မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 1 juli 2009

အနုပညာမူပိုင်ခွင့် ဥပဒေမူကြမ်း စတင်ရေးဆွဲနေ

Wednesday, 01 July 2009 17:57 အေးလဲ့
မြန်မာနိုင်ငံရှိ တေးသီချင်း ထုတ်လုပ်မှု နှင့်ပတ်သက်ပြီး ကမ္ဘာ့ စည်းမျဉ်း ဥပဒေနှင့်ကိုက်ညီရန် မူပိုင်ခွင့် ဆိုင်ရာ ဥပဒေ မူကြမ်းရေးဆွဲခြင်း စတင်နေပြီဖြစ်ရာ ၆ နှစ်အတွင်း အကောင် အထည် ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဂီတ အစည်းအရုံးမှ သိရသည်။

“လောလောဆယ် ကျနော်တို့ကို ၆ နှစ် အချိန်ပေးထားတယ်။ ဘာမှတော့ မလုပ်ရသေးဘူး။ ကမ္ဘာ့ဥပဒေ အတိုင်းဆိုရင် ကော်ပီဆိုဖို့ မူရင်းပိုင်ရှင်ဆီကို Agent တွေကနေ ဆက်သွယ်ရမယ်၊ ကျေနပ်လို့ ရောင်းပြီးမှ ကော်ပီပေါ်မှာ စာသားထည့်ပြီး ဆိုခွင့်ရမှာပါ” ဟု မြန်မာနိုင်ငံ ဂီတအစည်းအရုံး ဒု - ဥက္ကဌ ပလေးဘွိုင် သန်းနိုင် ကပြောသည်။

ကမ္ဘာ့စည်းမျဉ်း၊ စည်းကမ်း ဥပဒေနှင့် ပတ်သက်၍ ဆွစ်ဇာလန်နိုင်ငံ အခြေစိုက် ကမ္ဘာ့ မူပိုင်ခွင့်ဆိုင်ရာ အဖွဲ့ (WIPO) က ချမှတ်ထားသည့် စည်းကမ်း ဥပဒေကို ကိုးကား ဆောင်ရွက်ရန် စီစဉ်လျက်ရှိကြောင်း သိရ သည်။ ထိုလုပ်ငန်း အကောင်အထည်ဖော်နိုင်ရန် စင်္ကာပူနိုင်ငံ အခြေစိုက် မူပိုင်ခွင့်ဌာနနှင့် မြန်မာနိုင်ငံမှ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် စက်တင်ဘာလမှ စတင်ပြီး မန္တလေး FM က တေးရေး၊ တေးဆိုများနှင့် ထုတ်လုပ်သူ နှင့် အသံဖမ်း စတူဒီယို တို့ကို မူပိုင်ခွင့် အနေနှင့် ခံစားပိုင်ခွင့်များ ပေးနေပြီ ဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ဂီတအစည်းအရုံး တာဝန်ရှိသူက ပြောပြသည်။

မန္တလေး FM က သီချင်းတပုဒ်ကို တကြိမ်ထုတ်လွှင့်လျင် ၁၂၀၀ ကျပ် ပေးမည်ဟု သတ်မှတ်ထားသည်။ ထို ၁၂၀၀ ကျပ်ထဲမှ ဂီတအစည်းအရုံးသို့ ၂၀၀ ကျပ် ပေးရပြီး ကျန်သည့် ၁၀၀၀ ကျပ်ကို အဆိုရှင်၊ တီးခတ်သူ၊ တေးရေး၊ ထုတ်လုပ်သူနှင့် အသံဖမ်းသူတို့က ခွဲဝေယူရသည်ဟု ဂီတအစည်းအရုံးမှ တခြား တာဝန်ရှိသူ တဦးက ရှင်းပြသည်။

“အခုလောလောဆယ် မန္တလေး FM က လွှင့်ထားတဲ့ ၂၀၀၈ ခုနှစ် စက်တင်ဘာ၊ နိုဝင်ဘာ၊ အောက်တိုဘာ၊ ဒီဇင်ဘာ ဒီလေးလအတွက် ထုတ်ပေးနေပါတယ်။ ၂၀၀၉ ခုနှစ် အတွက်ကတော့ မန္တလေး FM က စာရင်းမပို့ပေးသေးဘူး” ဟု ၎င်းက ဆက်ပြောသည်။

ယင်း မူပိုင်ခွင့်နှင့် ပတ်သက်ပြီး အနုပညာဆိုင်ရာ စီမံခန့်ခွဲရေး ကော်မတီ(CMC) ဆိုသည့်အဖွဲ့ဖွဲ့ပြီး အနုပညာသည်များအကြား ညှိနှိုင်းခြင်း၊ ဥပဒေ မူကြမ်းးရေးဆွဲခြင်းတို့ကို တာဝန်ယူဆောင်ရွက်နေသည်။

ထို ခံစားပိုင်ခွင့် ထုတ်ပေးသည့် အခွင့်အရေးနှင့် ပတ်သက်ပြီး ယခင်လအတွင်းက ဂီတအသိုင်းအဝန်းရှိ တီးခတ်သူ၊ အဆိုတော်၊ တေးရေးများ၊ ထုတ်လုပ်သူများအကြား ငွေကြေးခွဲဝေမှုကိစ္စ အငြင်းပွားမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ရှိ အဆိုတော်တဦးက “အင်တာနေရှင်နယ် ဥပဒေအရ ဆိုရင် ထုတ်လုပ်သူက ၄၀ ရာခိုင်နှုန်း၊ ဆိုတဲ့သူ ၃၀ ရာခိုင်နှုန်း၊ ရေး တဲ့သူက ၃၀ ရာခိုင်နှုန်း ရတယ်၊ အဲဒီဥပဒေအရ ဆိုရင် အတီးသမားတွေက မရလို့ မကျေနပ်ဘူး။ တလလောက် အတီးသမားတွေက တေးရေး တွေကို တိုက်ခိုက်တယ်၊ နောက်တော့ အစည်းအဝေးပြန်ထိုင်ပြီး အစည်းအဝေး ဆုံးဖြတ်ချက်အရ အတီး သမား၊ အဆိုတော်၊ တေးရေး၊ ထုတ်လုပ်သူ တွေကို ၂၅ ရာခိုင်နှုန်းစီ လေးစု ခွဲပေးဖို့ဆုံးဖြတ် လိုက်တယ်” ဟု ပြော သည်။

ရန်ကုန် မြို့တော်စည်ပင်ပိုင် စီးတီး FM စတင်ခဲ့သည့် လွန်ခဲ့သော ၇ နှစ်ကျော်ကာလကလည်း တေးရေး၊ တေးဆို၊ ထုတ်လုပ်သူ စသည့် ဂီတ မူပိုင်ခွင့်ရရှိသင့်သူများကို ငွေကြေးမပေးဘဲ ၎င်းတို့၏ တေးသီချင်းများ အား ထုတ်လွှင့်ခဲ့သောကြောင့် ဂီတသမားများအနေနှင့် မကျေနပ်မှုများ ဖြစ်ပေါ်ခဲ့သည်။

၎င်း ရန်ကုန် စီးတီး FM တွင် ကြော်ငြာသည့် စီးပွားရေးလုပ်ငန်းရှင်များ ထံမှ တနှစ်လျှင် ကျပ် သိန်း ၆၀၀၀ ကျော် ရရှိကြောင်း တရားဝင် သတင်းထုတ်ပြန်ချက်များအရ သိရသည်။

အဆိုတော် ကျားပေါက်က FM များတွင်ထုတ်လွှင့်သည့် ၎င်း၏ သီချင်းများအတွက် ပိုင်ဆိုင်ခွင့် ငွေကြေး တစုံတရာ မရရှိဘူးသေးကြောင်း ဧရာဝတီသို့ ပြောသည်။

“တခြားသူတွေတော့ ရတဲ့သူ စ ရနေပြီပြောတယ်။ ဒါပေမယ့် လခထုတ်သလို လကုန်မှ လီပြီး ရတာလို့ ပြောပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် လက်ရှိ ရန်ကုန် စီးတီး FM၊ မန္တလေး စီးတီး FM၊ စစ်တွေ စီးတီး FMရှိပြီး FM ရေဒီယို ၄ ခုကို ထပ်မံ ထုတ်လွှင့်ရန် ပြင်ဆင်လျက်ရှိရာ အများစုမှာ နာမည်ကြီး စီးပွားရေး လုပ်ငန်းရှင်ကြီးများ ပိုင်ဆိုင်သည် ဟုကြားသိရသည်။

တေးသီချင်းများကို မူပိုင်ခွင့် ဥပဒေနှင့် ပြုလုပ်မည်ဆိုပါက ဂီတ လောကသားများ အနေနှင့် ၎င်း FM များမှ ငွေကြေးခံစားခွင့်များ ရရှိနိုင်မည်ဟု ရန်ကုန် ဂီတ အသိုင်းအဝန်းက ပြောဆိုသုံးသပ်သည်။

Geen opmerkingen: