မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 22 juli 2009

နေကြတ်လို့ ဘာဖြစ်မလဲ



Wednesday, 22 July 2009 18:01 သဲသဲ
ယနေ့နံနက်က ၂၁ ရာစုနှစ်အတွင်း အချိန်အကြာဆုံး အပြည့်အဝ နေကြတ်ခြင်း ဖြစ်ပေါ်ခဲ့သောကြောင့် မြန်မာနိုင်ငံ အုပ်ချုပ်သူများထဲမှ အကြီးဆုံးပုဂ္ဂိုလ် တဦးဦး အသက်အန္တရာယ် ဖြစ်နိုင်သည်ဟု မန္တလေးအခြေစိုက် နက္ခတ္တဗေဒ ပညာရှင်တဦးက ဆိုသည်။


“ကရကဋ် ရာသီမှာဖြစ်တာဆိုတော့ ခု သုံးလအတွင်း၊ အတိအကျပြောရရင် အခုကနေ လာမယ့် စက်တင်ဘာ ၁၅ ရက်နေ့မတိုင်ခင် လူတန်းစားမျိုးစုံ ငတ်မွတ်ခေါင်းပါးတာ၊ အစာရေစာ ရှားပါးတာတွေ ဖြစ်တတ်တယ်” ဟု ၎င်းက ပြောသည်။

ဆက်လက်၍ ၎င်းက တောတွင်း နေထိုင်သည့် အဖွဲ့အစည်းများ၏ ခေါင်းဆောင်များ အန္တရာယ် ဖြစ်နိုင်ဖွယ်ရှိပြီး မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီး၊ ရေလျှံဖြစ်ကာ ဆန်ရေစပါးရှားပါးခြင်းများ ဖြစ်ပေါ်နိုင်သည်ဟု ပြောသည်။

ရန်ကုန်မှ နက္ခတ္တဗေဒ ဝါသနာရှင် တဦးကလည်း “မြန်မာနိုင်ငံက ကျော်ကြားသူတစ်ဦးဦး သေဆုံးနိုင်တယ်၊ ဒီ နေကြတ်ရာမှာ ဂြိုဟ်ကြီး ၄ လုံး ပူးနေတဲ့အတွက် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ ဇာတာ နိမ့်နေတယ်” ဟု ရှင်းပြသည်။

ဒေသခံများ၏ အဆိုအရ ရန်ကုန်တွင် မြန်မာစံတော်ချိန် နံနက် ၉နာရီ ၁၅ မိနစ်ကနေကြတ်ခြင်းကို စတင် မြင်တွေ့ခဲ့ကြရပြီး နေကြတ်ချိန် ကြာမြင့်မှုမှာ ၆ မိနစ် ၃၉ စက္ကန့် ရှိသည်ဟု သိရသည်။

သိပ္ပံပညာရှင်များကမူ ယခုကဲ့သို့ နေအပြည့် ကြတ်မှုသည် နှစ်ပေါင်း ၁၀၀ ကျော် အတွင်း မြေဆွဲအား မညီမျှမှုများ ဖြစ်ပေါ်စေရန် အခွင့်အလမ်း အများဆုံးဖြစ်နေရာ ငလျင်ကြီးများ၊ ဆူနာမီရေလှိုင်းကြီးများ ဖြစ်ပေါ်လာနိုင်ပြီး စိုးရိမ်စရာများ ရှိနိုင်သည်ဟု သုံးသပ်ကြသည်။

ယနေ့ နေကြတ်မှုဖြစ်စဉ်ကြောင့် ဂျပန်နိုင်ငံ ပတ်ဝန်းကျင် ဒေသတွင် အင်အား ရစ်ခ်ျတာစကေး ၆ နှင့် အထက်ရှိသော ငလျင်ကြီးတစ်ခု ဖြစ်ပေါ်လာနိုင်ဖွယ် ရှိပြီး ပြီးခဲ့သည့် ကာလများကကြူံတွေ့ ခဲ့ရသည့် အပြည့်အဝ နေကြတ်မှု ၃ ကြိမ်တွင် ဂျပန် ပတ်ဝန်းကျင်ဒေသများ အတွင်း ၃ ကြိမ်စလုံး ငလျင်လှုပ်ခတ်ခဲ့သည်ဟု ဂျပန်သတင်းတရပ်က ဆိုသည်။

ယင်းနေကြတ်ခြင်းကို အိန္ဒိယဒေသတွင် ပထမဆုံးမြင်တွေ့ ရပြီးနောက် တရုတ်နှင့် ပစိဖိတ်ဒေသများသို့  ရွေ့ လျား သွား ခဲ့ကြောင်း သိရသည်။ နေကြတ်ခြင်းကို တရုတ်၊ အိန္ဒိယ၊ နီပေါ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ ဘူတန်နှင့် ပစိဖိတ်ကျွန်းစုတို့တွင် ပိုမို ထင်ရှားစွာ မြင်တွေ့ ခဲ့ရကြောင်းလည်း သိရသည်။

Geen opmerkingen: