မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

dinsdag 28 juli 2009

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတော့မည်



မင်းနိုင်သူ / ၂၈ ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစစ်ဆေး နေသော အင်းစိန်အထူးတရားရုံး ယနေ့တရားခွင်၌ တရားသူကြီးများက လာမည့်သောကြာနေ့တွင် စီရင်ချက်ချမည်ဟု ရုံးချိန်းပေးလိုက်ပြီဖြစ်သည်။

“ဒီနေ့တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့အမှုက နှစ်ဘက်ရှေ့နေတွေရဲ့ အပြီးသတ်လျှောက်လဲချက် (၁၂) နာရီလောက်မှာ ပြီးစီးသွားပါပြီ။ တရားရုံးက ဇူလိုင် (၃၁) ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ရုံးချိန်းပေးလိုက်ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းတင်ပြခဲ့သော ထပ်တိုးသက်သေအတွက် နှစ်ဘက်ရှေ့နေများက ယနေ့ထပ်မံ လျှောက်လဲချက် ပေးခဲ့ကြရာ တရားရုံးက ထပ်တိုးသက်သေမလိုအပ်ဟုဆိုကာ ပယ်ချလိုက်ကြောင်း သိရသည်။

“အဲဒီထပ်တိုးသက်သေနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်ရှေ့နေတွေ အကျဉ်းချုပ် လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက ဒီသက်သေဟာ အစိုးရအဖွဲ့က အဆုံးအဖြတ်ပြုပြီးသား ကိစ္စဖြစ်နေတယ်။ အတည်ဖြစ်နေတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုပြီး ကျနော်တို့ လျှောက်ထားတာကို ပယ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ (၁၀/က)၊ (၁၀/ခ) နဲ့ ထိန်းသိမ်းခဲ့တဲ့ အမိန့်တွေဟာ အစိုးရအဖွဲ့က လုပ်တာ။ အစိုးရအဖွဲ့က လုပ်ထားတဲ့အပေါ်မှာ အယူခံလည်း ပယ်ထားပြီးသားဖြစ်တော့ ဒါဟာ အတည်ဖြစ်နေပါတယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းခဲ့မှုအခြေအနေနှင့် ယခုစွဲဆိုထားချက် အပ်စပ်မှုရှိမရှိ တရားရုံးက ဆုံးဖြတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေကြီး ဦးကြည်ဝင်းက မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောဆိုချက်ကို ကိုးကား၍ ယမန်နေ့ တရားခွင်တွင် တင်ပြခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းမဟုတ်ဘဲ သူ့အသက်အန္တရာယ် စိုးရိမ်ရ၍ ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအလုပ်ကော်မတီသို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို ဦးကြည်ဝင်းက တင်ပြခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို သက်သေအဖြစ် တင်သွင်းလိုကြောင်း ယမန်နေ့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထပ်တိုးသက်သေ လျှောက်ထားချက်ကို ပယ်ချလိုက်သည့်အတွက် ရှေ့နေဦးဉာဏ်ဝင်းက “အစိုးရအဖွဲ့က အဲလိုလုပ်တာကိုက ဥပဒေနဲ့မညီဘူး။ ဥပဒေအရ မလုပ်နိုင်ဘူး။ သူတို့က အဲဒါကို ရှောင်နေတာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဦးဉာဏ်ဝင်းက တင်ပြခဲ့သော ဇူလိုင် (၂၃) ရက်ထုတ် သတင်းစာများ၏ ဆောင်းပါးပါ ရေးသားချက်များသည် တရားဥပဒေကို မထီမဲ့မြင်ပြုရာရောက်သဖြင့် လိုအပ်သလို စိစစ်ဆောင်ရွက်ပေးပါရန် လျှောက်ထား ချက်ကိုလည်း ယနေ့တရားခွင်တွင် တရားသူကြီးများက တစုံတရာတုံ့ပြန်ခဲ့ခြင်းမရှိဟု သိရသည်။

နအဖစစ်အစိုးရ၏ သတင်းစာများ၌ ဇူလိုင် (၂၃) ရက်တွင် လူသစ်ဆိုသော ကလောင်အမည်ဖြင့် ရေးသားထားသည့် ပြည်သူ့ဆန္ဒကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသူများ ၀ိုင်းဝန်းဖယ်ရှား ဟူသည့် ဆောင်းပါးတွင် “အလားတူပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး။ တည်ဆဲဥပဒေတရပ်ကို ဖောက်ဖျက်ကျူးလွန်လို့ သက်ဆိုင်ရာတရားရုံးက တရားစွဲဆိုမှုနဲ့ တရားရင်ဆိုင်နေရသူသာ ဖြစ်ပါတယ်” ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနေဖြင့် အပြီးသတ်လျှောက်လဲချက်ကို ရနိုင်သမျှသော အချိန်ကာလအတွင်း တရားရုံးသို့ အချက်အလက်ခိုင်ခိုင်မာမာဖြင့် အကောင်းဆုံးတင်ပြခဲ့ကြောင်း၊ ဥပဒေအမြင်အရ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့တရားခွင်သို့ ဂျပန်နှင့်အမေရိကန် အပါအ၀င် သံရုံး (၅) ခုခန့်မှ သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားသူကြီး ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့က အမှုကို ကြားနာစစ်ဆေးနေပြီး လာမည့် ဇူလိုင် (၃၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စီရင်ချက်အမိန့် ချမှတ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၂၃) ဦး တင်သွင်းကာ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးကိုသာ တင်သွင်းခွင့်ရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။

Geen opmerkingen: