မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 14 juli 2009

မူဆယ်မြို့အနီးတွင် မီးရထားဘူတာရုံ တည်ဆောက်ရန် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးလာကြည့်



NEJ / ၁၄ ဇူလိုင် ၂၀၀၉


ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးသည် တရုတ်နှင့် မြန်မာဆက်သွယ်မည့် မီးရထားလမ်းအတွက် မူဆယ်မြို့နယ်၊ နမ့်ဟွိုင်ကျေးရွာအနီး တည်ဆောက်ရန် လျာထားသည့် မြေနေရာအား လာရောက်ကြည့်ရှုစစ်ဆေးသွားသည်။

ယခုလ (၁၁) ရက် ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်ကုန်သွယ်ရေးဇုန် ခရီးစဉ်အတွင်း ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့် အဖွဲ့သည် (၁ဝ၅) မိုင်ကုန်သွယ်ရေးဇုန်ရှိ ရဟတ်ယာဉ်ကွင်းသို့ ရောက်ရှိလာပြီး ကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမတွင် ခယက၊ မယကဥက္ကဋ္ဌများ၊ ကုန်သွယ်ရေးဇုန် ဦးစီးအရာရှိများနှင့် မူဆယ်၊ နမ်းခမ်း နယ်စပ်ကုန်သည်ကြီးများအသင်းမှ အမှုဆောင်များနှင့် တွေ့ဆုံခဲ့သည်။

ထို့နောက် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေးနှင့်အဖွဲ့သည် ကုန်သွယ်ရေးဇုန်နှင့် မလှမ်းမကမ်း နမ့်ဟွိုင်ကျေးရွာအနီးရှိ မြေနေရာသို့ မော်တော်ကားများဖြင့် သွားရောက်ကြည့်ရှုခဲ့သည်ဟု နယ်စပ်ကုန်သည်ကြီးတဦးက အတည်ပြုပြောဆိုသည်။

၎င်းက “မနှစ် နှစ်လယ်ပိုင်း ဦးတေဇ တရုတ်နယ်စပ် လာကတည်းက အဲဒီသတင်းတွေ ထွက်နေတာ။ လေယာဉ်ကွင်း ဆောက်မယ်တို့၊ မီးရထားဘူတာရုံဆောက်မယ်တို့၊ အခု ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး သွားကြည့် တဲ့ခါမှ အတည်ပြုလို့ ရသွားတာ။ အဲဒီနေရာကို ကုန်သွယ်ရေးဇုန်ကနေ သိပ်မသွားရဘူး။ နီးနီးလေးပဲ။ ဆောက်တာကတော့ တရုတ်ဘက်က လာဆောက်ပေးမှာလို့ ကြားရတယ်” ဟု ပြောသည်။

ဇူလိုင် (၁၃) ရက်ထုတ် နအဖသတင်းစာများတွင် ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး မူဆယ်ကုန်သွယ်ရေးဇုန်သို့ သွားရောက်ကြောင်း သာဖော်ပြပြီး မီးရထားဘူတာရုံကိစ္စ မပါရှိသော်လည်း ခရီးစဉ်အတွင်း မီးရထားဝန်ကြီး ဗိုလ်ချုပ် အောင်မင်း၊ ဆောက်လုပ်ရေး ဝန်ကြီး ဗိုလ်ချုပ် ခင်မောင်မြင့်တို့ လိုက်ပါလာကြောင်း ဖော်ပြထားသည်။

ယူနန်ပြည်နယ်မြို့တော် ကူမင်မြို့မှ မြန်မာနိုင်ငံ လားရှိုးမြို့အထိ မီးရထားလမ်းဆက်သွယ်ပြီး ၎င်းမှတဆင့် အရှေ့တောင် အာရှနိုင်ငံများနှင့် ဆက်သွယ်ကာ မီးရထားလမ်းဖောက်သွားမည့် စီမံကိန်းသတင်းကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်အစိုးရမှ မြန်မာဘာသာဖြင့် လစဉ်ထုတ်ဝေသည့် မင်္ဂလာစာစောင်များတွင် အစောပိုင်းကာလများကတည်းက ဖော်ပြခဲ့သည်။

ကူမင်မြို့မှ နယ်စပ် ရွှေလီမြို့အထိ မီးရထားလမ်း ဖောက်လုပ်မှု အခြေအနေများအား တရုတ်ရုပ်မြင်သံကြားဌာနက ရံဖန်ရံခါ ဖော်ပြနေသော်လည်း မြန်မာစစ်အစိုးရဘက်ကမူ အဆိုပါ မီးရထားလမ်းကိစ္စ လုံးဝဖော်ပြခြင်း မရှိသေးပေ။

“တရုတ်သမ္မတ ကျန်ဇီမင်းလက်ထက်တုန်းက ဗန်းမော်မှာ ရေနက်ဆိပ်ကမ်းဆောက်မယ်ဆိုပြီး တရုတ်ဘက်က မီဒီယာ၊ အထူးသဖြင့် မင်္ဂလာမဂ္ဂဇင်းက ခဏခဏဖော်ပြခဲ့တယ်။ ကျန်ဇီမင်း ဗမာပြည်သွားတော့ အဲဒီကိစ္စ MOU လက်မှတ်ထိုး မယ်ဆိုတော့ ဗိုလ်သန်းရွှေက လက်မှတ်မထိုးလို့ ဗိုလ်ခင်ညွန့်က ကျန်ဇီမင်း အမျက်ဒေါသပြေအောင် ခရီးစဉ်တလျှောက်လုံး လိုက်ပါချော့ခဲ့ရတယ်ဆိုပြီး ဗိုလ်မှူး အောင်လင်းထွဋ်က ဟိုတလောက မီဒီယာကနေ ဖွင့်ချခဲ့တာလည်းရှိတယ်။ နအဖဗိုလ်ချုပ် တွေက အဲလိုမျိုးကိစ္စတွေမှာ လျှို့ဝှက်ထားတာ။ တကယ်ဆောက်ပြီဆိုမှ ဗေဒင်ကိန်းခန်းတွေနဲ့ မင်္ဂလာအချိန်ကျရောက်လို့ ဆိုပြီး ပန္နက်ရိုက်ပြ၊ ရွှေအုပ်၊ ငွေအုပ်စီနဲ့ တရားဝင် ထုတ်ဖော်တာ” ဟု စာနယ်ဇင်းသမားတဦးက ပြောသည်။

ဒု-ဗိုလ်ချုပ်မှူးကြီး မောင်အေး၏ ယခု မူဆယ်ခရီးစဉ်တွင် တပ်မတော် (လေ) နှင့် (ရေ) ဦးစီးချုပ်အပါအဝင် ကာကွယ်ရေး ဝန်ကြီးဌာနမှ ဒု-ဗိုလ်ချုပ်ကြီးများ လိုက်ပါလာ၍ နအဖပိုင်သတင်းစာများတွင် ဖော်ပြထားသကဲ့သို့ နယ်စပ် ကုန်သွယ်ရေးဇုန်သို့ လာရောက်စစ်ဆေးခြင်းမျိုးထက် ပိုသည့် အခြားကိစ္စရပ်များလည်း ပါဝင်နိုင်သည်ဟု အကဲခတ်များက သုံးသပ်သည်။

Geen opmerkingen: