
Friday, 10 July 2009 20:15 အေးလဲ့
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့တော်ရောက် မြန်မာပြည်သားများအတွက် မြန်မာနိုင်ငံမှ နာမည်ကျော် အဆိုတော်များ၏ စင်မြင့် ဖျော်ဖြေပွဲ ကို မနက်ဖြန် စနေနေ့တွင် ကျင်းပတော့မည် ဖြစ်သည်။
ဂီတဖျော်ဖြေပွဲအတွက် အဆိုတော် အဲလက်စ်၊ တင့်တင့်ထွန်း၊ ရေဗက္ကာဝင်း၊ J- Me ၊ နာမည်ကျော် မော်ဒယ် သရုပ်ဆောင် မိုးဟေကိုတို့ လန်ဒန်တွင် ရောက်ရှိနေပြီဟု သိရသည်။
ရန်ကုန်မှ အဆိုတော်များက Creek Society အမည်ရှိ တေးဂီတအဖွဲ့နှင့် တွဲဖက် တင်ဆက်မည် ဖြစ်ကြောင်း သိရသည်။
“ကျနော်က အပုဒ် ၂ဝ လောက်တော့ ပြင်ဆင် ထားပါတယ်၊ အနောက်တိုင်းမှာ ပထမဆုံး သွားရမယ့် ခရီးစဉ် ဖြစ်ပါတယ်” ဟု ဟစ်ဟော့ပ် အဆိုတော် J-Me က ပြောသည်။
ညနေ ၄ နာရီမှ ည ၁၁ နာရီအထိ လန်ဒန်မြို့၊ GREENFORD ခန်းမတွင် ပြုလုပ်မည့် ဖျော်ဖြေပွဲတွင် ရရှိသည့် ငွေများကို နာဂစ် မုန်တိုင်း ကယ်ဆယ်ရေး ရန်ပုံငွေအတွက် အသုံးပြုမည်ဟု ဆိုသည်။
လက်မှတ် တစောင်လျှင် ပေါင်ငွေ ၂ဝ သတ်မှတ်ထားပြီး ဆယ်နှစ်အောက် ကလေးများ အခမဲ့ ဝင်ရောက်နိုင်မည် ဟု သိရသည်။ ပရိသတ်ကို ဆွဲဆောင်ရန် ကံစမ်းမဲ နှင့် မြန်မာအစားအစာများ ကိုလည်း စီစဉ်ထားကြောင်း တွေ့ရသည်။ အဆိုတော်များကို စင်မြင့်ပေါ်တွင် တွေ့ဆုံမေးမြန်းနိုင်မည်ဟုလည်း ကြော်ငြာထားသည်။
ပွဲစီစဉ်သူများက နာဂစ်မုန်တိုင်း ကူညီရေး ရန်ပုံငွေ ရရှိရန်သာမက မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့ရသည့် ဒုက္ခရောက်မှုများ ရှိနေဆဲဖြစ်ကြောင်း လူအများကို အသိပေးရန်လည်း ရည်ရွယ်သည်ဟု ဆိုသည်။
“ဒီလန်ဒန်မှာရောက်နေတဲ့ မြန်မာတွေအတွက် ဖျော်ဖြေပွဲ သဘောရယ်၊ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒုက္ခသည်တွေဟာ ဒီနေ့ ဒီအချိန်အထိ ဒုက္ခရောက်နေသေးတယ် ဆိုတာတွေကိုလည်း ဒီမှာရှိတဲ့သူတွေ သိအောင် Projector နဲ့ ပြသမှာ ဖြစ်ပါတယ်၊ လှူဒါန်းဖို့တွေလည်း ပြင်ဆင်ထားပြီးပါပြီ ” ဟု ပွဲစီစဉ်သူတဦးက ဆိုသည်။
မြန်မာနိုင်ငံတွင်၂ဝဝ၈ခုနှစ် မေလက တိုက်ခတ်ခဲ့သော နာဂစ် မုန်တိုင်းကြောင့် လူပေါင်း ၁၄ဝ ဝဝဝ ဝန်းကျင် သေဆုံးခဲ့ရသည်။
Geen opmerkingen:
Een reactie posten