မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 16 februari 2010

ရန်ကုန်တွင် အင်တာနက်ဆက်သွယ်မှု ဆိုးဝါး


တက်လူ/ ၁၆ ဖေဖော်ဝါရီ ၂ဝ၁ဝ
ယနေ့ ရန်ကုန်တွင် အင်တာနက် ကွန်နက်ရှင် အလွန်ဆိုးဝါးနေသည့်အတွက် သုံးစွဲသူများ အခက်တွေ့နေကြကြောင်း အင်တာနက်ဆိုင် (ဆိုင်ဘာ) များမှ စုံစမ်းသိရှိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁) ရက်မှ (၅) ရက်ထိ အင်တာနက်ဆာဗာ ပြုပြင်နေသည့်အတွက် ကွန်နက်ရှင်နှေးကွေးခဲ့ကြောင်း၊ ထို့နောက်ပိုင်းတွင်လည်း လိုင်းများကောင်းမွန်ခြင်းမရှိဘဲ ပြတ်တောင်းပြတ်တောင်း ရှိနေရာမှ ယခုတဖန် လုံးဝမရတော့ကြောင်း အင်တာနက်အသုံးပြုသူများက ပြောသည်။
“အရမ်းဆိုးလာတယ်။ တနေ့မှာ တချိန်မှ ကောင်းကောင်းအသုံးပြုလို့ မရဘူး။ အရင်က နှေးတာက သုံးလို့ရသေးတယ်၊ အခုက မနက်ကတည်းကကို မရတော့တာလေ။ သုံးသူတွေကို ပြန်ပြန်လွှတ်ရတယ်၊ အားနာဖို့ ကောင်းတယ်” ဟု အနော်ရထာလမ်းရှိအင်တာနက်ဆိုင်က ပြောသည်။
ပြည်တွင်းက ဆာဗာနှင့်တင်ထားသည့် ဒေါ့ကွန်း၊ ဒေါ့အမ်အမ်များ၊ ဥပမာ www.alpha.com.mm ကဲ့သို့ ၀က်ဘ်ဆိုက်များကိုသာ ကြည့်ရှုရကြောင်း ဆိပ်ကမ်းသာလမ်းရှိ အင်တာနက်ဆိုင် မန်နေဂျာက ပြောသည်။
သို့သော် ထိုဆိုက်များကို မည်သူမျှမသုံးကြောင်း၊ ရန်ကုန်အင်တာနက် သုံးသူများက ပြည်တွင်းသတင်းများကိုသာ ဖတ်ရှုလိုကြကြောင်း၊ ထို့ကြောင့် ပြည်တွင်းသတင်းပါ ဆိုက်များကိုသာ ဖွင့်လေ့ရှိကြောင်း အင်တာနက်ဆိုင် (၃) ဆိုင် ဖွင့်ထားသည့် ပိုင်ရှင်တဦးက ပြောသည်။
၎င်းက “ပြည်တွင်းက တင်ထားတဲ့ဆိုက်တွေကို ဘယ်သူကမှ မဖွင့်ဘူး။ ကျနော်တို့ကတော့ လာတဲ့ Users တွေကို အဲဒီဆိုက်တွေတော့ ရတယ်လို့ ပြောပြပါတယ်။ ဒါပေမယ့် မကြိုက်တဲ့သူတွေချည်းပဲ” ဟု ပြောသည်။
မန္တလေးရတနာပုံ ဆိုက်ဘာစီးတီး ပေါ်လာပြီး မိန်းဆာဗာကို ယင်းနေရာတွင် ထားရှိပြီးသည့်နောက်ပိုင်း အင်တာနက် ကွန်နက်ရှင်များ မကြာခဏ နှောင့်နှေးပြတ်တောက်မှုများ ဖြစ်လာကြောင်း ရန်ကုန်အင်တာနက်ဆိုင်များက ပြောသည်။
“အရင်ကထက် ဆိုးလာတယ်ဗျ၊ ရတနာပုံ ဆိုက်ဘာစီးတီးဆိုတာ ပေါ်လာပြီးနောက် Backbone က မကြာခဏ ကျနေတယ်” ဟု ကျောက်တံတားမြို့နယ်ရှိ အင်တာနက်ဆိုင်တဆိုင်က ပြောသည်။

Geen opmerkingen: