မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

zondag 26 juli 2009

အပြီးသတ်လျှောက်လဲရက် ထပ်မံရွှေ့ဆိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် မကျေနပ်ဟု ဆို


NLD ရုံးချုပ်တွင် ရှေ့နေကြီး ဦးဉာဏ်ဝင်း သတင်းထောက်များကို ရှင်းလင်းနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)

Saturday, 25 July 2009 16:03 ကိုစိုး
ဒေါ်အောင်ဆန်းစုကြည်က ၎င်းရင်ဆိုင်နေရသည့် အမှုနှင့်ပတ်သက်၍ အပြီးသတ်လျှောက်လဲချက် ကြားနာ စစ်ဆေးရန်အတွက် တရားရုံးက လာမည့်တနင်္လာနေ့သို့ ထပ်မံရွှေ့ဆိုင်းလိုက်ခြင်းကို ကျေနပ်မှုမရှိကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်း က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးဉာဏ်ဝင်းက“ဒေါ်အောင်ဆန်းစုကြည်က ဒီလျှောက်လဲချက်ပေးတာဟာ တရားလိုဘက်ရော၊ တရားခံ ဘက်ရော၊ တကြိမ်တည်းမှာ ပြီးအောင် လုပ်သင့်တယ်၊ ပြီးအောင် မလုပ်ဘဲနဲ့ ဒီလို ရွှေ့တာဟာ သူမကျေနပ်ဘူးလို့ ပြောပါတယ်”ဟု ဧရာဝတီသို့ ပြောပြသည်။

ယမန်နေ့က အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ယင်းအမှုကို နေ့လယ် ၂ နာရီခန့်မှ စတင်ကြားနာရာ ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေကြီး ဦးကြည်ဝင်း တဦးတည်းသာ လျှောက်လဲချိန်ရရှိကြောင်း၊ လျှောက်လဲ ချိန်သည် ရုံးချိန်လွန်သွားသည့်အတွက်ဟုဆိုကာ တရားရုံး က လာမည့် တနင်္လာနေ့တွင် ဆက်လက် ကြားနာ စစ်ဆေးမည်ဟု ချိန်းဆိုလိုက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

NLD ရုံးချုပ်တွင် ရှေ့နေကြီး ဦးဉာဏ်ဝင်း သတင်းထောက်များကို ရှင်းလင်းနေစဉ် (ဓာတ်ပုံ - ဧရာဝတီ)
“ဒီနေ့ တရားခွင်က နေ့ခင်း ၂ နာရီမှာ စပါတယ်၊ စစခြင်း ရှေ့နေကြီး ဦးကြည်ဝင်းက ဒေါ်အောင်ဆန်းစုကြည်မှာ အပြစ် မရှိကြောင်း လျှောက်လဲပါတယ်၊ ၂ နာရီခွဲလောက်ကြာတယ်၊ ညနေ ၄ နာရီခွဲ ရောက်သွားတာပေါ့၊ တရား ရုံးက ရုံးချိန် လွန်သွားပြီဖြစ်တဲ့အတွက် ကျန်တာကို ၂၇ ရက်နေ့ ၁၀ နာရီမှာ ဆက်လက်ပြီး လျှောက်လဲချက်တွေ ကြားနာမယ်ဆိုပြီး ရက်ရွှေ့လိုက်ပါတယ်”ဟု ဦးဉာဏ်ဝင်းက ပြောသည်။

တရားရုံးကို ရှေ့နေကြီး ဦးကြည်ဝင်း လျှောက်လဲရာတွင် ယခုအမှုနှင့် ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်တွင် အပြစ်မရှိကြောင်း အဓိက အချက် ၂ ချက်ကိုရှင်းလင်း လျှောက်လဲခဲ့ကြောင်း သိရသည်။

“အဓိက ၂ ချက်ကို အကျယ်တဝင့် လျှောက်လဲပါတယ်၊ (၁) အချက်က ၇၄ အခြခံဥပဒေ ၁၅၉(က)မှာပါတဲ့၊ ပုဂ္ဂလိက လွတ်လပ်မှု ၊ အဲဒီ လွတ်လပ်မှုဆိုတဲ့ နေရာမှာ မစ္စတာ ယက်ထောကို အစာကျွေးတာ၊ စကားပြောတာ၊ လက်ခံတာ၊ ဒါတွေဟာ ပြစ်မှုမဟုတ်ဘူး၊ ဥပဒေမှာ ဒီစကားလုံးတွေ တလုံးမှ မပါဘူး၊ ဒါကြောင့် ဒီစကားလုံး တွေ ကို တိုးချဲ့ပြီး အဓိပ္ပာယ်ဖွင့်ဆိုခွင့်မရှိဘူး၊ ဥပဒေမှာက လွှတ်တော်မှာပဲရှိတယ်၊ အခုချိန်မှာ လွှတ်တော်လည်း မရှိ ဘူး၊ ဘယ်ဝန်ကြီးဌာန၊ ဘယ်ဦးစီးဌာနကမှ ဒီလို အဓိပ္ပာယ်ဖွင့်ဆိုခွင့်မရှိဘူး၊ ဒါကြောင့် ဒီပြစ်မှုကို ဒေါ်အောင်ဆန်း စုကြည် ကျူးလွန်ခြင်းမရှိဘူး၊နောက် တချက်က စည်းကမ်းချက်နဲ့ဆိုင်တဲ့ အချက်”ဟု ဦးဉာဏ်ဝင်းက ရှင်းပြ သည်။

အဆိုပါ စည်းကမ်းချက်နှင့် ဆိုင်သော အချက်မှာ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက် ခဲ့သော မစ္စတာ ယက်ထော၏ သမီးထံမှ စာနှင့် ပတ်သက်နေကြောင်း သိရသည်။

“နောက် တခုက စည်းကမ်းချက်၊ အခြားသို့ စာဖြင့် ဆက်သွယ်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်ဟာ အပြင်ကို စာနဲ့ ဆက်သွယ်တယ်ဆိုတာ၊ အဲဒီလို ဒေါ်အောင်ဆန်းစုကြည်ဟာ စာနဲ့ ဆက်သွယ်တာ ဘာမှ မရှိဘူး၊ မစ္စတာ ယက်ထောရဲ့ သမီးလေးက မစ္စတာ ယက်ထောနဲ့ ထည့်ပေးလိုက်တဲ့ စာတစောင်၊ စာကလည်း အပြည့် အစုံ မဟုတ်ဘူး၊ ဒါကို လက်ခံထားတယ်ဆိုပြီးတော့ပေါ့၊ ကျနော်တို့က ဘာစာပဲ ဖြစ်ဖြစ် အပြင်ကနေလာတာ၊ ဒေါ်အောင်ဆန်းစုကြည် ဆက်သွယ်တာ မဟုတ်ဘူး၊ အမှုမမြောက်ဘူး၊ ဒါကို ကျနော်တို့ အကျယ်တဝင့် ရှင်းပါ တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပြောခွင့်ရ ပုဂ္ဂိုလ် တဦးလည်းဖြစ်သည့် ဦးဉာဏ်ဝင်းက ပြော သည်။

ယမန်နေ့က ကြားနာသည့် အင်းစိန်ထောင်တွင်း အထူးတရားရုံး တရားခွင်သို့ နိုင်ငံခြားသံရုံးများဖြစ်သော ဗြိတိန်၊ ပြင်သစ်၊ အီတလီ ၊ ဂျာမနီ နှင့် နော်ဝေး သံရုံးများမှ သံအရာရှိများလာရောက်၍ ဒေါ်အောင်ဆန်းစုကြည်နှင့် မိနစ် အနည်းငယ် နှုတ်ဆက်စကားပြောသည်ဟုလည်း ၎င်းက ဆိုသည်။ သို့သော် သတင်းမီဒီယာများကိုမူ တရားခွင် သို့ လာရောက်ခွင့်မပြုကြောင်း သိရသည်။

ယင်းသို့ ဒေါ်အောင်ဆန်းစုကြည်အမှု ကြားနာစစ်ဆေးနေချိန်၌ အင်းစိန်ထောင်နှင့် အနီးတဝိုက်တွင် အာဏာပိုင် များက ယခင်ကထက် လုံခြုံရေး ပိုမိုတင်းကျပ်ထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ အမှုနှင့် ပတ်သက်ပြီး နောက်ဆုံးအကြိမ် အပြီးသတ်၂ ဘက်လျှောက်လဲကြားနာ ရန် အတွက် ယမန်နေ့တွင် တရားရုံးက ချိန်းဆိုထားခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ရှေ့နေများဖြစ်သော ဦးဉာဏ်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့် နှင့် ဦးကြည်ဝင်း တို့က လျှောက်လဲချက်ပေးရန် သွားရောက်ခဲ့ကြ သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ၎င်း၏အိမ်သို့ တိတ်တဆိတ်ဝင်ရောက်ခဲ့သော ဂျွန် ၀ီလျံ ယက်ထော အမှုနှင့် ပတ် သက် ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်း ထောင်သို့ ခေါ်ဆောင်၍ တားဆီးမိန့် ချိုးဖောက်မှု ပုဒ်မ ၂၂ ဖြင့် တရားစွဲဆိုလိုက်ကာ မေလ ၁၈ ရက်နေ့မှ စတင်၍ အစိုးရ တရားလိုပြ သက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး မေလ၂၆ နေ့တွင်မှ ဒေါ်အောင်ဆန်း စုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည့် ၆ နှစ်ပြည့်ခါနီး အချိန်တွင် ယခုကဲ့သို့ တရားစွဲဆို ခံရခြင်းဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ်ကျော်ပြီ ဖြစ်သည်။

ဤသတင်းအား ဧရာဝတီ သတင်းထောက် ကြည်ဝေနှင့် ပူးပေါင်း ရေးသားသည်။

Geen opmerkingen: