woensdag 29 juli 2009
ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်းရောင်းချထား
မင်းနိုင်သူ / ၂၉ ဇူလိုင် ၂၀၀၉
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိမြေ စိတ်ပိုင်းရောင်းချထားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သိရှိထားပြီး သူ့ရှေ့နေများကို လိုအပ်သလို ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။
“ဘယ်လိုဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ ကျနော်တို့ ညှိနှိုင်းတိုင်ပင်နေကြပါတယ်။ ဘယ်လိုဆောင်ရွက် သွားမယ်ဆိုတာကို ကျနော်တို့ ဘာမှမပြောနိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) ဟု သတ်မှတ်ထားသော ခြံဝင်းအတွင်းရှိပေ (၁၀၀x၇၀) အကျယ်ရှိ မြေကွက်ကို ၀ယ်ယူပြီးဖြစ်သဖြင့် တပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တခု ဇူလိုင် (၂၄) ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဦင်္းဉာဏ်ဝင်းက ပြောကြားခြင်းဖြစ်သည်။
အမျိုးသမီးရှေ့နေများက လွှဲအပ်ညွှန်ကြားချက်အရဟုဆိုကာ ကြေညာထားသော ကန့်ကွက်နိုင်ကြောင်း ကြေညာစာတွင် ၀ယ်ယူသူအမည်ကို ဖော်ပြထားခြင်းမရှိပေ။
ရောင်းချလိုက်သူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးဆိုသူဖြစ်ပြီး ထိုနေရာတွင် နေထိုင်သွားခဲ့ဖူးကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။
“၁၉၈၈ ခုနှစ်လောက်က အမှုတောင်ဖြစ်ဖူးသေးတယ်။ အဲဒီလူက အဲဒီနေရာကို ဒေါ်ခင်ကြည်မကွယ်လွန်မီက သူ့ကို ပေးခဲ့ပါတယ်ဆိုပြီး တောင်းဆိုမှုဖြစ်ခဲ့သေးတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ အထိန်းသိမ်းခံနေရတုန်း ရောင်းချလိုက်တာဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေလည်း ရှိပါလိမ့်မယ်” ဟု အန်အယ်လ်ဒီလူငယ်က ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်၌ ရှိနေစဉ်အတွင်း ခြံမြေကို စိတ်ပိုင်းရောင်းချမှုမှာ တရားမ၀င်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။
“တကယ်တော့ တပတ်အတွင်း ကန့်ကွက်ရန်တို့၊ ဘာတို့ဆိုတာကလည်း Legal binding မဖြစ်ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်မှာ ပြောင်းရွှေ့အထိန်းသိမ်းခံနေရတုန်း သူ့အိမ်ကို သူ့မိတ်ဆွေနှစ်ဦး စောင့်ရှောက်ပေးနေတာပါ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။
ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရစဉ်အတွင်း အိမ်ခြံမြေကို စိတ်ပိုင်းရောင်းချခြင်းမှာ နအဖစစ်အစိုးရ၏ ဖိနှိပ်ချက်တခုဖြစ်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။
ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦးကလည်း အမွေရယူထိုက် သည်ဟုဆိုကာ ၁၉၉၀ ခုနှစ်ဝန်းကျင်က တရားစွဲဆိုခဲ့ဖူးသည်။
ဒေါ်အောင်ဆန်းစုကြည်၏အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယင်းကဲ့သို့ တရားစွဲဆိုနိုင်ရန် နအဖစစ်အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖျက်သိမ်းခံလိုက်ရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ပြောသည်။
“ဒီကိစ္စကို ဗိုလ်မှူးအောင်လင်းထွဋ် ပြောခဲ့ဖူးသလိုပါပဲ။ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီစဉ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေချင်လို့ပါပဲ။ ဦးအောင်ဆန်းဦးကိုတော့ အထူးအခွင့်အရေးတွေ ပေးထားပါတယ်။ ပုဂံမှာလည်း မြေနေရာချပေးထားပါတယ်”ဟု အဖျက်သိမ်းခံ ထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီးဟောင်းတဦးက ပြောသည်။
လွန်ခဲ့သော မေလအတွင်းကလည်း ဦးအောင်ဆန်းဦး မြန်မာနိုင်ငံသို့ လာရောက်ကာ ပုဂံသရပါဟိုတယ်အနီးရှိအိမ်ကို ကြည့်ရှုခြင်းနှင့် အမွေအမှုဆက်လက်လုပ်ဆောင်ရန် စစ်တပ်အရာရှိများနှင့် တိုင်ပင်မှုများ လုပ်ဆောင်သွားကြောင်း တပ်ကြပ်ကြီးဟောင်းက ပြောသည်။
Labels:
ခေတ်ပြိုင် မှ
Abonneren op:
Reacties posten (Atom)
Geen opmerkingen:
Een reactie posten