မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 7 juli 2009

ဘောလုံးကလပ်အသင်းများ ပြန်ခေတ်စား


Tuesday, 07 July 2009 16:43 အောင်သက်ဝိုင်း
စစ်အစိုးရနှင့် ပေါင်းသင်း စီးပွားရှာသဖြင့် လူထုမနှစ်သက်သော စီးပွားရေး လုပ်ငန်းရှင်ကြီးများကို ယခုအခါ ဘောလုံးကလပ် အသင်းပိုင်ရှင်များ အဖြစ် လူထုက အပြစ်မြင်မှု လျော့ကျလာသည်ဟု ကြားသိရသည်။


“အရင်က ဦးတေဇဆိုရင် လူတွေက သိပ်ပြီးအမြင်မကြည်ကြဘူး။ အခု ရန်ကုန် ယူနိုက်တက် ကလပ် အသင်း ပိုင်ရှင်အနေနဲ့ အတော်လေး အမြင်ကြည်လင် လာတယ်။ ဒီအသင်းက တို့ ရန်ကုန်အသင်း၊ အားပေးရမယ်ဆိုပြီး ပြောလာကြတယ်” ဟု ရန်ကုန်မြို့ခံတဦးကဆိုသည်။

ရန်ကုန်ယူနိုက်တက်နှင့် ရတနာပုံ ယူနိုက်တက်တို့ အကြိတ်အနယ် ဗိုလ်လုနေစဉ် (ဓာတ်ပုံ - Reuters)
ယခု ပြီးစီးသွားသည့် မြန်မာနေရှင်နယ်လိဂ် (MNL CUP GRAND ROYAL CUP 2009) ဘောလုံးပွဲ များကြောင့် ကလပ်ပိုင်ရှင်များနှင့် လူထုအကြား ရင်းနှီးမှု ပိုမို ရရှိလာသည်ကို တွေ့ရကြောင်း မန္တလေး အခြေစိုက် ဂျာနယ်အယ်ဒီတာ တဦးက ပြောသည်။

“မန္တလေးမှာ ရတနာပုံ FC ပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းဆိုရင် လူတိုင်းသိလာတယ်။ မန္တလေးမြို့ခံတွေက သူ့ကို ရင်းနှီးနေကြတယ်” ဟု ထိုအယ်ဒီတာက ဆက်ပြောသည်။

ယခု ပြီးစီးသွားသည့် ဖလားပြိုင်ပွဲတွင် ရန်ကုန် ယူနိုက်တက်က ကျပ်သိန်း ၅၀၀၀ ကျော်၊ ရတနာပုံ ယူနိုက်တက်က သိန်း ၆၀၀၀ ကျော်အသုံးပြုခဲ့ပြီး ကျန်သည့် ကလပ်အသင်းများသည်လည်း သိန်းထောင်ချီ အသုံးပြုခဲ့ကြသည်ဟု မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ၀န်ထမ်းတဦးက ရှင်းပြသည်။

ကျင်းပပြီးစီးသွားသည့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် ကွင်းဝင်ကြေး ငွေကျပ် သိန်း ၂၄၀၀ ရရှိခဲ့ပြီး ဘောလုံးအသင်းများကို ခွဲဝေပေးထားသော်လည်း ကလပ်ပိုင်ရှင်များ အရှုံးပေါ်ကြသည်ဟု သိရှိရသည်။

“ကွင်းဝင်ကြေး ဆိုတာက ကလပ်ပိုင်ရှင်တွေအတွက် ဘာမှ မဖြစ်စလောက်ပါ။ အရင်းတောင် မကာမိကြ ပါဘူး” ဟု သူက ဆိုသည်။

မြန်မာနေရှင်လိဂ် ဘောလုံးပြိုင်ပွဲများတွင် ဘောလုံးကလပ်အသင်း အပိုင်မရှိသေးသော နာမည်ကျော် စီးပွားရေး လုပ်ငန်းရှင်ကြီးများသည်လည်း ပုဂ္ဂလိကဘောလုံး အသင်းများ ထပ်မံ ဖွဲ့စည်းသွားရန်ရှိကြောင်း မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်ဥက္ကဌ ဦးဇော်ဇော်က ပြောကြားခဲ့သည်။

မြန်မာနေရှင်နယ်လိဂ် (MNL CUP GRAND ROYAL CUP 2009) အောင်မြင်စွာပြီးဆုံးသည့် အထိမ်းအမှတ် ရန်ကုန်ဆီဒိုနားဟိုတယ်တွင် ဇူလိုင် ၆ ရက်နေ့က ကျင်းပသော အခမ်းအနား၌ ဦးဇော်ဇော်က ထိုသို့ ပြောဆိုခြင်းဖြစ်ကြောင်း အားကစား သတင်းရပ်ကွက်မှ ကြားသိရသည်။

“ဦးဇော်ဇော်ပြောတာက ဘောလုံးအသင်း ထောင်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေကို သူစည်းရုံးနေတယ်။ တသင်းကို သိန်း ၁၀၀၀ ရင်းရုံနဲ့ရတယ်၊ နောက်တကြိမ်ကျင်းပမယ့် မြန်မာနေရှင်နယ်လိဂ်မှာ တန်းဆင်း၊ တန်းတက်အသင်းတွေ ရှိလာမှာဖြစ်တဲ့အတွက် ပထမတန်းမှာ အသင်းဖွဲ့ပြီး ပရိုနေရှင်နယ်လိဂ်မှာ ၀င်ပြိုင်လို့ ရမယ်ဆိုပြီး စည်းရုံးတယ်” ဟု အခမ်းအနားသွားရောက်ခဲ့သည် အားကစားဂျာနယ် အယ်ဒီတာတဦးက ဆိုသည်။

ဦးဇော်ဇော်၏အဆိုအရ မြန်မာနေရှင်နယ်လိဂ်တွင် ပုဂ္ဂလိကဘောလုံးအသင်း ၄၊ ၅ သင်း ဖွဲ့စည်းနိုင်သော စီးပွားရေးလုပ်ငန်းရှင်ကြီး များကို စည်းရုံးနေပြီး ထိုစီးပွားရေး လုပ်ငန်းရှင်ကြီးများကလည်း စိတ်ဝင်စားလျက် ရှိကြောင်း၊ သို့ဖြစ်၍ မကြာမီ လက်ရှိ ထူထောင်ထားပြီးသားဖြစ်သော ပုဂ္ဂလိက ဘောလုံးအသင်း ၈ သင်း အပြင် ဘောလုံးအသင်းများ ထပ်မံ ထွက်ပေါ်လာဦးမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်တကြိမ်ကျင်းပမည့် မြန်မာနေရှင်လိဂ်ဘောလုံးပြိုင်ပွဲတွင် အသင်းများသည် ငွေအား၊ လူအား ထပ်မံဖြည့်တင်းပြီး ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာတော့မည် ဖြစ်ကြောင်းလည်း ဦးဇော်ဇော်က ပြောဆိုသည်။

“မြန်မာနေရှင်နယ်လိဂ်က အတော့်ကို အောင်မြင်ပါတယ်။ လူတွေ တော်တော်များစိတ်ဝင်စားကြတယ်။ ဒါက မြန်မာ့ဘောလုံးလောက အဆင့်အတန်းမြင့်မားရေးအတွက် အထောက်အကူပြုမှာပါ” ဟု အားကစားဂျာနယ်အယ်ဒီတာ တဦးက ပြောပြသည်။

မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲ၊ ဗိုလ်လုပွဲတွင် ရတနာပုံအသင်းကို ၂ ဂိုး၊ ၂ ဂိုးဖြင့် သရေကျနေရာမှ နောက်ဆုံး ပင်နယ်တီအဆုံးအဖြတ်ဖြင့် ရှုံးနိမ့်ခဲ့ရသည့် ရန်ကုန်ယူနိုက်တက် အသင်းဥက္ကဌ ဦးတေဇက နောက်တကြိမ် ကျင်းပမည့် ပွဲတွင် သူ၏အသင်း အနိုင်ရ ဗိုလ်စွဲနိုင်ရေးအတွက် ပြည်ပမှနည်းပြများ၊ အားကစားသမားများ ထပ်မံဖြည့်တင်းပြီး ကြိုးစားမည်ဟု ကြုံးဝါးနေကြောင်း အားကစား လောကမှ ကြားသိရသည်။

“ဒီနှစ်မှာ ဖလားမရတဲ့ လုပ်ငန်းရှင်တွေအကုန်လုံးက သူတို့ရဲ့ ဘောလုံးအသင်းတွေကို နောက်နှစ်မှာ ဖလားရဖို့ ကြိုးစားမယ်လို့ ကြွေးကြော်နေကြတယ်။ ဦးတေဇကလည်း သူ့အသင်းကို ရန်ကုန်ုမှာ အောင်ပွဲခံဖို့အတွက် အနည်းဆုံး ကျပ် သိန်း ၅၀၀၀ ကနေ လိုရင်လိုသလောက် ငွေ သုံးမယ်လို့ ပြောတယ်” ဟု အားကစားဂျာနယ် အယ်ဒီတာတဦးက ပြောသည်။

မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲတွင် မန္တလေးတိုင်း ကိုယ်စားပြု ရတနာပုံ FC အသင်းကို မန္တလေးလူထုက အလွန်အားပေးထောက်ခံနေပြီး ပထမဆုံးအကြိမ် ချန်ပီယံဖြစ်လာသည့်အတွက် မန္တလေးပြည်သူများက ကျေနပ်နေကြသည်ဟု သိရှိရသည်။

“မန္တလေးလူထုက ရတနာပုံမှ ရတနာပုံ။ အားလုံးကအားပေးတယ်။ ဗိုလ်လုပွဲ MRTV ကလွှင့်တော့ မန္တလေးတမြို့လုံး တီဗွီကြည့်ပြီး ခုန်ပေါက်အော်ဟစ် အားပေးတယ်” ဟု မန္တလေးအခြေစိုက် အားကစား အယ်ဒီတာတဦးကရှင်းပြသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် မြန်မာနေရှင်နယ်လိဂ်ဘောလုံးပြိုင်ပွဲကို အဆင့်အတန်းရှိသည့် ဘောလုံးပြိုင်ပွဲများ ဖြစ်လာအောင်ကြိုးစားနေပြီး ပြိုင်ပွဲများကို ငွေကြေးပေး ၀ယ်ယူကြည့်ရှုရသည့် အခပေးရုပ်မြင်သံကြားလိုင်း တလိုင်းပေါ်ပေါက်အောင် စီစဉ်နေကြောင်းလည်း သတင်း ရရှိသည်။

“အနောက်နိုင်ငံတွေမှာလို Pay TV Channel တခု လုပ်ပြီး ရောင်းဖို့ လုပ်နေတယ်လို့ ဦးဇော်ဇော်က ပြောတယ်” ဟု ရန်ကုန်အားကစား သတင်းထောက်တဦးက ဆိုသည်။

မြန်မာနေရှင်နယ်လိဂ်တွင် အသင်း ၈ သင်းရှိပြီး ထူးကုမ္ပဏီ ပိုင်ရှင် ဦးတေဇက ရန်ကုန်ယူနိုက်တက်၊ လွယ်ဟိန်းကုမ္ပဏီဥက္ကဌ ဒေါက်တာစိုင်းဆမ်ထွန်းက ရတနာပုံ၊ ဦးဝင်းမြင့် (ရွှေနဂါးမင်း ကုမ္ပဏီ) က ဇေယျာရွှေမြေ၊ ဦးချစ်ခိုင် (ဧဒင်) က Delta United၊ ဦးအောင်မိုးကျော် (IBTC ကုမ္ပဏီ) က ဥဿာ ယူနိုက်တက်၊ ဦးအောင်ကိုဝင်း (ကမ္ဘောဇကုမ္ပဏီ) က ကမ္ဘောဇယူနိုက်တက်၊ ဦးဌေးမြင့် (ယုဇန) က Southern Myanmar ၊ ဦးထွန်းမြင့်နိုင် (အေးရှားဝေါလ်) က မကွေးယူနိုက်တက် ဘောလုံးအသင်းများ အသီးသီးပိုင်ဆိုင်ကြသည်။

ထို ဘောလုံးအသင်းများ ဖြစ်ပေါ်လာရန် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက လမ်းညွှန်ခြင်း ဖြစ်ပြီး သူနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင်များက ဝိုင်းဝန်း အကောင် အထည်ဖော်ကြခြင်း ဖြစ်ကြောင်း အများက သုံးသပ်ကြသည်။

ဘောလုံးအသင်းများ ပိုင်ဆိုင်ထားသည့် မြန်မာစီးပွားရေး လုပ်ငန်းရှင်ကြီးများမှာ ၂၀၁၀ ပြည့်နှစ်တွင် စစ်အစိုးရ ကျင်းပမည့် ရွေးကောက်ပွဲအတွက် ဒေသအလိုက် မဲဆွယ်ကြလိမ့်မည်ဟုလည်း နိုင်ငံရေး လေ့လာသူတို့က ယုံကြည်နေကြသည်။

Geen opmerkingen: