ရဲရင့်/ ၁၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ကာကွယ်ဆေးမတိုးသည့် ငှက်ဖျားရောဂါကို စနစ်တကျဆေးဝါးကုသမှု ခံယူပါက အတိုင်းအတာတခုအထိ နှိမ်နင်း၍ရသည်ဟု မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်က ပြောကြားသည်။
မြန်မာနိုင်ငံ၌ ငှက်ဖျားရောဂါကုသရာတွင် အာနိသင်အထက်ဆုံးဖြစ်သည့် အာတီမစ်စင်နင် ငှက်ဖျားကာကွယ်ဆေး မတိုးတော့သည့် အခြေအနေ ဖြစ်ပေါ်နေပြီး ဒေသတွင်း၌ ငှက်ဖျားရောဂါထိန်းချုပ်ရန် အဓိက စိန်ခေါ်မှု တရပ်အဖြစ် ရင်ဆိုင်ရနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယခုလဆန်းပိုင်း၌ ထုတ်ဖော်ပြောဆိုခဲ့ခြင်းနှင့်ပတ်သက်၍ ဆေးခန်းတာဝန်ခံက ဆက်စပ်ပြောကြားခြင်းဖြစ်သည်။
ငှက်ဖျားဆေး တိုးမတိုးဆိုသည့် အခြေအနေကို ၎င်းတို့အနေဖြင့် တိုက်ရိုက် စမ်းသပ်မရနိုင်ဘဲ သုတေသနဌာနများကသာ စမ်းသပ်စစ်ဆေးပြီး သတ်မှတ်၍ ရနိုင်ကြောင်း၊ သို့သော် ဆေးရုံတက်ပြီး စနစ်တကျ ကုသမှုခံယူပါက နှိမ်နင်းနိုင်ကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။
၎င်းက “ဒီကုထုံးအတွက်တော့ ဆေးရုံတက်ပြီး စနစ်တကျကုရတဲ့အတွက် ကုန်ကျမှုက ပိုပြီးများတယ်။ ဆေးမတိုးတဲ့ငှက်ဖျားကို လက်ရှိဆေးဝါးတွေနဲ့ တစုံတရာ အတိုင်းအတာထိ နှိမ်နင်းလို့ရပါတယ်။ ငှက်ဖျားဆိုတာက တကြိမ်ကုရုံနဲ့ ပျောက်သွားတာ မဟုတ်ဘူး။ ခြင်ကိုက်တိုင်း ပြန်ဖြစ်တတ်တော့ နောက်တကြိမ် ပြန်မဖြစ်အောင် ကာကွယ်ဖို့လည်း အရေးကြီးပါတယ်” ဟု ပြောသည်။
ထိုင်း-မြန်မာ နယ်စပ်တွင် ငှက်ဖျားဆေးမတိုးသည့် ပြဿနာများကို မဟီဒေါတက္ကသိုလ်နဲ့ ရှိုးကလိုး ငှက်ဖျားတိုက်ဖျက်ရေး ယူနစ်က အမြဲသုတေသနလုပ်နေပြီး ၎င်းတို့က (၆) လတကြိမ် ငှက်ဖျားကုထုံးနှင့် ပတ်သက်၍ အကြံပြုချက်များ၊ အတည်ပြုချက်များ ထုတ်ပြန်ပေးကြောင်း၊ ထိုထုတ်ပြန်အကြုံပြုချက်များနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်က အတည်ပြုချက်များ အပေါ် အခြေခံကာ မိမိတို့အနေဖြင့် လူနာအား မည်သည့်အဆင့်တွင် မည်သည့်ဆေးဝါးမျိုး သုံးရမည်ဆိုသည်ကို (၆) လတကြိမ် ပြန်လည်သုံးသပ်ကြောင်းလည်း ဒေါက်တာ စင်သီယာမောင်က ရှင်းပြသည်။
မယ်တော်ဆေးခန်းသို့ ရောက်ရှိလာသည့် ငှက်ဖျားဝေဒနာရှင်များကို စစ်ဆေးပြီး ရောဂါအဆင့် ခွဲခြား၍ ကုသမှုများ ပြုလုပ်ပေးကာ ဆေးမတိုးတော့သည့်လူနာများကို အခြားဆေး ပြောင်းလဲ၍ ကုသမှု ပြုလုပ်ပေးနေသည်ဟုလည်း ၎င်းက ပြောသည်။
မြန်မာနိုင်ငံတွင် ငှက်ဖျားကာကွယ်ဆေးမတိုးသည့် ပြဿနာတိုးပွားလာရခြင်းမှာ စနစ်တကျ ရောဂါရှာဖွေမှုအတွက် လိုအပ်သည့် ဓာတ်ခွဲခန်းများနှင့် လျှပ်စစ်မီးမရရှိခြင်း၊ လူဦးရေ အမြဲရွှေ့ပြောင်းနေထိုင်ခြင်းနှင့် ရောဂါတိုက်ဖျက်ရန် ရောဂါရှာဖွေမှုကိစ္စရပ်များ ကန့်သတ်ပိတ်ပင်ခံရခြင်းတို့ကြောင့်ဖြစ်ကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။
မယ်တော်ဆေးခန်းတွင် ၂၀၀၉ ခုနှစ်က ငှက်ဖျားပိုးလာရောက်စစ်ဆေးခံယူမှု အကြိမ် (၄၃,၀၀၀) ရှိပြီး (၆,၁၁၉) ဦးကို ဆေးကုသမှုပေးခဲ့ကာ ငှက်ဖျားရောဂါကြောင့် သေဆုံးသူ အနည်းငယ်သာရှိသည်ဟု သိရသည်။
သေဆုံးသူအချို့မှာ ရောဂါအလွန်အမင်း ဆိုးဝါးသည့်အချိန်မှသာ ရောက်ရှိလာသူများဖြစ်ပြီး ငှက်ဖျားရောဂါကို အချိန်မီ စနစ်တကျ ကုသမှုခံယူပါက အသက်အန္တရာယ်အတွက် စိုးရိမ်ရန်မရှိဟု ဆေးခန်း၏ အတွင်းလူနာဌာနတာဝန်ခံ ဆရာ စောကလို့ထူးက ပြောသည်။
ယမန်နှစ်က မယ်တော်ဆေးခန်းတွင် ငှက်ဖျားရောဂါလာရောက်ကုသမှု ခံယူသူများမှာ မြန်မာနိုင်ငံဘက်ခြမ်းမှ (၄,၁၉၁) ဦးဖြစ်ပြီး (၁,၉၂၈) ဦးမှာ ထိုင်းဘက်ခြမ်းတွင် ရောက်ရှိနေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများဖြစ်သည်။
၂၀၀၈ -၂၀၀၉ ကနဦး စမ်းသပ်စစ်ဆေးမှုများအရ မဲခေါင်မြစ်ဝှမ်းနိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့တွင် အာတီမစ်စင်နင်ဆေး မတိုးတော့သည့် ငှက်ဖျားပိုးတွေ့ရှိမှု ပိုမိုများပြားလာနေသည်ဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ထုတ်ပြန်ပြောဆိုသည်။
၂၀၀၉ ခုနှစ် နှစ်ကုန်ပိုင်းတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့သို့ တင်ပြခဲ့သည့် လေ့လာတွေ့ရှိချက်များအရ အဆိုပါ ဆေးယဉ်နေသည့် ငှက်ဖျားပိုးကူးစက်မှုသည် ယခုအခါ မြန်မာ-ထိုင်းနယ်စပ်၊ မြန်မာ-တရုတ်နယ်စပ်နှင့် ကမ္ဘောဒီးယား-ဗီယက်နမ်နယ်စပ်တို့တွင် ပျံ့နှံ့နေသည်ဟု သိရသည်။

Geen opmerkingen:
Een reactie posten