မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 19 juli 2009

ဗိုလ်ချုပ်အောင်ဆန်းကို ပြည်သူများ မမေ့ အာဇာနည်နေ့တွင် ကုသိုလ်ကောင်းမှုများပြုလုပ်



NEJ / ၂၀ ဇူလိုင် ၂၀၀၉


ရန်ကုန်မြို့သူမြို့သားများအနေဖြင့် အာဇာနည်နေ့နှင့် ပတ်သက်သော အထိမ်းအမှတ် အခမ်းအနားများကို မကြုံဖူးသည်မှာ ကြာပြီဖြစ်သော်လည်း ယမန်နေ့က ကျရောက်သော (၆၂) နှစ်မြောက် အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းကို မေ့ပျောက်သွားခြင်းမရှိကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ကျမက ဒီနေ့ ဘာနေ့ဆိုတာ သိတယ်။ ဘယ်မေ့မလဲရှင်။ မြန်မာနိုင်ငံအတွက် မေ့လို့မရတဲ့နေ့တနေ့ ဖြစ်ခဲ့တာပဲ။ မေ့နေတယ် ဆိုတဲ့သူ လုံးဝမရှိနိုင်ဘူးလို့ ကျမ ယုံတယ်။ ဘယ်သူတွေကပဲ ဘယ်လိုနည်းနှင့် သမိုင်းကိုမေ့စေလိုပေမယ့် ဘယ်သူမှ မမေ့နိုင် ဘူး။ အာဇာနည်တွေအတွက် ဒီနေ့ ကျမက အိမ်မှာပဲ အမျှဝေပါတယ်” ဟု ရန်ကုန် ကျောက်တံတားမြို့နယ်မှ ပြည်သူတဦးက ပြောသည်။

စစ်အစိုးရကမူ (၆၂) နှစ်မြောက် အာဇာနည်နေ့ကို ရန်ကုန်မြို့တော်ဝန်က ဦးစီးကျင်းပသောအဆင့်ဖြင့်သာ ပြီးဆုံးစေခဲ့ကြောင်း သိရသည်။

“ထူးထူးခြားခြားမရှိဘူး။ မြို့တော်ဝန်က လွမ်းသူ့ပန်းခွေ ချတယ်။ ဒါလောက်ပါပဲ” ဟု ရန်ကုန်စည်ပင်မှ တာဝန်ကျ ၀န်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

အာဇာနည်နေ့အခမ်းအနားတွင် ဗိုလ်ချုပ်အောင်ဆန်း၏သားကြီး အောင်ဆန်းဦး၏လွမ်းသူ့ပန်းခွေဖြင့် ဂါရ၀ပြုခြင်းကို ၎င်းတို့မိသားစုကိုယ်စား ဦးလှဖေဆိုသူက လာရောက်ဆောင်ရွက်သည်ဟု သိရသည်။

“တခြားမိသားစုတွေ တော်တော်များများလာကြတယ်ဗျ။ ဗိုလ်ချုပ်သားကြီးတော့ မလာဘူး။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လွမ်းသူ့ ပန်းခွေလည်း မတွေ့ရဘူး” ဟု ရန်ကုန်အခြေစိုက် သတင်းအယ်ဒီတာတဦးက ပြောသည်။

ဗိုလ်ချုပ်အောင်ဆန်း၏သမီး ဒေါ်အောင်ဆန်းစုကြည်မှာ (၆၂) နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်နိုင်ခြင်း မရှိဘဲ နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုခံထားရကာ အင်းစိန်ထောင်အတွင်း ထိန်းသိမ်းခံနေရသဖြင့် အင်းစိန်ထောင်ဆေးရုံရှိ အကျဉ်းသားများကိုသာ လှူဒါန်းမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က ပြောသည်။

(၆၂) နှစ်မြောက် အာဇာနည်နေ့၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးတွင်လည်း အာဇာနည်ကြီးများကို ရည်စူး၍ နံနက် (၅) တွင် သံဃာတော် (၅) ပါးအား အရုံဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် နံနက် (၁၀) နာရီခွဲတွင် အန်အယ်လ်ဒီ ပါတီဝင်များနှင့် ဧည့်ပရိသတ် စုစုပေါင်း (၁,၀၀၀) ခန့် ရုံးရှေ့မှတဆင့် အာဇာနည်ဂူဗိမာန်ဆီသို့ ဦးညွှတ်အရိုအသေပြုခဲ့ကြသည်။

အာဇာနည်ဗိမာန်သို့ သွားရောက်ခဲ့ကြသော အန်အယ်လ်ဒီလူငယ်အချို့အား ဗိုလ်ချုပ်အောင်ဆန်းပုံနှင့် ဒေါ်အောင်ဆန်းစုကြည် ပုံပါ တီရှပ်များ ၀တ်ဆင်ထားသဖြင့် သွားရောက်ခွင့်မပြုနိုင်ဟု ကန့်သတ်မှုများ ရှိခဲ့ကြောင်းလည်း ဦးအုံးကြိုင်က ပြောသည်။

“ပထမကြားတာကတော့ ကားနဲ့ခေါ်သွားပြီလို့ ကြားတယ်။ နောက် တချို့အဖွဲ့ဝင်တွေ ပြန်လာတယ်။ အ၀မှာ အာဇာနည်ဗိမာန် ထိပ်မှာ သူတို့ကို ရပ်ခိုင်းပြီး တီရှပ်ဝတ်ထားတဲ့သူတွေနဲ့ ဒေါ်နော်အုံးလှကို သွားခွင့်မပြုနိုင်ဘူးလို့ ပြောပြီး ပြန်ခိုင်းတယ်။ အခြားသူတွေကိုတော့ ၀င်ခွင့်ပြုလိုက်တယ်တဲ့” ဟု ၎င်းက ပြောသည်။

၁၉၄၇ ခု၊ ဇူလိုင် (၁၉) ရက် နံနက် (၁၀) နာရီခွဲခန့်၌ ရန်ကုန်မြို့ရှိ အတွင်းဝန်များရုံး၌ ၀န်ကြီးများ အစည်းအဝေးကျင်းပနေစဉ် ဂဠုန်ဦးစော၏ နောက်လိုက်များက ၀င်ရောက်ပစ်ခတ်သဖြင့် ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ မန်းဘခိုင်၊ ဦးရာဇတ်၊ ဦးဘ၀င်း၊ မိုင်းပွန်စော်ဘွားကြီး စ၀်စံထွန်း၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေးတို့ ကျဆုံးခဲ့သည်။

ထိုသို့ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ကျဆုံးခဲ့သည့် အာဇာနည်များအား ရည်စူး၍ ဇူလိုင် (၁၉) ရက်ရောက်တိုင်း အောက်မေ့ဖွယ် အာဇာနည်နေ့ ဂါရ၀ပြုအခမ်းအနားများကို ကျဆုံးခဲ့သည့် အာဇာနည်ကြီးများ၏ မိသားစုများနှင့် ပြည်သူများက နှစ်စဉ်ကျင်းပလေ့ရှိသည်။

ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံမခံရခင်က နေထိုင်သွားခဲ့သည့် နေအိမ်ကိုလည်း ရန်ကုန်မြို့တွင် အများပြည်သူများကြည့်ရှုနိုင်ရန် ဗိုလ်ချုပ်အောင်ဆန်းပြတိုက်အဖြစ် ဖွင့်လှစ်ထားခဲ့ရာ အာဇာနည်နေ့ရောက်တိုင်း လာရောက်ကြည့်ရှုသူများဖြင့် စည်ကားမြဲဖြစ်သည်။

ယခု (၆၂) နှစ်မြောက် အာဇာနည်နေ့တွင်မူ ဗိုလ်ချုပ်အောင်ဆန်းပြတိုက်သို့ လာရောက်ကြည့်ရှုသူများသည် ပြတိုက်အပေါ်ထပ် သို့ တက်ခွင့်မရကြောင်း သိရသည်။

“အပေါ်ထပ်ကို ပေးမတက်ပါဘူး။ အဲဒီမှာ တာဝန်ကျနေတဲ့ ယဉ်ကျေးမှုက အမျိုးသမီးတဦးက ပြောပြတာတော့ ပြီးခဲ့တဲ့နှစ်က နာဂစ်မုန်တိုင်း တိုက်လိုက်တော့ ဗိုလ်ချုပ်အိမ်က အပေါ်ထပ်ကိုတက်တဲ့ လှေကားနှစ်ခုမှာ တခုက ကျိုးသွားတာတဲ့။ အဲဒါကို ပြန်မပြင်ရသေးလို့ ဆိုပြီးတော့ ပေးမတက်တာတဲ့” ဟု ပြတိုက်သို့ သွားရောက်ခဲ့သည့် အမျိုးသမီးတဦးက ပြောသည်။

ပြတိုက်၏အပေါ်ထပ် အတက်လှေကားရှေ့တွင် ပြတိုက်အား ကြံ့ခိုင်မှုနှင့်ရေရှည်ထိန်းသိမ်းရန် အပေါ်သို့ တက်ခွင့်မပြုကြောင်း စာရေးသားထားသည်ဟု ၎င်းက ပြောသည်။

သို့သော် ပြတိုက်တွင် အလေးပြုပါတယ်၊ မြန်မာ့လွတ်လပ်ရေး၊ အာဇာနည်မှာချွေသည့်စကား၊ ဗိုလ်ချုပ်မွေးဌာနီ၊ အမွေဆက်ခံသူ တို့တာဝန်၊ ကမ္ဘာတည်ရစ်မယ့် (၁၉) ဇူလိုင် စသော တေးသီချင်းများကို ဖွင့်ပေးထားကြောင်း ပြတိုက်ကို သွားခဲ့သည့် ပြည်သူတဦးက ပြောသည်။

၎င်းက “ကျနော်တို့ ငယ်ငယ်က ရေဒီယိုကလွှင့်နေကျ သီချင်းတွေ မကြားရတာကြာပြီ။ ဒီကိုလာတော့ ကြားလိုက်ရတာနဲ့  စိတ်ထဲမှာ ဘယ်လိုတွေ ဖြစ်သွားမှန်း မသိဘူး။ ဖော်ပြလို့ မရဘူးဗျာ” ဟု ပြောသည်။

ဗိုလ်ချုပ်သည် အဆိုပါနေအိမ်တွင် ၁၉၄၅ ခုနှစ်၊ မေလမှ ၁၉၄ရ ခုနှစ်၊ ဇူလိုင်လထိ နေထိုင်ခဲ့ကြောင်း ပြတိုက်မှတ်တမ်းများအရ သိရသည်။

Geen opmerkingen: