မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 31 juli 2009

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း



မင်းနိုင်သူ / ၃၁ ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့်ရက်ကို သြဂုတ် (၁၁) ရက်သို့ ပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

အင်းစိန်အထူးတရားရုံးတွင် ယနေ့နံနက် (၁၀) နာရီတွင် ရုံးချိန်းစတင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လာသူများ ယခင်ရက်များကထက် ပိုမိုများပြားခဲ့ကြောင်း အန်အယ်လ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။

“ဒီနေ့ပိုများလာတယ်။ အင်းစိန်ခုံးတံတားကိုလည်း လုံးလုံးပိတ်ထားတာတွေ့ရတယ်။ လုံခြုံရေးတွေလည်း ပိုများလာတယ်။ အင်းစိန်မီးရထားဆေးရုံဝင်းမှာလည်း လူနာတွေကို နှင်ချပြီး လုံခြုံရေးကွပ်ကဲရေးရုံးဖွင့်ထားတယ်။ ဆရာဦးဝင်းတင်လည်း နေမကောင်းတဲ့ အကြားက ဆိုက္ကားစီးပြီး အရောက်လာပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ထောက်ခံသူများကို အမည်မသိလူတစုက ကုလသမဂ္ဂအလံတံဆိပ်ပါ ရင်ထိုးများ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ထဲတွင်မူ ယူနီဖောင်းဝတ် လုံခြုံရေးများကို များပြားစွာ မတွေ့ရှိရသော်လည်း သိမ်းငှက်ပုံရင်ထိုးတပ်ဆင်ထားသော စွမ်းအားရှင်များကို ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများတွင် တွေ့နေရသည်ဟု ပြည်တွင်းစာနယ်ဇင်းသမားတဦးက ပြောသည်။

“လူထုက ဒီနေ့သတင်းကို နားစွင့်နေကြတယ်။ ကွမ်းယာဆိုင်မှာလည်း ဒီအကြောင်း၊ လက်ဖက်ရည်ဆိုင်မှာလည်း ဒီအကြောင်း၊ ကိုယ့်အုပ်စုနဲ့ကိုယ် ကြိတ်ပြီး ပြောဆိုနေကြတာ။ သတင်းသမားတွေလည်း ဒီနေ့အင်းစိန်ဘက်ကို အများဆုံးသွားနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ထောင်ချလိုက်လို့ကတော့ ပေါက်ကွဲထွက်လာမယ့် အလားအလာရှိတယ်။ ဦးဆောင်သူဘယ်က ပေါ်လာမလဲဆိုတာဘဲ အဓိကကျနေတယ်” ဟု ၎င်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည်။

နအဖစစ်အစိုးရက ယခုအမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ယခုအမှုသည် နအဖစစ်အစိုးရ၏ နိုင်ငံရေးလုပ်ကြံမှု တခုအဖြစ် ရှုမြင်ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း နအဖစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှုများကို ပြန်လည်ရုပ်သိမ်းကာ ခြွင်းချက်မရှိပြန်လွှတ်ပေးရန် ပြီးခဲ့သည့် ဇူလိုင် (၂၉) ရက်က ထပ်မံ တောင်းဆိုထားပြီး ယမန်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းသံအမတ်ကြီး ဦးသန်းဆွေကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီးဖြစ်သည်။

Geen opmerkingen: