် ကုသမှု ခံယူနေသော မြေမြှုပ်မိုင်းဒဏ် ခံထားရသူများ (ဓာတ်ပုံ - nicoletung.wordpress.com)
“ကရင် ပြည်နယ်က မြို့နယ်တိုင်းမှာ မြေမြှုပ်မိုင်း ပြဿနာ အနည်းနဲ့ အများ ရှိပါတယ်၊ ဒါကြောင့် မိုင်းနဲ့ ပတ်သက်လို့ စစ်တမ်း စနစ်တကျ ကောက်ယူ ပြီးချိန် အထိ ဒုက္ခသည်တွေကို ပြန်မပို့ သင့်ပါဘူး” ဟု ICBL ၏ သုတေသီ တဦးဖြစ်သူ ရေရှုဝမိုစာပူအန်စူဝမ်က ဧရာဝတီကို ပြောသည်။
ထိုင်း တပ်မတော်က ထိုင်းနိုင်ငံ ထဆောင်ယန်း မြို့နယ်ရှိ စခန်း တခုတွင် ယာယီခိုလှုံ နေကြသော ဒုက္ခသည် ၃၀၀၀ ခန့်ကို ယခုလ ၁၅ ရက်နေ့ နောက်ဆုံး ထား၍ မြန်မာနိုင်ငံ ဘက်သို့ ပြန်ပို့ရန် စီစဉ်ခဲ့သည်။ သို့ရာတွင် လူ့အခွင့်အရေး အဖွဲ့များနှင့် နိုင်ငံတကာက ပြစ်တင် ဝေဖန် သဖြင့် ထိုအစီအစဉ်ကို ရွှေ့ဆိုင်း ထားသည်။
“ကရင် ဒုက္ခသည်တွေ မြေမြှုပ်မိုင်း နင်းမိပြီး ဒဏ်ရာ ရသွားနိုင်တယ်” ဟု မိုစာပူအန်စူဝမ်က ပြောဆိုသည်။
ဖေဖော်ဝါရီလ ၅ ရက်နေ့က ကရင်မိသားစု ၃ စုသည် နေရပ်ရင်း ကရင်ပြည်နယ် တောင်ပိုင်းရှိ လယ်ပယ်ဟဲ ကျေးရွာသို့ ပြန်ပို့ခံရသည်။ သို့သော်လည်း ရွာတွင် နေထိုင်ရသည်မှာ လုံခြုံမှု မရှိဟု ခံစားရသဖြင့် ထိုင်းနိုင်ငံ ဘက်သို့ ပြန်ရောက် လာသည်၊ မြေမြှုပ်မိုင်း အန္တရာယ်ကိုလည်း ကြောက်ရွံ့ကြောင်း ၎င်းတို့က ပြောဆိုကြသည်။
ယမန်နှစ် ဇွန်လက ကရင်ပြည်နယ်တွင် တိုက်ပွဲများ ဖြစ်ပွားစဉ် မြန်မာ့ တပ်မတော်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်ဖွဲ့ (DKBA) တို့၏ ပူးပေါင်း တပ်ဖွဲ့များက မြေမြှုပ်မိုင်း အများအပြား ထောင်ခဲ့ ကြကြောင်း၊ ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) ကလည်း မိုင်းထောင်ကြောင်း မြန်မာ-ထိုင်း နယ်စပ်ရှိ ကရင်သတင်း ရပ်ကွက်များက ပြောသည်။
ကရင် လူ့အခွင့် အရေးအဖွဲ့ (KHRG) ၏ အဆိုအရ ၂၀၀၉ ဇွန်လ မှ ယခုအချိန်ထိ မြေမြှုပ်မိုင်းကြောင့် အနည်းဆုံး လူ ၅ ဦး ထိခိုက် ဒဏ်ရာရ သို့မဟုတ် သေဆုံး ခဲ့ကြောင်း သိရသည်။ ထိုအထဲတွင် ၁၃ နှစ် အရွယ် ယောက်ျားလေး တဦး၊ ကိုယ်ဝန် အရင့်အမာနှင့် အမျိုး သမီးတဦး ပါဝင်သည်။
ကမ္ဘာတွင် လူသတ်မိုင်း ထုတ်လုပ် နေသော နိုင်ငံ အနည်းငယ်သာ ရှိရာ မြန်မာ နိုင်ငံလည်း ပါဝင်သည်။ ICBL ၏ ၁၉၉၇ မိုင်း တားဆီးရေး စာချုပ်ကို ၁၅၆ နိုင်ငံက သဘောတူ လက်မှတ် ထိုးထားသည်။ မြန်မာပြည်က သဘောတူခြင်း မရှိသေးပါ။
တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတို့ အကြား စစ်မက် ဖြစ်ပွားနေမှု များကြောင့် မြန်မာ ပြည်တွင် မိုင်းအန္တရာယ် ပိုမို ကြီးမား လာသည်။ နိုင်ငံရေး အခြေအနေ များကြောင့် မည်သည့် မိုင်းရှင်းလင်းရေး စီမံကိန်းမျှ အကောင် အထည် ဖော်၍ မရသေးကြောင်း ICBL ၏ အစီရင် ခံစာတွင် ထောက်ပြ ထားသည်။
ဆွစ်ဇာလန် နိုင်ငံ အခြေစိုက် ICBL သည် မြေမြှုပ်မိုင်း တားဆီးရေး လှုပ်ရှားမှု များကြောင့် ၁၉၉၇ တွင် နိုဗဲလ် ငြိမ်းချမ်းရေးဆု ရရှိခဲ့သည်။
ICBL ၏ မြေမြှုပ်မိုင်း အစီရင် ခံစာတွင် ၁၉၉၉ မှ ၂၀၀၈ ခုနှစ် အတွင်း မြန်မာနိုင်ငံ၌ မြေမြှုပ် မိုင်းဒဏ် ခံရသူ စုစုပေါင်း ၂၃၀၀ ဦး ရှိကြောင်း ဖော်ပြထားသည်။ ထိုအထဲတွင် သေဆုံးသူ အရေ အတွက်မှာ ၁၇၅ ဦး ဖြစ်သည်။
မိုင်းဒဏ် ခံရသူများ ရရှိသည့် အကူအညီက မဖြစ်စလောက် နည်းပါးနေ သေးကြောင်းလည်း အစီရင်ခံစာက ဆိုသည်။ မြန်မာ အာဏာပိုင်များက ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍကို နှစ်ပေါင်းများစွာ လျစ်လျူရှု ထားခြင်းကြောင့် ဖြစ်သည်ဟု သိရသည်။
မြန်မာ့ တပ်မတော်သာမက တိုင်းရင်းသား အဖွဲ့များလည်း လူသတ်မိုင်းများကို အသုံးပြုကြောင်း၊ သို့ရာတွင် ၂၀၀၃ နှင့် ၂၀၀၇ အတွင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၆ ဖွဲ့က မြေမြှုပ်မိုင်း အသုံးပြုမှု ရပ်စဲသည်ဟု ကြေညာ ခဲ့ကြကြောင်း အစီရင်ခံစာက ဆိုသည်။
မြန်မာနိုင်ငံ၌ မိုင်းရှင်းလင်းရေး လုပ်ငန်းများ ပေါ်ပေါက်ရန် အလွန် ဖြစ်နိုင်ချေ ရှိသော်လည်း အချိန်ပေးရမည့် လုပ်ငန်းစဉ်တခု ဖြစ်မည်ဟု မိုစာပူအန်စူဝမ်က ဆိုသည်။
မြန်မာ စစ်အစိုးအရနှင့် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များ အကြား စစ်မှန်သော အပစ်အခတ် ရပ်စဲမှု မရှိသရွေ့ မြေမြှုပ်မိုင်း ပြဿနာ ပြေလည်မည် မဟုတ် ကြောင်းလည်း ၎င်းက ဖြည့်စွက် ပြောကြားသည်။
လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့များသည် လူလုပ် ဖောက်ခွဲ ပစ္စည်းများ၊ အစိုးရတပ်ထံမှ သိမ်းဆီးရမိသော မြေမြှုပ်မိုင်း များကို အများဆုံး အသုံးပြု ကြသည်။ ထိုင်းနှင့် ကမ္ဘောဒီးယားရှိ လက်နက် မှောင်ခို ဈေးကွက်မှလည်း ၀ယ်ယူ အသုံးပြုကြောင်း သိရသည်။
စစ်ဘက်ဆိုင်ရာ သတင်း ရပ်ကွက်များ အဆိုအရ မြန်မာအစိုးရ အသုံးပြုသော မြေမြှုပ်မိုင်း များသည် ရုရှား၊ တရုတ်၊ အိန္ဒိယ၊ စင်ကာပူ နိုင်ငံတို့မှ တင်သွင်းသည်ဟု သိရသည်။ ထိုနိုင်ငံများသည် ၁၉၉၇ မိုင်းတားဆီးရေး စာချုပ်ကို လက်မှတ် ရေးထိုးခြင်း မပြုရသေးပေ။
မိုင်းရှာ ကိရိယာဖြင့် ရှာဖွေ၍ မရနိုင်သော မြေမြှုပ်မိုင်းများ၊ ပေါက်ကွဲအား ပြင်းထန်သည့် ဗုံးများကို ပဲခူးတိုင်းရှိ မြန်မာ့ ကာကွယ်ရေး ပစ္စည်း စက်ရုံ (ကပစ) တွင် ထုတ်လုပ်ကြောင်း ICBL က ဆိုသည်။

Geen opmerkingen: