မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

woensdag 15 juli 2009

အပြီးသတ်လျှောက်လဲချက်အတွက် ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ဆွေးနွေးမည်



မင်းနိုင်သူ / ၁၆ ဇူလိုင် ၂၀၀၉


အပြီးသတ်လျှောက်လဲချက်မူကြမ်းတင်ပြရန်နှင့် အမှုကိစ္စဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေများ မနက်ဖြန်တွင် တွေ့ဆုံသွားမည် ဖြစ်ကြောင်း အန်အယ်လ်ဒီပါတီပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

၎င်းက “မနက်ဖြန် ဒေါ်စုနဲ့တွေ့တာကတော့ အဓိကက အပြီးသတ်လျှောက်လဲချက် ဆွေးနွေးမှာပဲ။ အခုတွေ့ခွင့်တောင်းတာလည်း အပြီးသတ်လျှောက်လဲချက်အတွက်ပဲ ကျနော်တို့တောင်းတာပဲ။ ကျနော်တို့ အပြီးသတ်လျှောက်လဲချက်မှာ ၁၉၇၄ ခု အခြေခံဥပဒေမှာပါတဲ့ ပုဒ်မ (၁၅၉) ကနဲ့ ပတ်သက်တဲ့အချက်ပါပါတယ်။ ဒါပေမယ့် အဲဒီတချက်တည်းမဟုတ်ဘူး။ ကျန်တဲ့ အချက်တွေလည်း ရှိသေးတယ်။ ဒါပေမယ့် အပြီးသတ်လျှောက်လဲချက်ဆိုတာ တရားရုံးရှေ့မှာ ပြောရတာလေ။ ကျနော်တို့ အခုလက်နက်တွေ ထုတ်ပြလို့ မဖြစ်သေးဘူးနော်။ အဲဒီဥပဒေရှိတာဆိုရင် ဘယ်လို၊ မရှိတာဆိုရင် ဘယ်လို အားလုံးပါမယ်” ဟု ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ် အတွင်း ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ် ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံးတွင် တရားစွဲဆိုထားသည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲတင်မှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးသာ တင်သွင်းခွင့်ပြုထားသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှ တင်သွင်းခွင့်ရခဲ့သော သက်သေ (၂) ဦးမှာ ရှေ့နေများဖြစ်ကြပြီး တရားရုံးတွင် ဒေါ်အောင်ဆန်းစုကြည်အပေါ် ကန့်သတ်ထားသည့် ပုဒ်မ ၁၅၉ (က) သည် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ဖြစ်နေသည့်အတွက် သက်ဝင်မှုရှိမရှိစဉ်းစားကြရန် သက်သေ (၂) ဦးစလုံးက တင်ပြလျှောက်လဲခဲ့ကြသည်။

ထိုကဲ့သို့ တင်ပြလျှောက်လဲရခြင်းနှင့်စပ်လျဉ်း၍ ရှေ့နေကြီး ဦးကြည်ဝင်းက “၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အာဏာသက်ရောက်မှု ရှိသေးသလား။ မရှိတော့ဘူးလား။ ဒီဟာက နံပါတ် (၁) အခြေခံတာပေါ့ဗျာ။ အဲဒါက မရှိတော့ဘူး ဆိုရင်တော့ ဒီပုဒ်မ ၁၅၉ (က) ကလည်း သက်ဝင်မှုမရှိတော့ဘူး။ အဲလိုဖြစ်သွားမယ်လေ” ဟု ပြောသည်။

၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ၌ အခြေခံရမည့်မူများတွင် ဆိုရှယ်လစ်လူ့ဘောင်တည်ဆောက်ရေး၊ ဆိုရှယ်လစ်စီးပွားရေး တည်ဆောက်ရေး၊ တပါတီစနစ် ကျင့်သုံးရေးတို့ ပါဝင်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းချိန်တွင် ထိုအခြေခံမူ များ ပျောက်ကွယ်ခဲ့ပြီးဖြစ်သည်ဟုလည်း ၎င်းက ထောက်ပြသည်။

“အဲတော့ စောစောက ပြောတဲ့ အခြေခံမူဆိုတာတွေက တော်တော်ပျက်သွားတာ။ ပျက်သွားတော့ ဒီထဲမှာမှ တခါ ၁၉၉၀ ခုနှစ် တုန်းကတော့ ရွေးကောက်ပွဲမတိုင်မီ ဗိုလ်ချုပ်မှူးကြီးစောမောင် ပြောတယ်။ ပြီးတော့လည်း ကြေညာချက် ၁/၉၀ ထုတ်ခဲ့တယ်ဗျာ။ ထုတ်ခဲ့တော့ အဲဒီမှာက ဖွဲ့စည်းပုံအခြေခံဥပဒေအနေအထားကို ဗိုလ်ချုပ်မှူးကြီးစောမောင်ပြောတဲ့ စကားနော်။ သူရဲ့မိန့်ခွန်းတွေ ပြန်ဖတ်ရင် ဘာတွေ့မလဲဆိုတော့ ဒီကနေ့တို့လုပ်နေတာ စစ်အစိုးရ (Military Government) တဲ့။ ဘယ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ကိုမှ လိုက်နာနေရခြင်းမရှိဘူးတဲ့။ နောက်ပြီးတော့ ကမ္ဘာတခုလုံး ဘယ်မှာကြည့်ကြည့်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်ပြီဆိုရင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ ပျက်သွားတာပဲတဲ့။ အသက်မရှိတော့ဘူးတဲ့။ သူက အဲလိုပြောသွားတယ်” ဟု ဦးကြည်ဝင်းက ဆက်လက်ပြောဆိုသည်။

သို့ရာတွင် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား စတင်ထိန်းသိမ်းခဲ့သည့် ၁၉၈၉ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိတကြိမ်၊ ၂၀၀၀ ပြည့်နှစ်မှ၂၀၀၂ ခုနှစ်အထိတကြိမ်၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၉ ခုနှစ်အထိတကြိမ်၊ စုစုပေါင်း (၃) ကြိမ်စလုံး ထိုဥပဒေဖြင့် အရေးယူထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

အင်းစိန်ထောင်အထူးတရားရုံး တရားခွင်တွင် ရုံးတင်စစ်ဆေးနေသည့် ဒေါ်အောင်ဆန်းစုကြည် ယခုရင်ဆိုင်နေရသောအမှုနှင့် ပတ်သက်၍ ကန့်သတ်မိန့် ၁၅၉ (က) ကို သက်ဝင်စေမည့် ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ တည်ရှိခြင်း ရှိမရှိဆိုသည့် အချက်အပေါ် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဘက်မှ တင်ပြဆွေးနွေးသွားရန်ရှိသည်ဟု သိရသည်။

“ပုဒ်မ ၁၅၉ ဆိုတာကတော့ နိုင်ငံသားတယောက်ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ လွတ်လပ်မှု မူလအခွင့်အရေးနှင့် လုံခြုံရေးအတွက် အာမခံချက်ရှိစေရမယ်တဲ့။ အဲဒါကို ကန့်သတ်လိုက်တာ။ ကျနော်တို့တင်ပြနေတာ ဘာလဲဆိုတော့ လွတ်လပ်မှု မူလအခွင့်အရေး ကန့်သတ်တာတော့ ထားပါဦး။ ဒါပေမယ့် လုံခြုံရေးဆိုတာကြီးနဲ့ တွဲနေတာ။ လုံခြုံရေးအာမခံချက်။ အာမခံချက်ကလည်း ဒါဟာ ဖွဲ့စည်းပုံက ပေးထားတဲ့အာမခံ။ ဆိုတော့ ဒီအာမခံချက်ကို ဘယ်သူက တာဝန်ယူရမလဲ။ အစိုးရ ပေါ့ဗျာ။ အဲလိုတာဝန်ယူရတာ။ အဲဒီတာဝန်ကို ရုပ်သိမ်းလို့ရမလား။ ဖွဲ့စည်းပုံအခြေခံဥပဒေက အစိုးရအာဏာပိုင်ကို ပေးထားတဲ့ တာဝန်။ ၁၉၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ရှိသေးတယ်လို့ ယူဆရင် သူတို့ အဲဒါကို ငြင်းလို့ရလား။ နိုင်ငံသားရဲ့ မူလအခွင့်အရေးကန့်သတ်တာတော့ ထား။ သူ့တို့တာဝန်ကိုတော့ သူတို့ ပြန်ကန့်သတ်လို့ရလား။ အဲဒါပါပဲ” ဟု ဦးကြည်ဝင်းက ရှင်းပြသည်။

ထိုကဲ့သို့ အငြင်းပွားဖွယ်ရာ ဥပဒေပြဋ္ဌာန်းချက်ပါ စကားရပ်များ၏ အနက်အဓိပ္ပာယ်ကို ဖွင့်ဆိုပေးနိုင်ခွင့်ရှိသော ပြည်သူ့လွှတ်တော် ဆိုသည့် နေရာကို စကားရပ်အစားထိုးပြဋ္ဌာန်းထားခြင်း မရှိသေးကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောသည်။

၎င်းက “တကယ်တမ်းကျတော့ ဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပုဒ်မတွေနဲ့ ပတ်သက်လို့ အနက်အဓိပ္ပာယ် ဖွင့်ဆိုမယ်ဆိုရင် ပုဒ်မ ၂၀၀ နဲ့ ၂၀၁ အရ ပြည်သူ့လွှတ်တော်ကသာ ဖွင့်ဆိုနိုင်တယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေက အဓိပ္ပာယ်ဖွင့်ဆိုလို့ကို မရဘူး။ အခုက ပြည်သူ့လွှတ်တော်ဆိုတာကို စကားရပ်အစားထိုးတာ မရှိသေးဘူးဗျ။ နိုင်ငံတော်ကောင်စီကို နအဖနဲ့ အစားထိုးတယ်။ ကျန်တာတွေ ကျန်တဲ့ အာဏာပိုင်အဖွဲ့အစည်းတွေကိုလည်း အဲလိုအစားထိုးတယ်။ သို့သော် ပြည်သူ့လွှတ်တော်ကို စကားရပ်များ အစားထိုးခြင်းနဲ့ အစားထိုးတာ မရှိသေးဘူး။ အဲလိုဖြစ်နေတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီး ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီးသည့်နောက် ၂၀၀၈ ခုနှစ်ကျမှ သာ ၎င်း၏ရှေ့နေများဖြင့် တွေ့ခွင့်ရရှိခဲ့ခြင်းဖြစ်ပြီး ယင်းနှစ် သြဂုတ်လ (၈) ရက်တွင်မှ ရှေ့နေကြီး ဦးကြည်ဝင်းနှင့် စတင်တွေ့ဆုံ ခွင့်ရရှိခဲ့ကြောင်း သိရသည်။

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ယခုအမှုသည် နိုင်ငံရေးလုပ်ကြံမှုတခု ဖြစ်သည်ဟု ရှုမြင်ထားကြပြီး ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသား များအား လွှတ်ပေးရန် တောင်းဆိုထားသည်။

လာမည့် ဇူလိုင် (၂၄) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်အမှုအား နှစ်ဘက်ရှေ့နေများ အပြီးသတ်လျှောက်လဲချက်ပေးရန် အင်းစိန်တရားရုံးက ဇူလိုင် (၁၀) ရက် တရားခွင်တွင် အမိန့်ချမှတ်ခဲ့သည်။

ယခုအမှုနှင့်ပတ်သက်၍ ဦးဉာဏ်ဝင်းက “ဒီအမှုက စွဲတောင်မစွဲသင့်တဲ့အမှုမျိုးပါ။ ဘာပြစ်မှုမှ မရှိဘဲ၊ အတင်းစွဲပြီးတော့ ဒါနဲ့ငြိတယ် ဟိုဟာနဲ့ငြိတယ်။ တကယ်တမ်း အဲဒါတွေကလည်း မငြိဘူးလို့ပဲ ကျနော်တို့တော့ မြင်တယ်” ဟု ပြောသည်။

Geen opmerkingen: