မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 10 februari 2010

ထိုင်းသို့ ပြန်လာသည့် ဒုက္ခသည်မိသားစု (၃) စု နောင်ဘိုးဒုက္ခသည် စခန်းတွင် နေခွင့်မရ

ရဲရင့်/ ၁၀ ဖေဖော်ဝါရီ ၂ဝ၁ဝ
ကာယကံရှင်များ၏ဆန္ဒမပါဘဲ ထိုင်းဘက်မှ မြန်မာဘက်သို့ ပြန်ပို့ခံရသည့် စစ်ပြေးဒုက္ခသည် မိသားစု (၃) စုသည် ယမန်နေ့က ထိုင်းဘက်သို့ ပြန်လာကြရာ နောင်ဘိုး ယာယီစစ်ပြေး ဒုက္ခသည်စခန်းအာဏာပိုင်များက ၎င်းတို့ကို လက်မခံတော့သဖြင့် စခန်းပြင်ပတွင် နေထိုင်နေရသည်ဟု ပြန်ပို့ခံရသူတဦးက ပြောသည်။
ပြန်ရောက်လာသူ စောဖားမယ်လယ်က “မြန်မာဘက်ရောက်တော့ ဒီကေဘီအေက အပြင်ထွက်ခွင့်မပေးဘူး၊ စိုက်ပျိုးစားဖို့လည်း ခွင့်မပြုဘူး၊ ဟင်းရွက်ထွက်ရှာခွင့်လည်း မပေးဘူး၊ ရွာထဲမှာပဲ နေရမယ်လို့ပြောတယ်။ သူတို့က မိုင်းတွေရှိတယ်၊ အပြင်ထွက်ခွင့် မပေးနိုင်ဘူး၊ နင်တို့ ဒီမှာမနေချင်ရင် ထိုင်းဘက်ကို ပြန်သွားလို့ရတယ်ဆိုလို့ ဒီဘက်ပြန်လာတာ။ ဟိုမှာက မိုင်းတွေကြားထဲမှာ ငါတို့လည်း ကြောက်တာပေါ့။ ဒီပြန်ရောက်တော့ ဒုက္ခသည်စခန်းထဲ ၀င်ခွင့်မရတော့ဘူး၊ အခုစခန်းအပြင်မှာပဲ နေရတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက ယခုလ (၅) ရက်နေ့က မြန်မာဘက်သို့ ပြန်ပို့ခဲ့ခြင်းဖြစ်သည်။
ဒုက္ခသည်အရေးဆောင်ရွက်နေသူတဦးက “ဒီလူတွေကို ထိုင်းလုံခြုံရေးတွေက ၀င်ခွင့်မပေးတော့ဘူး။ ဒီလိုပေးဝင်လိုက်ရင် နောက်ထပ်အများကြီး ထပ်လာရင် ဘယ်လိုလုပ်မှာလဲ၊ လုံးဝခွင့်မပြုနိုင်ဘူးလို့ပြောတယ်။ ဒီလူတွေအတွက် ရိက္ခာကို စခန်းမှာရှိတဲ့ လူတွေကပဲ ၀ိုင်းပေးကြတယ်” ဟု ပြောသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့်ကရင်စစ်ပြေး ဒုက္ခသည်များအား မြန်မာဘက်သို့ ပြန်ပို့မည့် အစီအစဉ်များကို ရပ်ဆိုင်းလိုက်ကြောင်း ယခုလ (၅) ရက်နေ့က ထိုင်းနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။
မြေမြှုပ်မိုင်းကွင်းများ အများအပြားရှိသည့် နယ်မြေသို့ ကရင်စစ်ပြေးဒုက္ခသည်များအား နေရပ်ပြန်ပို့မည့်ကိစ္စကို ရပ်ဆိုင်းပေးပါရန် ထိုင်းအခြေစိုက် လူ့အခွင့်အရေး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့များက ထိုင်းအစိုးရထံ မေတ္တာရပ်ခံခဲ့ပြီးနောက် ထိုသို့ ဒုက္ခသည်များ ပြန့်ပို့ရေးအစီအစဉ်ကို ရပ်ဆိုင်းထားခဲ့ခြင်းဖြစ်သည်။
ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည်တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

Geen opmerkingen: