မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 juli 2009

နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် မြန်မာကို အာဆီယံတောင်းဆို



NEJ / ၂၁ ဇူလိုင် ၂၀၀၉


မြန်မာနိုင်ငံတွင် ၂၀၁၀ ရွေးကောက်ပွဲကို လွတ်လပ်မျှတပြီး ပါတီအားလုံးပါဝင်နိုင်စေရန် ကျင်းပရေးနှင့် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးရေးတို့အတွက် ထိုင်းနိုင်ငံ ဖူးခက်ကျွန်း အပန်းဖြေစခန်းတွင် ယမန်နေ့က ပြုလုပ်သည့် (၄၂) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ အစည်းအဝေးတွင် တိုက်တွန်းလိုက်သည်။

မြန်မာနိုင်ငံ၌ စစ်မှန်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် အဓိပ္ပာယ်ရှိသည့် တွေ့ဆုံဆွေးနွေးရေးကို ဖော်ဆောင်နိုင်ရန်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုလိုက်ပြီး ၂၀၁၀ ရွေးကောက်ပွဲတွင် အားလုံးကို ပါဝင်ခွင့်ပေးသင့်ကြောင်းလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ၏ ပူးတွဲထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

မြန်မာစစ်အစိုးရကမူ ပြင်ပမှဖိအားများနှင့် စီးပွားရေးပိတ်ဆို့မှုများသည် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများကို အဟန့်အတားဖြစ်စေသည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။

ကြေညာချက်တွင် အာဆီယံအဖွဲ့အနေဖြင့် အပြုသဘောဆောင်သည့်မူဝါဒကို ဆက်လက်ကျင့်သုံးသွားမည်ဖြစ်ကာ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကြိုးပမ်းလုပ်ဆောင်ချက်များကို ပံ့ပိုးသွားမည်ဖြစ်ပြီး မြန်မာစစ်အစိုးရက ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု ပြောဆိုခဲ့သည့်အပေါ်လည်း အသိအမှတ်ပြုပါကြောင်း ဖော်ပြပါရှိသည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ ဆုံးဖြတ်ချက်တစုံတရာမချမခြင်း၊ ကျန်သည့်ကမ္ဘာ့နိုင်ငံများကို ရှင်းလင်းပြောကြားရန် အာဆီယံအနေဖြင့် ၀န်ထုတ်ဝန်ပိုး ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း၊ အာဆီယံနိုင်ငံခြားရေး ၀န်ကြီးများအနေဖြင့် မြန်မာနိုင်ငံတွင် နိုင်ငံရေးတည်ငြိမ်မှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို မြင်လိုသည့် စိတ်ဆန္ဒရှိကြပြီး အကူအညီအထောက်အပံ့များလည်း ပေးလိုကြကြောင်း အာဆီယံအတွင်းရေးမှူးချုပ် စူရန်ပစ်စ၀မ်က ပြောကြားလိုက်သည်။

ယမန်နေ့က ကျင်းပသည့် အာဆီယံအစည်းအဝေးတွင် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက အာဆီယံအဖွဲ့အတွင်း ပထမဆုံးဖွဲ့စည်းမည့် လူ့အခွင့်ရေးကော်မရှင်နှင့်ပတ်သက်၍လည်း စည်းမျဉ်းအချက်အလက်များကို အတည်ပြုခဲ့သည်။

သို့သော် ASEAN Intergovernmental Commission on Human Rights ဟု အမည်ပေးထားသည့် အဆိုပါ လူ့အခွင့်အရေးကော်မရှင်ပါ စည်းကမ်းအချက်အလက်များသည် အာဆီယံထဲမှ စည်းကမ်းချိုးဖောက်သည့် အဖွဲ့ဝင်နိုင်ငံအပေါ် စုံစမ်းစစ်ဆေး၊ အရေးယူနိုင်ခြင်းမျိုး မရှိသည့်အတွက် အာဆီယံအတွင်းရှိ လူ့အခွင့်အရေးအဖွဲ့များ၏ ဝေဖန်မှုကို ခံနေရသည်။

ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ကမူ အာဆီယံလူ့အခွင့်အရေးအဖွဲ့အနေဖြင့် အစပိုင်းတွင် လူ့အခွင့်အရေးများကို အကာအကွယ်ပေးခြင်းထက် လူ့အခွင့်အရေးများကို ပိုမိုမြှင့်တင်သွားနိုင်ရေးအတွက် ပထမဦးစားပေး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။

Geen opmerkingen: