မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zaterdag 4 juli 2009

ဘန်ကီမွန်း ခရီးစဉ် အကျိုးရလဒ်မရှိဟု လေ့လာသူများပြော


Saturday, 04 July 2009 19:09 ကိုစိုး
မြန်မာနိုင်ငံသို့ လာရောက်သော ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း၏ ၂ ရက် ကြာ ခရီးစဉ်သည် မြန်မာ့ဒီမိုကရေစီရေးနှင့် ပတ်သက်ပြီး သိသာထင်ရှားသည့် အကျိုးရလဒ်ကို မရရှိခဲ့ကြောင်း လေ့လာသူများက ပြောသည်။

မစ္စတာ ဘန်ကီမွန်း မြန်မာနိုင်ငံသို့ မလာရောက်မီ တောင်းဆိုထားသည့် အချက်များကို စစ်အစိုးရက လိုက်လျော ခြင်း မရှိနိုင်သည့်အတွက် ၎င်း၏ ခရီးစဉ်သည် ရလဒ်ကောင်းများမရရှိနိုင်ဟု ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPP) အတွင်းရေးမှူး ဦးအေးသာအောင်က ပြောသည်။

မစ္စတာ ဘန်ကီမွန်းနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေပြည်တော် ဘုရင့်နောင် ရိပ်သာ၌ ယမန်နေ့က တွေ့ဆုံစဉ် (ဓာတ်ပုံ - Getty Images)
“အစကတည်းကလည်း မျှော်လင့်ချက် သိပ်မထားခဲ့ပါဘူး၊ ဘာကြောင့်လည်းဆိုတော့ လက်ရှိအာဏာပိုင်တွေက တိုင်းပြည်မှာ တကယ်လိုအပ်တဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပြီးတော့ အမျိုးသားပြန်လည် သင့်မြတ်ရေး ကို တည်ဆောက်ဖို့ ဆန္ဒကို မရှိဘူး၊ ဒီနေ့ဆို မစ္စတာ ဘန်ကီမွန်း ခရီးစဉ်ပြီးပြီ ၊ ဒါပေမယ့် ကြားရသလောက် ကောင်းတဲ့ ရလဒ်တွေရနိုင်မယ်လို့ မမျှော်လင့်ဘူး”ဟု ဦးအေးသာအောင်က ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရန် မစ္စတာ ဘန်ကီမွန်းက ပြောဆို သည့်တိုင် စစ်အစိုးရက ဆောင်ရွက်ပေးမည်ဟု မထင်မြင်ကြောင်း၊ ၂၀၁၀ ရွေးကောက်ပွဲ မတိုင်ခင် ကာလတွင် မည်သူကပင်ပြောသည်ဖြစ်စေ စစ်အစိုးရက လိုက်နာမည့် သဘောမရှိကြောင်းလည်း ၎င်း ကဆိုသည်။

မစ္စတာ ဘန်ကီမွန်းက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး၊ တိုင်းရင်း သားအဖွဲ့များအပါအဝင် အတိုက်အခံ အဖွဲ့များအားလုံးနှင့် တွေ့ဆုံ ဆွေးနွေးရေး၊ ၂၀၁၀ ရွေးကောက်ပွဲကို တရားမျှတစွာ ကျင်းပပေးရေး စသည့်အချက် ၃ ချက်ကို စစ်အစိုးရအား အဓိက တောင်းဆိုမည်ဖြစ်ကြောင်း ပြောဆို ထားသည်။

ယခင်ကလည်း မြန်မာ စစ်အစိုးရကို အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက်တွေ့ဆုံဆွေးနွေးရေး ပြုလုပ်ရန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားအားလုံးလွှတ်ပေးရန်တို့ကို တောင်းဆိုထားသည်။ ယင်းတောင်း ဆိုချက်များ အကောင်အထည် ဖော်နိုင်မှသာ မြန်မာနိုင်ငံသို့ သွားရောက်လိုကြောင်း မစ္စတာ ဘန်ကီမွန်း က ထုတ်ဖော် ပြောဆိုထားသည်။

ယမန်နေ့က မစ္စတာ ဘန်ကီမွန်းသည် နေပြည်တော်တွင် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၂ နာရီ ကြာတွေ့ဆုံ ဆွေးနွေးခဲ့သည်။ ယင်းသို့ တွေ့ဆုံစဉ် ၎င်းက ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်တောင်း သည်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က ခွင့်မပြုခဲ့ပေ။ မစ္စတာ ဘန်ကီမွန်းသည် ယခုခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ၂ ကြိမ်တွေ့ဆုံကြောင်း သိရသည်။

ထိုသို့ တွေ့ခွင့်မပြုသည့် အပေါ်“ကျနော်တို့ အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ မစ္စတာ ဘန်ကီမွန်းကို တွေ့ခွင့်မပေးဘူးဆိုရင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး အတွက် စေတနာ နည်းနေသေးလို့ ပေးမတွေ့တာ လို့ပဲ ပြောချင်တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ကပြောသည်။

သံအမတ်ကြီးဟောင်းနှင့် ဝါရင့်နိုင်ငံရေးသမားကြီး တဦးဖြစ်သူ သခင်ချန်ထွန်းကလည်း မစ္စတာ ဘန်ကီမွန်းကို ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ခွင့်မပေးခြင်းသည် တွေ့ဆုံဆွေးနွေးရေး အပါအဝင် ၂၀၁၀ ရွေးကောက်ပွဲ တရား မျှတစွာ ကျင်းပရေးတို့ကို မလိုက်လျောနိုင်သော တင်းမာသည့် သဘောထားဟု ယူဆကြောင်း ပြောဆိုသည်။

“သံတမန်ရေးအရတော့ နည်းလမ်းမကုန်သေးပါဘူး၊ သူ တရုတ်တို့ ရုရှားတို့ကို ချဉ်းကပ် ဦးမှာပေါ့၊ လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံတွေနဲ့ ချဉ်းကပ်တင်ပြပြီးတော့ တွေ့ဆုံဆွေးနွေးရေးအတွက် တိုက်တွန်းမယ်၊ အထူးသဖြင့် တရုတ်တို့ ရုရှားတို့နဲ့ ဆောင်ရွက်ဖို့အလားအလာရှိတယ်”ဟုလည်း သခင် ချန်ထွန်းက ဆက်လက်ပြောဆိုသည်။

မစ္စတာ ဘန်ကီမွန်း၏ ယခုခရီးစဉ်သည် မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် ကြားဝင်ဆောင် ရွက်ရေးအတွက် လာရောက်ခြင်းဖြစ်သောကြောင့် စစ်အစိုးရ တဘက်တည်းက ပြောကြားချက်များကိုသာ နား ထောင်၍ ပြန်သွားပါက ပြည့်စုံသည့် ခရီးစဉ်ဟု မယူဆနိုင်ကြောင်း NLD ပြန်ကြားရေးအဖွဲ့မှ ဦးအုန်းကြိုင်က လည်း ပြောသည်။

“သူက ကျနော်တို့ နိုင်ငံအမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးတဲ့ ပုံစံနဲ့ လာတာ၊ ၂ ဘက်ခေါင်းဆောင်တွေနဲ့ တွေ့ခွင့်ရမှ ပိုပြီးတော့ ပြည့်စုံမှာပေါ့၊ ဒီလိုတွေ့ခွင့်မရဘဲ တဘက်တည်းနဲ့တွေ့ပြီး တ ဘက် တည်းက ပြောတာကို နားထောင်သွားရင် မြန်မာပြည်ကိစ္စ ပြေလည်ရေးအတွက် သူ့ရဲ့ ကြိုးပမ်းမှုတွေဟာ သိပ်ပြီးတော့ အလုပ်ဖြစ်မယ်မထင်ဘူး၊ သူ့ခရီးစဉ်က ပြည့်စုံတဲ့ ခရီးစဉ်တခု မဖြစ်ဘူး”ဟု ၎င်းက သုံးသပ်သည်။

မစ္စတာ ဘန်ကီမွန်းသည် နေပြည်တော်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအပြင် နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း အပါ အဝင် စစ်အစိုးရ ထိပ်ပိုင်း ခေါင်းဆောင်များ ဖြစ်သော ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး ၊ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်း၊ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ၊ အတွင်းရေးမှူး(၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး တို့နှင့်လည်း တွေ့ဆုံကြောင်း သိရသည်။

ထို့အပြင် အတိုက်အခံ NLD အပါအဝင် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ၊ ပြည်ထောင်စု ကရင် အမျိုး သားများအဖွဲ့ချုပ်၊ ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ မြို (ခ) ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့၊ ဝ အမျိုး သား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ကိုးကန့် ဒီမိုကရေစီနှင့် ညီညွတ်ရေးပါတီ၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ၊ လားဟူ အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ပြည်ထောင်စု ပအို့ဝ် အမျိုးသား အဖွဲ့ချုပ် စသည့် နိုင်ငံရေး ပါတီ ၁၀ ခု တို့နှင့်လည်း တွေ့ဆုံသည်ဟု ယနေ့ထုတ် အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

မစ္စတာ ဘန်ကီမွန်းသည် ကချင်အထူးဒေသ(၁) NDA-K ၊ ရှမ်း/မြောက် အထူးဒေသ (၅) KDA ၊ ရှမ်း/တောင် အထူးဒေသ(၆) PNO ၊ ကယား အထူးဒေသ(၂) ကလလတ ၊ ဟောင်သရော အထူးဒေသ ငြိမ်းချမ်းရေး အဖွဲ့၊ ဘုရားကုန်း အထူးဒေသ ငြိမ်းချမ်းရေးအဖွဲ့နှင့် DKBA အဖွဲ့ စသည့် တိုင်းရင်းသားအဖွဲ့ ၇ ဖွဲ့တို့နှင့်လည်း တွေ့ဆုံကြောင်း သတင်းစာ၌ ပါရှိသည်။

မစ္စတာ ဘန်ကီမွန်း၏ ဇူလိုင်လ ၃ ရက်နေ့မှ စတင်သည့် မြန်မာနိုင်ငံ ၂ ရက် ခရီးစဉ်သည် စစ်အစိုးရ၏ ဖိတ်ကြား ချက်အရ လာရောက်ခြင်းဖြစ်သည်။

မစ္စတာဘန်ကီမွန်းသည် ၂၀၀၈ခုနှစ် မေလအတွင်း နာဂစ် ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီး နောက် မြန်မာနိုင်ငံ သို့ပထမအဆုံးအကြိမ်သွားရောက်ခဲ့သည်။ ထိုခရီးစဉ်သည် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရန်ဖြစ်ပြီး နိုင်ငံရေးကိစ္စများ ဆွေးနွေးဆောင်ရွက်မည်မဟုတ်ကြောင်း မြန်မာနိုင်ငံသို့မသွားရောက်ခင် ၎င်းကပြောဆိုခဲ့ပြီး ခရီးစဉ်အတွင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေအပါအဝင် စစ်အစိုးရထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။

Geen opmerkingen: