မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 21 juli 2009

ဦးဝင်းတင် ကျန်းမာရေးမကောင်း ဆေးကုသမှုခံယူနေရ

Tuesday, 21 July 2009 16:59 အေးလဲ့
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ကျန်းမာရေး မကောင်းမွန်သောကြောင့် ဆေးဝါးကုသမှု ခံယူနေရကြောင်း သိရသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဦးဝင်းတင်သည် ပြီးခဲ့သည့် ကြာသပတေးနေ့မှ စ၍ နှလုံးခုန်နှုန်းမမှန် ဖြစ်ပြီး မောပန်းသည့် ဝေဒနာကို ခံစားနေရသဖြင့် NLD ရုံးသို့ မသွားရောက်နိုင်ဘဲ အိမ်တွင် အနားယူနေရကြောင်း ၎င်းက ပြောသည်၊

“လွန်ခဲ့တဲ့ ကြာသပသေးနေ့ကနေစပြီး ရုံးမတက်နိုင်ဘူး၊ ကျနော် တခုခု လှုပ်ရှားရင် အရမ်းမော သလို ခံစား ရတယ်၊ သာမန်လူ တယောက်က ပုံမှန် နှလုံးခုန်နှုန်း တမိနစ်မှာ ၇၀-၈၀ နှုန်း နဲ့ ကျနော် သွေးခုန်နှုန်း နိင်း ယှဉ်ကြည့်ရင် ကျနော့် နှလုံးခုန်နှုန်းက တမိနစ်ကို ၄၆-၄၇ နှုန်းလောက်ပဲ ခုန်နေတယ်” ဟု ဦးဝင်းတင်က ဧရာဝတီကို ပြောသည်။

နှလုံးရောဂါ အထူးကု ဒေါက်တာ ချိုလေးမာနှင့် ဆေးကုသမှု ခံယူနေကြောင်းလည်း ဦးဝင်းတင်၏ မိတ်ဆွေ ဖြစ်သူ ဦးမောင်မောင်ခင်က ပြောပြသည်။

ဦးမောင်မောင်ခင်က“နှလုံး ပါရဂူ ဒေါ်ချိုလေးမာ နဲ့ပြထားတယ်၊ ဆေးပေးထားတယ်၊ နောက် တပတ်ထပ် ချိန်းထားတယ်၊ ဆရာဝန်ကတော့ နှလုံး အဆို့ရှင် လေးခုရှိတယ်၊ သုံး ခုက ဟ နေတယ်တဲ့၊ နှလုံးရောဂါ ဖြစ်ချင်တယ်တဲ့၊ သိပ်ဆိုးဆိုးဝါးဝါးတော့ မဟုတ်သေးဘူးလို့ပြောတယ်” ဟု ဆိုသည်။

ဦးဝင်းတင်သည် ၁၉ နှစ်ကျော် နိုင်ငံရေး အကျဉ်းသားဘဝဖြင့် ဖြတ်သန်းခဲ့ရပြီး ထို အကျဉ်းကျနေချိန် တလျှောက်လုံး အစာအာဟာရ ပြည့်ဝစွာ မစားရသည့်အပြင် သူ၏ ကျန်းမာရေး အတွက် ဆေးဝါး ကုသမှု မခံယူခဲ့ရပေ။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အင်းစိန်ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း မကြာခဏ ကျန်းမာရေး ညံ့လျက် ရှိကြောင်း၊ နိုဝင်ဘာလတွင် ပန်းနာ ရင်ကြပ်ရောဂါ ခံစားခဲ့ရပြီး ဒီဇင်ဘာလတွင် သွေးပေါင်ကျမှု ကြောင့် ရက်အနည်းငယ်ကြာ ဆေးရုံး တက်ခဲ့ရကြောင်း သိရသည်။

ဦးဝင်းတင်နှင့် ထောင်အတူ ကျခံခဲ့ဖူးသော ထိုင်းနိုင်ငံ NLD လွတ်မြောက်နယ်မြေ နိုင်ငံခြားရေးဌာနမှ အတွင်းရေးမှူး ဦးမိုးဇော်ဦးက “သူ(ဦးဝင်းတင်)က ထောင်ထဲမှာ မကြာခဏ နေထိုင်းမကောင်းဖြစ်တတ်တယ်၊ အစာအာဟာရ ဖြစ်တဲ့ အစာအသောက်မစားရတာရယ် ဆေးဝါးလည်း အလုံအလောက် ကုသမှု မရခဲ့ဘူး၊ ဒါကြောင့် ကျနော်တို့က သူအသက်ရှင်ရက်နဲ့ ထောင်ထဲက ထွက်နိုင်ပါ့မလားလို့တောင် စိုးရိမ်ခဲ့တယ်” ဟု ပြောသည်။

ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြင့် ၁၉၈၉ ခုနှစ် တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခဲ့ရာ ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာသူဖြစ်သည်။

Geen opmerkingen: