မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

maandag 27 juli 2009

လူထုအုံကြွမှုတိုက်ပွဲသာ အဓိကကျဟု လူ့ဘောင်သစ်ပါတီ ပြောကြား



NEJ / ၂၇ ဇူလိုင် ၂၀၀၉


နအဖစစ်အုပ်စုဖြုတ်ချရေးအတွက် လူထုအုံကြွမှုတိုက်ပွဲသာလျှင် အဓိကကျသည်ဟု လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျင်းပပြီးစီးသွားသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဗဟိုကော်မတီ အထူးအစည်းအဝေးတွင် လက်ရှိနိုင်ငံရေးအခြေအနေများအပေါ် သုံးသပ်ဆွေးနွေးကြပြီးသည့်နောက် ထုတ်ပြန်သည့်ကြေညာချက်နှင့်ပတ်သက်၍ ပြောကြားခြင်းဖြစ်သည်။

ပါတီ၏အထွေထွေအတွင်းရေးမှူး ဦးခင်မောင်တင့်က “လက်ရှိအခြေအနေအရ လူထုတိုက်ပွဲလုပ်ရမယ်ဆိုတာပါပဲ။ တလျှောက်လုံး ဆောင်ရွက်နေတဲ့ဟာတွေနဲ့ လုံလောက်မှုမရှိဘူး။ ဒီအတိုင်းသွားနေမယ်ဆိုရင် ၂၀၁၀ ရွေးကောက်ပွဲကို နအဖက လုပ်သွားလိမ့်မယ်။ ဒါကြောင့် အရေးကြီးဆုံးအလုပ်ကတော့ ဒီနေ့နိုင်ငံရေးမှာ လူထုကိုမျက်နှာမူတဲ့ နိုင်ငံရေးကို လုပ်ရမယ်။ တပြည်လုံးအတိုင်းအတာဆောင်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွမှုတွေ လုပ်ရမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယနေ့တည်ရှိနေသည့် အခြေအနေတွင် ပိုင်းဖြတ်ချက်ရှိရှိ ပြင်ဆင်ထားခြင်းမရှိပါက ရှေ့အနာဂတ်တွင် စိမ်ခေါ်မှုအသစ်များဖြင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

နောက်ပိုင်းတွင် ဖြစ်ပေါ်လာမည့် နိုင်ငံရေးနှင့်ပတ်သက်ပြီး ပြည်တွင်းတွင်ဖြစ်စေ၊ ပြည်ပတွင်ဖြစ်စေ၊ ဒီမိုကရေစီရေးကို သွေဖည်သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တိုက်ဖျက်ရေးနှင့် သက်ဆိုင်သည့် တိုက်ပွဲများအားလုံးကို ပြင်ဆင်သွားရေးမှာ အရေးကြီးကိစ္စတရပ်ဖြစ်သည်ဟုလည်း ဦးခင်မောင်တင့်က ပြောသည်။

“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ဖို့ဆိုရင် ကျနော်တို့ ပြည်တွင်းပြည်ပတိုက်ပွဲတွေကို ဖော်ဆောင်သွားရမှာဖြစ်တယ်။ ပြည်တွင်းတိုက်ပွဲကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ်တော့ ပြောလို့မဖြစ်နိုင်ဘူး။ အဓိက၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တိုက်နိုင်မယ့် တိုက်ပွဲမှန်သမျှကို ကျနော်တို့ပါတီက လုပ်ဆောင်မှာဖြစ်တယ်” ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီအထူးအစည်းဝေးကို ယခုလ (၂၀) ရက်မှ (၂၄) ရက်အထိ ကျင်းပခဲ့ပြီး ဗဟိုဦးဆောင်ကော်မတီဖွဲ့စည်းခြင်းနှင့် ပါတီဖွဲ့စည်းပုံစည်းမျဉ်းတွင် ပြဋ္ဌာန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိခဲ့သည့် လုပ်ငန်းစဉ်များကို ပြန်လည်ဆောင်ရွက်နိုင်ရန် ပြည်ပတွင်ရှိသည့်ပါတီဝင်များနှင့် ဆက်စပ်ရေးအပြင် ပါတီဝင်မျိုးဆက်သစ် စည်းရုံးသိမ်းသွင်း လေ့ကျင့်တည်ဆောက်ရေးအတွက် အစည်းဝေးတွင် အတည်ပြုဆုံးဖြတ်ခဲ့ကြသည်။

နအဖစစ်အုပ်စုကို တိုက်ဖျက်ရန် လူထုအုံကြွမှုဖြင့်သာ ဖြစ်နိုင်မည်ဆိုသည့်ကိစ္စနှင့်ပတ်သက်၍ မဟာမိတ်ပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ၏ အထွေထွေအတွင်းရေးမှူး ဦးမြင့်စိုးက “စစ်အုပ်စုဖြုတ်ချရေးမှာ လူထုဟာ အခရာကျတာမှန်ပေမယ့် ဒီကိစ္စမှာ လူတန်းစားအလွာအသီးသီးပါဖို့ အရေးကြီးပါတယ်။ ဥပမာ-စစ်တပ်၊ ရဲနဲ့ ၀န်ထမ်းတွေ ပါဖို့လိုတယ်။ အောက်ခြေတပ်တွေကိုသာ ကျနော်တို့စည်းရုံးနိုင်မယ်ဆိုရင် တပ်နဲ့လူထုက တသွေးတသားတည်း ဖြစ်သွားမှာပါ” ဟု ပြောသည်။

လွတ်မြောက်နယ်မြေတွင် ကျင်းပသည့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၏ ဗဟိုကော်မတီ အစည်းအဝေးတွင် ဥက္ကဋ္ဌ ဦးအောင်မိုးဇော်၊ ဒု-ဥက္ကဋ္ဌ ဦးယဉ်ထွေးနှင့် အထွေထွေအတွင်းရေးမှူးအဖြစ် ဦးခင်မောင်တင့် အပါအ၀င် (၈) ဦးပါ ဗဟိုဦးဆောင် ကော်မတီကို ပြန်လည်စုစည်းခဲ့ကြသည်။

Geen opmerkingen: