မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 juli 2009

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံမည့်သူများတွင် ဒေါက်တာစင်သီယာမောင် ပါဝင်



NEJ / ၂၁ ဇူလိုင် ၂၀၀၉


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မစ္စဟီလာရီ ကလင်တန်သည် ထိုင်းနိုင်ငံရှိ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် အမျိုးသမီးများနှင့် တွေ့ဆုံမည်ဖြစ်ရာ ယင်းသို့တွေ့ဆုံမည့်သူများတွင် မယ်တော်ဆေးခန်း တာဝန်ခံ ဒေါက်တာစင်သီယာမောင်လည်း ပါဝင်ကြောင်း သိရသည်။

ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံတွင် ကျင်းပတော့မည့် အာဆီယံ ဒေသတွင်း အစည်းအဝေးသို့ တက်ရောက်မည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးနှင့် မနက်ဖြန်တွင် တွေ့ဆုံရန်ရှိကြောင်း ဒေါက်တာစင်သီယာမောင်က ပြောသည်။

၎င်းက “မနက်ဖြန် သူနဲ့တွေ့မှာဖြစ်တယ်။ ကျမအနေနဲ့ အဓိကကတော့ မြန်မာနိုင်ငံရဲ့ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး ပြန်လည်ထွန်းကားရေး၊ မြန်မာပြည် ပြန်လည်ထူထောင်ရေးတွေမှာ နိုင်ငံတကာမိသားစုရဲ့ ကူညီပံ့ပိုးမှုတွေ ပိုပြီးတော့ ပေးနိုင်ဖို့ ပြောဆိုသွားမှာ ဖြစ်တယ်” ဟု ပြောသည်။

၁၉၈၈ ခုနှစ်တွင် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုများအား အာဏာသိမ်းစစ်အုပ်စုမှ နှိမ်နင်းဖြိုခွဲကာ လိုက်လံဖမ်းဆည်းမှုများ ကြောင့် မြန်မာနိုင်ငံမှ ထိုင်းနယ်စပ်သို့ သောင်းနှင့်ချီ တိမ်းရှောင်လာကြသူများတွင် ဒေါက်တာစင်သီယာမောင်လည်း တဦးအပါအ၀င်ဖြစ်သည်။

ထို့နောက် ၁၉၈၉ ခုနှစ်တွင် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၌် တဲငယ်လေးတခုကို ဆေးခန်းသဖွယ်အသုံးပြု၍ ဒေါက်တာ စင်သီယာမောင် ဦးစီးကာ ဒေသတွင်းရောက် မြန်မာနိုင်ငံသားများနှင့် နယ်စပ်ရှိ ဒုက္ခသည်များအတွက် ကျန်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများကို စတင်လုပ်ဆောင်ခဲ့သည်။

ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးဝါးပစ္စည်းကိရိယာများ ပြည့်စုံလုံလောက်မှုမရှိဘဲ ချို့တဲ့စွာ စတင်လှုပ်ရှားခဲ့သည့် မယ်တော်ဆေးခန်းမှာ သက်တမ်းနှစ် (၂၀) ရှိခဲ့ပြီး ယခုအခါ ဆရာဝန် ဆရာမများ၊ ကျန်းမာရေးလုပ်သားများနှင့်အတူ နှစ်စဉ်ဝေဒနာရှင်ပေါင်း (၅) သောင်းခန့်အား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့လုပ်ဆောင်ပေးလျက်ရှိသည်။

ဆေးခန်းတွင် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန၊ အတွင်းလူနာဌာန၊ ဓာတ်ခွဲခန်း၊ သွေးလှူဘဏ်၊ သားဖွားဌာန၊ မျက်စိဌာန၊ သွားကုသရေးဌာန၊ ခြေတုလက်တုဌာန၊ လူမှုဆက်ဆံရေးဌာန၊ လူနာမှတ်ပုံတင်ဌာနနှင့် အိပ်ခ်ျအိုင်ဗွီ ပညာပေးရေးဌာနများက နေ့စဉ် လူနာပေါင်း (၃၀၀) ခန့်ကို အခမဲ့ ဆေးဝါးကုသပေးလျက်ရှိသည်။

ထို့အပြင် ဒေသတွင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ သားသမီးများ ပညာရေးအတွက် မယ်တော်ဆေးခန်း အနီးတွင် မိဘမဲ့ကလေးဂေဟာ၊ နေ့ကလေးထိန်းကျောင်း၊ မူလတန်းကျောင်၊ အလယ်တန်းကျောင်း၊ အထက်တန်းကျောင်းများ ဖွင့်လှစ်ကာ ပညာရေးဝန်ဆောင်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။

ဒေါက်တာ စင်သီယာမောင်သည် အာရှနိုဘယ်လ်ဆုဟု ခေါ်သည့် ရေမွန်မက်ဆေးဆေးဆု အပါအ၀င် နိုင်ငံတကာမှ ပေးအပ်ထားသည့် ဆုပေါင်း (၁၅) ဆု ရရှိထားသည်။

Geen opmerkingen: