မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 23 juli 2009

ပြည်တွင်းအခွန်ရုံးများ နေပြည်တော် ပြောင်းရွှေ့

NEJ / ၂၃ ဇူလိုင် ၂၀၀၉


ဘဏ္ဍာအခွန်ဝန်ကြီးဌာနလက်အောက်မှ ပြောင်းရွှေ့ရန် ကျန်နေသေးသည့် ပြည်တွင်းအခွန်များ ဦးစီးဌာနရုံးအသီးသီးကို ဇူလိုင် (၂၃) ရက်နေ့မှ စတင်ပြောင်းရွှေ့နေပြီဖြစ်ကြောင်း ပန်းဆိုးတန်း ဝင်ငွေခွန်ဌာနခွဲမှ ဦးစီးအရာရှိတဦးက ပြောသည်။

၎င်းက “လက်ရှိ ကျနော်တို့ပြောင်းဖို့ အမိန့်ကျတာ ပန်းဆိုးတန်းလမ်း အလယ်ဘလောက် ပုံစံ (၁၉) ထုတ်ပေးတဲ့ ရုံးအပေါ်ထပ်က ဝင်ငွေခွန်ဌာနခွဲ၊ အောက်ဘလောက်မှာရှိတဲ့ ကုမ္ပဏီများ မှတ်ပုံတင်ရုံး၊ ငွေစာရင်းဌာနခွဲ စတဲ့ ရုံးတွေပါတယ်။ ရန်ကုန်မှာ ပုံစံ (၁၉) ထုတ်ပေးနေတဲ့ ရုံးရယ်၊ အောင်ဘာလေသိန်းဆုဌာနရုံးရယ် (၂) ရုံးပဲ ကျန်ခဲ့မယ်။ ဘယ်ဝန်ထမ်းကမှ နေပြည်တော် မပြောင်းချင်ဘူး။ ဒါပေမယ့် အမိန့်အရ မပြောင်းမနေရဆိုတော့ ပြောင်းကြရတယ်။ နောက်ပိုင်း ပြည်တွင်းအခွန်ဌာနခွဲနဲ့ ဆက်သွယ်ဖို့လိုတဲ့ ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေအားလုံး နေပြည်တော်ကို လာပြီး လုပ်စရာရှိတာ လုပ်ကြရတော့မယ်” ဟု ပြောသည်။

ယခုပြောင်းရွှေ့သွားသည့် ရုံးများမှာ ကုမ္ပဏီများနှင့် လူပုဂ္ဂိုလ်များ၏ ဝင်ငွေခွန်ဆိုင်ရာ၊ မှတ်ပုံတင်ခြင်းနှင့် မှတ်ပုံတင်သက်တမ်းတိုးခြင်းဆိုင်ရာ လုပ်ငန်းများကို ဆောင်ရွက်ပေးနေသည့်အတွက် အစိုးရအခွန်ဌာနနှင့် မဖြစ်မနေ ဆက်သွယ်ရမည့် ကုမ္ပဏီမှ ပုဂ္ဂိုလ်အမြောက်အမြား နေပြည်တော်သို့ သွားရောက်ရတော့မည်ဖြစ်သည်။

သတ္တုတူးဖော်ရေးကုမ္ပဏီတခုမှ မန်နေဂျာတဦးက “နေပြည်တော်မှာ အဓိက ခက်ခဲတာက သွားရေး လာရေးပဲ။ တနေရာက တနေရာ သွားရတာ တော်တော်ခက်တယ်။ နေပြည်တော်က တက္ကစီကားတွေ ငှားရင် လွယ်လင့်တကူ ငှားလို့ မရတဲ့အပြင် တနာရီကို ကျပ် (၂) သောင်းခွဲ (၃) သောင်းလောက် ပေးရတာမို့ စရိတ်တော်တော်ကုန်တယ်။ နောက် သက်ဆိုင်ရာ ဝန်ကြီးဌာန အရာရှိတွေကို ပျဉ်းမနားခေါ်ပြီး ကာရာအိုကေနဲ့ စားသောက်ဆိုင်၊ အနှိပ်ခန်း ခေါ်ယူပြုစုရတဲ့ စရိတ်ကလည်း ရန်ကုန်ထက် ပိုကုန်တယ်။ ပြည်တွင်းအခွန်ဦးစီးဌာနက ရန်ကုန်ရုံးတွေ ထပ်ပြီးရွှေ့လိုက်ရင် နောက်ထပ်သွားဖို့ ကိစ္စတွေ များလာဦးမှာဖြစ်တယ်” ဟု ပြောသည်။

စစ်အစိုးရက ယခုကဲ့သို့ အစိုးရရုံးများကို နေပြည်တော် ပြောင်းရွှေ့လိုက်သော်လည်း ပြည်သူများ သွားလာရ လွယ်ကူရေးကိုမူ ဘာမှဆောင်ရွက်မပေးကြောင်း၊ ပုံမှန် အသုံးပြုနေကျ ပျဉ်းမနား ဘူတာကိုလည်း ယခုနောက်ပိုင်း အသုံးပြုခွင့်မပေးတော့ဘဲ နေပြည်တော်၊ ပျဉ်းမနားနှင့် အလွန်ဝေးသည့် ဘူတာသစ်ကြီးကို အတင်းအကျပ် ပြောင်းလဲအသုံးပြုခိုင်းခဲ့ကြောင်း၊ နိုင်ငံခြားတွင် ကျောင်းသွားတက်ရန် (၁ဝ) တန်းအောင် သို့မဟုတ် ဘွဲ့ရကြောင်း ထောက်ခံစာတစောင် ရရန်အတွက်ပင် ပြည်သူအများ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနအထိ အချိန်ကုန် ငွေကုန်ခံပြီး သွားနေရကြောင်း ပြည်သူအများက ဝေဖန်ပြောဆိုနေကြသည်။

ဇူလိုင် (၂၃) နေ့ခင်းပိုင်းမှစပြီး ပန်းဆိုးတန်း အလယ်ဘလောက် ဝင်ငွေခွန်ရုံးရှေ့တွင် စစ်ကားကြီး (၇) စီး ထိုးဆိုက်ကာ ရုံးသုံးပစ္စည်းများ တင်ဆောင်နေကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။ လောလောဆယ် ပုံစံ (၁၉) ထုတ်ပေးရာရုံးကိုမူ ပြောင်းရွှေ့မှု မလုပ်သေးပေ။

Geen opmerkingen: