မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 10 februari 2010

ရဲတပ်ဖွဲ့က ဝိုင်းရိုက်၍ ဒေသခံရွာသားတဦး သေဆုံး

ဝီရ/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ  
ကျေးရွာဆယ်အိမ်ခေါင်းတဦးနှင့် အချင်းများရာမှ ရဲတပ်ဖွဲ့က ဖမ်းဆီးရိုက်နှက်သည့် ဒဏ်ရာဖြင့် ဒေသခံလူငယ်တဦး မော်လမြိုင်ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း သေဆုံးသူ၏ မိခင်ဖြစ်သူက ပြောကြားသည်။
မိခင်ဖြစ်သူ ဒေါ်ကြည်ရှိန်က “(၃၁) ရက်နေ့ညက ရိုးဂိုး ရဲစခန်းမှူး အုန်းမြင့်နဲ့အဖွဲ့ (၃) ယောက်က လာဖမ်းသွားတယ်။ အဲဒီညက သူ့မှာ ဘာအပြစ်ရှိလို့ ဖမ်းတာလဲ မေးတော့ လမ်းမှာကတည်းက ရိုက်သွားတာ။ နောက်နေ့ ဆေးရုံရောက်တော့ မျက်နှာနဲ့ ခန္ဓာကိုယ်တခုလုံး မဲတူးနေတာပဲ။ အဲဒီနေ့မှာ ကျမကို သားပြောပြတာက ညက ရဲ အယောက် (၂၀) တောင် သူ့ကို ဝိုင်းရိုက်တာတဲ့။ ဒါနဲ့ပဲ သားက ဆုံးသွားရှာတယ်” ဟု ပြောဆိုသည်။
သေဆုံးသူသည် မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ် ဖားအောက်ကျေးရွာသား အသက် (၂၈)နှစ်၊ ကိုပြည့်စုံဖြစ်ပြီး ဇန်နဝါရီ (၃၁) ရက် ညနေပိုင်းက ကျေးရွာ ဆယ်အိမ်ခေါင်း ဦးလှိုင်နှင့် စကားများကြရာမှ ဦးလှိုင်က ရိုးဂိုး ရဲစခန်းကို ဆက်သွယ်ကာ ဖမ်းဆီးစေခဲ့ပြီးနောက် ယင်းကဲ့သို့ ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ဖေဖော်ဝါရီ (၉) ရက် ယမန်နေ့က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း မိခင်ဖြစ်သူက ရှင်းပြသည်။
သို့သော် မှုခင်းဆရာဝန်ကမူ ကိုပြည့်စုံ၏ သေဆုံးမှုသည် ရဲရိုက်နှက်ခြင်းကြောင့် မဟုတ်ဘဲ ရောဂါဖြင့် သေဆုံးသွားသည်ဟု ဆေးလက်မှတ်တွင် ရေးသားထားကြောင်း သိရသည်။
ဒေါ်ကြည်ရှိန်က “ရိုးရိုးရောဂါနဲ့ သားက သေတာမှ မဟုတ်ဘဲ။ ရိုက်ထားတဲ့ဒဏ်ရာနဲ့ ဝမ်း၊ ဆီး မသွားဘဲ အသက်ရှူကြပ်နေလို့ အော်နေရတာ။ ဆေးရုံတင်ပြီး (၈) ရက်မြောက်နေ့ မနက် (၅) နာရီခွဲမှာ ဆုံးသွားတာ။ ကျမသားက အဲဒီရိုက်ထားတဲ့ဒဏ်ရာနဲ့ ဆုံးသွားတာဖြစ်တယ်” ဟု ပြောကြားသည်။
ယင်းကဲ့သို့ ဒဏ်ရာများရရှိနေသည့် ကိုပြည့်စုံကို ဆေးရုံတင်ရမည်ဖြစ်ကြောင်း ဇန်နဝါရီ (၃၁) ရက်နေ့ ညသန်းခေါင် (၃) နာရီခန့် တွင် ရိုးဂိုးရဲစခန်းမှ မြင့်နိုင်ဆိုသူက နေအိမ်သို့လာရောက်အကြောင်းကြားခဲ့သည်ဟု သိရသည်။
သေဆုံးသူ ကိုပြည့်စုံ၏ ဈာပနကို ယမန်နေ့ ညနေပိုင်းတွင် ရိုးဂိုးကျေးရွာ သုသာန်တွင် ပြုလုပ်ခဲ့သည်။ ကိုပြည့်စုံ၏ ဇနီးသည် မမိုးနှင့်အတူ (၆) လအရွယ် သားကလေးတဦး ကျန်ရစ်သည်။

Geen opmerkingen: