zaterdag 4 juli 2009
ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလအတွင်းရေးမှူးချုပ် တွေ့ခွင့်မရ
NEJ / ၄ ဇူလိုင် ၂၀၀၉
ဖမ်းဆီးထိန်းသိမ်းခြင်းခံနေရသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်တောင်းဆိုချက်ကို နအဖစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ငြင်းပယ်လိုက်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်အား ရုံးတင်စစ်ဆေးနေချိန်တွင် တရားရေးဆိုင်ရာလုပ်ငန်းများကို အနှောင့်အယှက် မဖြစ်စေလိုကြောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေက အကြောင်းပြသည်ဟု မစ္စတာဘန်ကီမွန်းက ပြောကြားသည်။
“ကျနော်အနေနဲ့ အင်မတန်စိတ်ပျက်မိပါတယ်” ဟုလည်း ဗိုလ်ချုပ်မှူးကြီးနှင့် ယနေ့ ထပ်မံတွေ့ဆုံအပြီးတွင် ၎င်းက သတင်းထောက်များကို ပြောကြားကြောင်း ရိုက်တာသတင်းတွင်ဖော်ပြသည်။
မစ္စတာဘန်ကီမွန်းသည် ယမန်နေ့က မြန်မာနိုင်ငံသို့ ရောက်ရောက်ချင်းပင် နေပြည်တော်သို့ သွားရောက်၍ နအဖစစ် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ဆုံခဲ့ရာတွင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့လိုကြောင်း မေတ္တာရပ်ခံခဲ့ပြီး တွေ့ခွင့်ရမရ သိရှိရန် အဖြေကိုစောင့်ဆိုင်းနေခဲ့ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံလိုကြောင်း တောင်းဆိုခဲ့ရာတွင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေသည်ဟုသာ ပြန်လည်ဖြေကြားခဲ့ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်။
“သူက ဒေါ်အောင်ဆန်းစုကြည်ကို ရုံးတင်စစ်ဆေးနေတယ်လို့ ပြောတယ်။ ကျနော်က ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တယ်လို့ပြောတယ်” ဟု ၎င်းက ပြောသည်။
မစ္စတာဘန်ကီမွန်းကမူ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခွင့်ရရှိရေးသည် ယခုခရီးစဉ်၏အဓိက အချက်တချက်ဖြစ်သည့် အတွက် ၎င်း မြန်မာနိုင်ငံမှ ပြန်လည်မထွက်ခွာမချင်း စောင့်ဆိုင်းနေမည်ဟု ပြောဆိုခဲ့သည်။
ယခုကဲ့သို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တရားစီရင်ရေးအကြောင်းပြကာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးခြင်းသည် မြန်မာ့နိုင်ငံရေး ဖြေရှင်းရာတွင် လိုအပ်သည့် အစီအစဉ်များကို လုပ်ဆောင်နိုင်လိမ့်မည်မဟုတ်ဟု အန်အယ်လ်ဒီပါတီမှ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေဦးဉာဏ်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။
ထို့ပြင် “ဒေါ်အောင်ဆန်းစုကြည်နဲ့ မစ္စတာဘန်ကီမွန်းတွေ့တာ တရားစီရင်ရေးကို အနှောင့်အယှက်ဖြစ်မယ်ဆိုတဲ့ အကြောင်းပြချက်ကတော့ ကျနော်တို့ လုံးဝနားမလည်နိုင်ဘူး။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ တရားစွဲတာကိုက နိုင်ငံရေးအရ စွဲထားတာပဲ။ ဒါတွေက လုပ်မယ်ဆိုလည်း အကုန်လုံးဖြစ်တယ်၊ မလုပ်ဘူးဆိုလည်း အကြောင်းပြချက် တွေပေါ့လေ” ဟု ၎င်းက ပြောသည်။
မစ္စတာဘန်ကီမွန်းသည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်တွေ့ဆုံခဲ့ရာတွင် ဒီမိုကရေစီရေး တိုးတက်မှု အထောက်အကူဖြစ်စေမည့် အချက် (၅) ချက်ကိုလည်း တင်ပြခဲ့ကြောင်း သိရသည်။
ရှေ့နှစ်ရွေးကောက်ပွဲမတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကို ပြန်လွှတ်ပေးရန်၊ အစိုးရနှင့်အတိုက်အခံတို့ တွေ့ဆုံကာ စစ်မှန်သည့် ဆွေးနွေးရေးကို အကောင်အထည်ဖော်ရန်နှင့် လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲဖြစ်မြောက်စေရန်တို့အတွက် တိုက်တွန်းတင်ပြခဲ့သည်ဟု သိရသည်။
၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတမှုရှိစေပါမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ကတိပေးခဲ့ကြောင်းနှင့် မြန်မာအာဏာပိုင်များ အနေဖြင့် ယခုကျင်းပမည့် ရွေးကောက်ပွဲကို လွတ်လပ်ပွင့်လင်းပြီး တရားမျှတမှုရှိစေရန် အလေးထား လုပ်ဆောင်လိမ့်မည်ဟု ယုံကြည်ကြောင်း မစ္စတာဘန်ကီမွန်းက သတင်းထောက်များကို ပြောကြားခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။
မြန်မာနိုင်ငံသို့ လာရောက်သည့် ယခုခရီးစဉ်ကို မစ္စတာဘန်ကီမွန်းကိုယ်တိုင်က ခက်ခဲသည့်ခရီးစဉ်တခုအဖြစ် ကြိုတင်တွက်ဆထားကြောင်း ပြောဆိုခဲ့ပြီး နှစ်ပေါင်း (၄၇) နှစ်ကျော် စစ်အာဏာရှင်များက အုပ်ချုပ်လာခဲ့သည့် မြန်မာနိုင်ငံကို ယခုကဲ့သို့ တညအိပ် ခရီးတိုလေးအတွင်းတွင် အခြေခံကျသည့် ပြောင်းလဲမှုများကို သူ့အနေဖြင့် မျှော်လင့်မထားကြောင်းလည်း ပြောကြားခဲ့သည်။
ယခု ၎င်း၏ခရီးစဉ်အပေါ် မြန်မာစစ်အစိုးရက နိုင်ငံရေးအရ အသုံးချခံရမည်ကို စိုးရိမ်မိကြောင်း မစ္စတာဘန်ကီမွန်းက ထုတ်ဖော်ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဇူလိုင် (၃) နှင့် (၄) ရက်ခရီးစဉ်အတွင်း နအဖ ထိပ်ပိုင်းစစ်ခေါင်းဆောင်များနှင့်တွေ့ဆုံကာ ၎င်း၏တောင်းဆိုချက်များကို တင်ပြခြင်းဖြစ်သည်။ မစ္စတာဘန်ကီမွန်းသည် ယနေ့ညနေတွင် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာမည်ဟုသိရသည်။
မစ္စတာဘန်ကီမွန်းသည် ယမန်နေ့ညနေပိုင်းတွင် အန်အယ်လ်ဒီပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ရှမ်းတိုင်းရင်းသား ဒီမိုကရေစီအဖွဲ့ချုပ် စသည့် တရားဝင် နိုင်ငံရေးပါတီ (၁၀) ခုနှင့် ငြိမ်းချမ်းရေးအဖွဲ့အချို့တို့မှ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံခဲ့ကြောင်းသိရသည်။
အမေရိကန်အခြေစိုက် လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) အဖွဲ့ကြီးကမူ ကုလသမဂ္ဂအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးရန်တောင်းဆိုထားသော်လည်း အကျဉ်းထောင်မှ နေအိမ်အကျယ်ချုပ်သို့ ပြန်လွှတ်ပေးခြင်းမျိုးသည် အောင်မြင်သည့်ရလဒ်မဟုတ်ဟု အဖွဲ့၏ညွှန်ကြားရေးမှူး Kenneth Roth က ပြောကြားသည်။
မစ္စတာဘန်ကီမွန်း မြန်မာနိုင်ငံသို့ ရောက်ရှိသည့် ဇူလိုင် (၃) ရက်နေ့သည် အင်းစိန်ထောင်အထူးတရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားသည့်အမှုကို ဆက်လက် စစ်ဆေးသည့်နေ့နှင့် တိုက်ဆိုင်ခဲ့သည်။ ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်ကြားနာမှုကို ဇူလိုင် (၁၀) ရက်သို့ ထပ်မံပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ပြောသည်။
နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ၎င်း၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် ရုံးတင်တရားစွဲထားပြီး အင်းစိန်ထောင်တွင် ထိန်းသိမ်းထားသည်။
Labels:
ခေတ်ပြိုင် မှ
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten