မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

vrijdag 31 juli 2009

မြောက်ပိုင်းတိုင်း တိုင်းမှူး ကေအိုင်အိုနယ်မြေရောက်ရှိ စစ်ဆေးရုံသို့ သွားရောက်လေ့လာ

NEJ / ၃၁ ဇူလိုင် ၂၀၀၉


မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ထိန်းချုပ်ရာ တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့သို့ ယနေ့ရောက်ရှိလာကာ လိုင်ဇာဟိုတယ်တွင် ကေအိုင်အိုခေါင်းဆောင်များနှင့် တွေ့ဆုံပြီးနောက် ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ကြည့်ရှုခဲ့သည်။

အင်အား (၁ဝဝ) ဝန်းကျင်ရှိ နအဖစစ်သားများက လုံခြုံရေးအဖြစ် လိုက်ပါလာသည့် ဗိုလ်ချုပ်စိုးဝင်းသည် ယနေ့ နံနက် (၁ဝ) နာရီခန့်တွင် ကေအိုင်အို ခေါင်းဆောင်ပိုင်းနှင့် တွေ့ဆုံခဲ့ပြီးနောက် လိုင်ဇာမြို့မြောက်ဘက်၊ နှစ်မိုင်ခန့်အကွာ ဝယ်ကျိုင်ကျေးရွာရှိ ကေအိုင်အို စစ်ဆေးရုံသို့ သွားရောက်ခဲ့သည်ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။

၎င်းက “တိုင်းမှူးအဖွဲ့က ကားငယ်လေးတွေက ဆယ်စီးလောက်ရှိမယ်။ စစ်ထရပ်ကားမှာက လုံခြုံရေးအနေနဲ့ လိုက်လာတဲ့ စစ်သားတွေပါတယ်။ သူတို့လုံခြုံရေးတွေနဲ့ပဲ လိုင်ဇာမှာ ပြည့်နေတာ” ဟု ပြောသည်။

ကေအိုင်အိုအဖွဲ့အား နယ်ခြားစောင့်တပ်ဖွဲ့အသွင်ပြောင်းရေး နအဖဘက်က ကမ်းလှမ်းထားမှုအပေါ် ကေအိုင်အိုအဖွဲ့က ကချင်ဒေသလုံခြုံရေးတပ်ဖွဲ့ကို မိမိစစ်သားများဖြင့်သာ ဖွဲ့စည်းလိုပြီး အနာဂတ် ကချင်ပြည်နယ် အစိုးရအဖွဲ့တွင် ကေအိုင်အိုက အာဏာရရှိရေး တောင်းဆိုခဲ့သည်။

ထို့အပြင် ကေအိုင်အိုအဖွဲ့တွင် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့နှင့်အဆင့်တူသည့် စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ ရဲတပ်ဖွဲ့ စသည့်ဌာနများလည်း ရှိနေ၍ အသွင်ကူးပြောင်းရေးတွင် အဆိုပါဌာနများအတွက်လည်း ထည့်စဉ်စားရန်လိုကြောင်း ယခုလ (၈) ရက်တွင် ကေအိုင်အိုဘက်က တင်ပြထားသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေး လက်ခံသဘောတူရန် ကေအိုင်အိုအဖွဲ့အား ပြောဆိုနားချပေးရန် ယခုလ (၂၉) ရက်တွင် မြစ်ကြီးနားမြို့၊ အောင်နန်းရပ်ကွက်ရှိ စိန့်ကော်လန်ဘန်း ကက်သလစ် ဘုရားရှိခိုးကျောင်းတွင် မြောက်ပိုင်းတိုင်း တိုင်းမှူးက ကချင်ပြည်နယ်အတွင်းမှ ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များ၊ သင်းအုပ်ဆရာများ စုစုပေါင်း (၁၅ဝ) ခန့်နှင့် တွေ့ဆုံပြောဆိုခဲ့ပြီး ယခုကဲ့သို့ လိုင်ဇာခရီးစဉ် ပေါ်ထွက်လာခြင်းဖြစ်သည်။

“ဒီတိုင်းမှူးက အရင်တိုင်းမှူးတွေနဲ့ မတူဘူး။ ဒီကို ခဏခဏလာတယ်။ တခါတလေ ဂေါက်သီးလာရိုက်တယ်ဆိုပြီးလာတာ။ အခုက နယ်ခြားစောင့်တပ်ကို ဒီဘက်က လက်မခံထားတဲ့အချိန်မှာ အခုလိုလာတာ နည်းနည်းတော့ထူးတယ်။ သူတို့တောင်းဆို ထားတာကို လက်မခံလို့ ပြန်ပြီး စည်းရုံးရေးဆင်းတဲ့ပုံရတယ်” ဟု လိုင်ဇာဒေသခံတဦးက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ကေအိုင်အို ခေါင်းဆောင်များကို ဖုန်းဆက်သွယ်သော်လည်း မရရှိပါ။

ကြက်ဥ အတုများ ဝင်ရောက်နေဟု အစိုးရ သတိပေး

Friday, 31 July 2009 18:01 ရန်ပိုင်
ပြည်သူများ စားသုံးရန် မသင့်သည့် ဓာတုဗေဒနည်းနှင့် ပြုလုပ်ထားသော ကြက်ဥအတုများ နယ်စပ်ဒေသမှ တဆင့် ၀င်ရောက်နေသည်ဟု ထူးခြားးသည့် သတင်းအား ဇူလိုင်လ ၃၁ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြ ထားသည်။

အဆိုပါ ကြက်ဥ အတု သတင်းကို မြန်မာပြည်တွင်းရှိ ဖတ်ရှုသိရှိရသူများက ထူးဆန်းအံ့သြမှု ဖြစ်နေကြကြောင်း သိရ သည်။

ယခု ကြက်ဥ အတုများ ၀င်ရောက်နေကြောင်း စစ်အစိုးရကြေညာချက်သည် အစိုးရ ကိုယ်တိုင်ကြက်မွေးမြူနေ၍ တဖက် နိုင်ငံက ကြက်ဥများဝင်လာမည်စိုးသောကြောင့်ဟု ထင်မြင်ကြောင်း ရန်ကုန်မြို့မှ အိမ်ရှင်မတဦးက ဧရာဝတီ ကို ပြော သည်။

“ညကမှ ရုပ်မြင်သံကြားသတင်းမှာ တွေ့တာ ၊ မဖြစ်နိုင်ဘူးထင်တယ်၊ အတုလုပ်ဖို့ ကုန်ကျစရိတ်က ကြီးမယ်၊ တခါမှ တော့မမြင်ဖူးသေးဘူး၊ အစိုးရကိုယ်တိုင် ကြက်မွေးနေတော့ တဖက်နိုင်ငံက ကြက်ဥတွေဝင်လာမှာ စိုးလို့ထင်တယ်” ဟု ပြောသည်

ကြက်ဥ အတု၏ အကာပိုင်းတွင် ဘင်ဇိုရစ် အက်စစ်၊ ဂျယ်လီ၊ အမည်မသိဓာတုဆေးမှုန့် နှင့် မုန့်ဖုတ်ရာတွင်သုံးသော ဓာတုပေါင်ဒါများပါဝင်ပြီး အတုနှင့် အစစ်ကိုခွဲခြားရာတွင် လှည့်ကြည့်ပါက အတုသည် ဂျင်ကဲ့သို့လည်၍ အရောင်ပိုရင့် ကြောင်း စစ်အစိုးရသတင်းစာများတွင်ဖော်ပြထားသည်။

နယ်စပ်ဒေသမှ ဝင်ရောက်နေဟု ဆိုသော်လည်း မည်သည့် နယ်စပ်ဒေသဆိုသည်ကို အတိအကျဖော်ပြထားခြင်း မရှိပေ။

ကြက်ဥ အနှစ်ပိုင်းကလည်း အမည်မသိ အ၀ါရောင်ပေါင်ဒါမှုန့်အား အရည်တမျိုးဖြင့် သမအောင်မွှေကာ ကယ်ဆီယမ် ကလိုရိုဒ်ထည့်သွင်း ဖျော်စပ်ထားသည့် Magic Water ခေါ် အရည်တမျိုးဖြင့် ရောစပ်ထားသည်ဟုသိရသည်။

“မြ၀တီနယ်စပ်မှာတော့ လုံးဝအတုမရှိဘူး၊ ကြက်ဥ ဘဲဥ အကုန်လုံးအစစ်တွေချည်းပဲ၊ ဒီဘက်မှာတော့ တခါမှ မကြားဘူး၊ အခုလို အစိုးရက ထုတ်ပြန်မှသိရတယ်”ဟု မြ၀တီမြို့ခံ တဦးက ပြောသည်။

ရန်ကုန်မြို့တွင် ကြက်ဥဈေးနှုန်းမှာ တလုံးလျှင် ၁၀၀ ကျပ် မှ ၁၂၀ ကျပ်ရှိပြီး ကြက်ဥဈေးကွက်တွင်လည်း အခက်အခဲဖြစ် နိုင်ကြောင်း အဆိုပါ အိမ်ရှင်မက ပြောသည်။

တရုတ်မြန်မာ နယ်စပ်ဒေသခံ တဦးက ပလတ်စတစ်ဖြင့် လုပ်ထားသော ဆန်အတု၊ ကြာဆန်အတုများကို ကိုယ်တိုင်ကြုံတွေ့ဖူးခဲ့သော်လည်း ကြက်ဥ အတုကိုမှု မတွေ့ရှိဘူးသေးကြောင်း ဧရာဝတီသို့ပြောသည်။

“ပလတ်စတစ်နဲ့ လုပ်ထားတဲ့ ကြာဇံအတု ကိုတော့ ကိုယ်တိုင်ကြုံဖူးတယ် ၊ ကြော်လိုက်တဲ့အခါ ပလတ်စတစ်တွေ အရည် ပျော်သွားတယ်၊ ကြက်ဥ အတုကိုတော့ မကြားဘူးသေးဘူး”ဟု ၎င်းဒေသခံက ပြောသည်။

ကြက်ဥအတုတွင် ပါဝင်သော ဓာတုပစ္စည်းများကြောင့် စားသုံးမိလျှင် ကျန်းမာရေးကို ထိခိုက်နိုင်ကြောင်း ဆေးပညာရှင် များက သတိပေးထားပြီး ရောင်းချသူများနှင့် စားသောက်ဆိုင်များအား ကြော်လှော်ချက်ပြုတ် ရောင်းချခြင်းမပြုရန် သက် ဆိုင်ရာက တား မြစ်ထားသည်ဟု အစိုးရသတင်းစာများတွင် ဖော်ပြထားသည်။

ယင်းကြက်ဥ အတုများကိုလည်းသက်ဆိုင်ရာ စည်ပင်သာယာအဖွဲ့များက လိုက်လံသိမ်းဆည်းသွားမည်ဖြစ်ကြောင်း၊ တွေ့ရှိပါက သက်ဆိုင်ရာသို့ သတင်းပို့ရန် နှိုးဆော်ထားကြောင်း သိရသည်။

မကြာသေးမီကလည်း အချို့သောဓာတုဆိုးဆေး များပါဝင်သည့် ငါးပိ ၊ လက်ဖက်၊ ယိုစုံ ( အချဉ်ထုတ် )၊ ငရုတ်သီးမှုန့်နှင့် ပြည်ပမှ တင်သွင်းသော စားအုံးဆီများကို စားသုံးရန်မသင့်ဟုမကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့သည်။

ဘန်ကောက်မှ မြန်မာတချို့ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံ ဆန္ဒပြ



Friday, 31 July 2009 17:50 ဘစောတင်
ထိုင်းနိုင်ငံရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူ ၂ဝ ကျော်သည် ယနေ့ နံနက်က မြန်မာသံရုံးရှေ့သို့ သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားခြင်းကို ရပ်ဆိုင်းရန် တောင်းဆို ဆန္ဒပြကြသည်၊

ယနေ့နံနက်က တွေ့ရသည့် ဘန်ကောက်မြို့ မြန်မာသံရုံးရှေ့မှ ဆန္ဒပြပွဲ (ဓာတ်ပုံ- ဘစောတင်/ဧရာဝတီ)
အနီရောင် အဝတ်စများကို ခေါင်းတွင် စည်းကာ၊ ပိုစတာများ ကိုင်ဆောင်ထားကြသော မြန်မာပြည်သားများသည် သူတို့ ချစ်ခင် လေးစားသော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ထောင်ချခံရမည်ကို အထူး စိုးရိမ်နေကြသည်။

“စစ်အာဏာရှင်တွေဟာ ကျနော်တို့ ခေါင်းဆောင်ကို မတရားသဖြင့် ကလိမ်စေ့ငြမ်းဆင်ကာ ထောင်ချဖို့ ကြံစည်တယ်၊ ဒီကနေ့  အမိန့်ချမယ်လို့ ကျနော်တို့ သိရတယ်၊ ဒါဟာ မတရားဘူး၊ မမျှတဘူး။ မြန်မာပြည်ရဲ့ တရားဥပဒေ စနစ်ဟာ ဘယ်လောက် ဆိုးရွားနေတယ် ဆိုတာကို ပြသနေတာ ဖြစ်တယ်၊ ဒါကို ကမ္ဘာကလည်း သိတယ်” ဟု လက်ကိုင် လော်စပီကာငယ်ဖြင့် အသံကုန် အော်ဟစ် တောင်းဆိုနေခဲ့သူ ကိုနိုင်ထွန်းလင်းက ပြောသည်။ ကိုနိုင်ထွန်းလင်းသည် မြန်မာ ဒုက္ခသည်များ ကူညီရေးအဖွဲ့ မှ အတွင်းရေးမှူး ဖြစ်သည်။

ဘန်ကောက်မြို့တွင် ယင်းသို့ ဆန္ဒပြနေစဉ်မှာပင် စစ်အစိုးရက စီရင်ချက်ချမည့်နေ့ကို သြဂုတ်လ ၁၁ ရက်နေ့သို့ ပြောင်းရွှေ့လိုက်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို ဆက်လက် ချုပ်နှောင်ထားလိုသည်မှာ သံသယဖြစ်ဖွယ် မရှိဟု အများက ယူဆနေကြသည်။

ယနေ့ ဆန္ဒပြပွဲတွင် နိုင်ငံရေး လှုပ်ရှားသူများသာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချစ်ခင်သော မြန်မာ အလုပ်သမားများလည်း ပါဝင်သည်ကို တွေ့ရသည်။

“ဒေါ်အောင်ဆန်းစုကြည်ကို နှစ်နှစ် ကာကာ ကြည်ညိုတယ်၊ ယုံကြည်တယ်၊ အခုလို မတရားသဖြင့် စီရင်ချက် ချတော့မယ်လို့ ကြားရတော့ အင်မတန်လည်း ဝမ်းနည်းတယ်၊ ကျနော် ဘယ်လိုမှ ခံနိုင်ရည် မရှိဘူး။ ကျနော်တို့ ပြည်သူတွေက ကိုယ်တတ်နိုင်တဲ့ ဘက်က ဒါဟာ မတရားဘူး ဆိုတာကို ထုတ်ဖော်ပြရမယ်၊ ဒါကြောင့် ကျနော် အခုလို လာရောက် ဆန္ဒပြတာ” ဟု ဘန်ကောက်မြို့ လုံဗိနီ ညဈေးမှ ဈေးသည်တဦးဖြစ်သူ ကိုဝင်းကိုက ဧရာဝတီကို ပြောသည်။

စစ်အစိုးရ၏ မတရားမှုများကို သည်းခံနိုင်ခြင်း မရှိတော့ကြောင်း ဘန်ဘော်ရပ်ကွက် ငါးသေတ္တာစက်ရုံမှ ကိုမြင့်နိုင်က ပြောသည်။

“ကျနော်ကတော့ နိုင်ငံရေးတွေ ဘာတွေ သိပ် မသိဘူး၊ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့ဟာ တိုင်းပြည် ကောင်းစားရေး အတွက် ဘဝကို ရင်းပြီး လုပ်ပေးနေတယ် ဆိုတာ နားလည်တယ်၊ သူတို့ကို လွတ်လပ်စေချင်တယ်” ဟု ကိုမြင့်နိုင်က ပြောသည်။ ကိုမြင့်နိုင်သည် ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ နယ်မှ ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၎င်း၏အိမ်သို့ အမေရိကန်တဦး တိတ်တဆိတ် ဝင်ရောက်ခဲ့မှုကြောင့် တရားစွဲခံနေရခြင်း ဖြစ်သည်။

အာဆီယံအသင်းက စစ်အစိုးရ၏ ယခု လုပ်ရပ်ကို လျစ်လျူရှုထားရန် မသင့်လျော်ကြောင်း ထိုင်း အမျိုးသမီး သတင်းထောက်တဦးဖြစ်သူ Jonsinee KanKaew က ပြောသည်။

“အခုကိစ္စက နိုင်ငံရေး သက်သက်ကို ဇောင်းပေး ပြောနေလို့ မရတော့ဘူး။ လူ့ အခွင့်အရေး ချိုးဖောက်မှုကြီးလည်း ဖြစ်တယ်၊ မကျူးလွန်တဲ့ အပြစ်အတွက် ထောင်ချမယ် ဆိုရင် အာဆီယံ ပဋိညာဉ်စာတမ်းကို ဖောက်ဖျက်တာ ကျိန်းသေတယ်။ တကယ်လို့ မိုက်မဲစွာနဲ့ သူတို့ ဒေါ်စုကို ထောင်ချခဲ့ရင် အဲဒီအတွက် နိုင်ငံတကာရဲ့ ဖိအားကို အရင်ထက် ပိုမိုပြင်းထန်စွာ ရင်ဆိုင်ရမှာတော့ မလွဲပါဘူး” ဟု ဘန်ကောက်မြို့အခြေစိုက် သတင်းထောက် Jonsinee KanKaew က ပြောသည်၊
ရန်ကုန်မြို့တွင်လည်း ဒီမိုကရေစီအရေး လှုပ်ရှားသူများ ဆန္ဒပြကြမည်ကို အစိုးရက ကြိုတင် တားဆီးသည့်အနေဖြင့် အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင် အများအပြားကို လမ်းပေါ်တွင် ချထားသည်။ ယမန်နေ့ညကလည်း ရန်ကုန်တိုင်း နှင့် မကွေးတိုင်းမှ NLD အဖွဲ့ဝင် ၃၀ ၀န်းကျင်ကို ထိန်းသိမ်းလိုက်သည်။

အမှုကို စီရင်ချက် ချရန် ပြန်လည် သတ်မှတ်ထားသော သြဂုတ်လသည် ရှစ်လေးလုံး လူထု အုံကြွမှု ၂၁ နှစ်မြောက် နှစ်ပတ်လည် ကာလလည်း ဖြစ်သည်။

လေးဖြူနှင့် နာမည်ကြီးအဆိုတော်များ ရန်ကုန်တွင် ဖျော်ဖြေမည်



Friday, 31 July 2009 16:53 သဲသဲ
ရန်ကုန်မြို့ သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံ၌ သြဂုတ်လ ၁ ရက်နေ့၊ စနေနေ့တွင် ကျင်းပမည့် Iron Cross (IC) Unplugged စင်မြင့်ဖျော်ဖြေပွဲ အတွက် ပွဲကြည့်ပရိသတ်များ လက်မှတ်ရရန် အပြေးအလွှား ဝယ်နေကြကြောင်း ကြားသိရသည်။

(ဓာတ်ပုံ - အလင်းတန်းဂျာနယ်)
“ကျမ တို့မှာလက်မှတ်မရလို့ မကြည့်ရတော့ဘူး နဲ့တူပါတယ်။ ဒါပေမယ့် ပွဲနေ့ကျရင်တော့ သုဝဏ္ဏကွင်းရှေ့ ကို စောစော သွားပြီး အဲ့ဒီရှေ့ မှာရောင်းမယ့်မှောင်ခို လက်မှတ်ကိုပဲမျှော်ရတော့မှာပဲ။ အရင် ဒီ သုဝဏ္ဏ မှာလုပ်တဲ့ IC နာဂစ်ရှိုးတုန်းကလည်းဒီလိုပဲ မရတော့ဘူး ဆိုပြီး နောက်မှ ရတယ်” ဟု IC ၏အမြဲတမ်းပရိသတ် တဦးကပြောသည်။

အဆိုပါ Unplugged ဖျော်ဖြေပွဲတွင် IC တေးဂီတအဖွဲ့နှင့်အတူ “A.O.C” အမည်ရှိ တယောအဖွဲ့ နှင့် လေမှုတ် တူရိယာများ ပါဝင်တီးခတ်မည် ဖြစ်ပြီး IC ၏ ပင်တိုင် အဆိုတော်များဖြစ်ကြသည့် လေးဖြူ ၊ အငဲ ၊ မျိုးကြီး ၊ ဝိုင်ဝိုင်း တို့သီဆိုဖျော်ဖြေမည်ဟု ၎င်းတေးဂီတအဖွဲ့မှ ဘေ့စ် ဂစ်တာသမား ကိုခင်မောင်သန့်က ပြောသည်။

“လက်မှတ်မရဘူး ဆိုရင် ပွဲကောင်းတခုလွတ်သွားသလို ခံစားရမှာပေါ့။ နောက်ဒီလိုပွဲမျိုး လာမယ်၊ မလာဘူး ဆိုတာ မသေချာဘူးလေ” ဟု ယနေ့ နေ့လယ်အထိလက်မှတ်မရသေးသော IC ပရိသတ် တဦးက ဧရာဝတီ ကိုပြောသည်။

I.C ပွဲကို ဆိုင်းဘုတ်တွင် Unplugged With A.O.C Orchestra ဟုကြေညာထားသည်ကို မြင်တွေ့ ကတည်းက “သွားကြည့်ကိုကြည့်ရမယ်” ဟုဆုံးဖြတ်ထားသည်ဟု ၎င်းကဆက်ပြောသည်။

သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံတွင်၂၀၀၈ ခုနှစ် သြဂုတ် လ ၂၆ ရက်နေ့ နာဂစ်ရံပုံငွေအဖြစ် ဖျော်ဖြေခဲ့စဉ်ကလည်း ယခုကဲ့သို့ပင် ရန်ကုန်ပရိသတ်များ ကြိတ်ကြိတ်တိုး အားပေးခဲ့ကြသည်။အဆိုပါ ပွဲသည် IC ၏ ပင်တိုင်အဆိုတော် လေးဖြူ မှာ စတိတ်ရှိုးသီဆိုမှုကို ၃ နှစ်ကျော် နားထားရာမှ ပထမဆုံး အနေဖြင့် ပြန်လည် သီဆိုခဲ့ခြင်းလည်းဖြစ်သည်။

စင်မြင့်ဖျော်ဖြေပွဲကို ခုံဖြင့် ကြည့်ရှုအားပေးနိုင်ရန် စီစဉ်ထားပြီး လက်မှတ်များကို ကျပ် ၂၀၀၀၀ ၊ ၁၅၀၀၀ ၊ ၁၂၀၀၀ ၊ ၁၀၀၀၀ ၊ ၉၀၀၀ ၊ ၆၀၀၀ ဟူ၍ သတ်မှတ် ထားကာ ရန်ကုန် Alpine ရုံးချုပ် ၊ မန်းသီရိတေးသံသွင်း နှင့် Ko Ko Nyi Nyi Beauty Salon တို့တွင် ရနိုင်သည်ဟု သိရသည်။ ၆၀၀၀ တန်းမှာ လုံးဝပြတ်လပ်သွားပြီဟုလည်း သိရသည်။

Iron Cross Music Entertainment အဖွဲ့သည် လာမည့် သြဂုတ်လ ၅ ရက်နေ့တွင်လည်း စင်ကာပူသို့ Unplugged ဖျော်ဖြေရန် သွားရောက်မည်ဟု ကိုခင်မောင်သန့်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား စီရင်ချက်ချမည့်ရက် ရွှေ့ဆိုင်း



မင်းနိုင်သူ / ၃၁ ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်တို့အား စီရင်ချက်ချမည့်ရက်ကို သြဂုတ် (၁၁) ရက်သို့ ပြောင်းရွှေ့လိုက်ကြောင်း အန်အယ်လ်ဒီပါတီ ပြောခွင့်ရ ဦးအုံးကြိုင်က ပြောသည်။

အင်းစိန်အထူးတရားရုံးတွင် ယနေ့နံနက် (၁၀) နာရီတွင် ရုံးချိန်းစတင်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံရန် လာသူများ ယခင်ရက်များကထက် ပိုမိုများပြားခဲ့ကြောင်း အန်အယ်လ်ဒီအဖွဲ့ဝင်တဦးက ပြောသည်။

“ဒီနေ့ပိုများလာတယ်။ အင်းစိန်ခုံးတံတားကိုလည်း လုံးလုံးပိတ်ထားတာတွေ့ရတယ်။ လုံခြုံရေးတွေလည်း ပိုများလာတယ်။ အင်းစိန်မီးရထားဆေးရုံဝင်းမှာလည်း လူနာတွေကို နှင်ချပြီး လုံခြုံရေးကွပ်ကဲရေးရုံးဖွင့်ထားတယ်။ ဆရာဦးဝင်းတင်လည်း နေမကောင်းတဲ့ အကြားက ဆိုက္ကားစီးပြီး အရောက်လာပါတယ်” ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား လာရောက်ထောက်ခံသူများကို အမည်မသိလူတစုက ကုလသမဂ္ဂအလံတံဆိပ်ပါ ရင်ထိုးများ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။

ရန်ကုန်မြို့ထဲတွင်မူ ယူနီဖောင်းဝတ် လုံခြုံရေးများကို များပြားစွာ မတွေ့ရှိရသော်လည်း သိမ်းငှက်ပုံရင်ထိုးတပ်ဆင်ထားသော စွမ်းအားရှင်များကို ကားမှတ်တိုင်များ၊ လမ်းဆုံလမ်းခွများတွင် တွေ့နေရသည်ဟု ပြည်တွင်းစာနယ်ဇင်းသမားတဦးက ပြောသည်။

“လူထုက ဒီနေ့သတင်းကို နားစွင့်နေကြတယ်။ ကွမ်းယာဆိုင်မှာလည်း ဒီအကြောင်း၊ လက်ဖက်ရည်ဆိုင်မှာလည်း ဒီအကြောင်း၊ ကိုယ့်အုပ်စုနဲ့ကိုယ် ကြိတ်ပြီး ပြောဆိုနေကြတာ။ သတင်းသမားတွေလည်း ဒီနေ့အင်းစိန်ဘက်ကို အများဆုံးသွားနေကြတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုသာ ထောင်ချလိုက်လို့ကတော့ ပေါက်ကွဲထွက်လာမယ့် အလားအလာရှိတယ်။ ဦးဆောင်သူဘယ်က ပေါ်လာမလဲဆိုတာဘဲ အဓိကကျနေတယ်” ဟု ၎င်းက ပြောသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုထားသည်။

နအဖစစ်အစိုးရက ယခုအမှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် (၅) နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည်။

မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာအသိုင်းအ၀ိုင်းကမူ ယခုအမှုသည် နအဖစစ်အစိုးရ၏ နိုင်ငံရေးလုပ်ကြံမှု တခုအဖြစ် ရှုမြင်ကြသည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကလည်း နအဖစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွပ်စွဲထားမှုများကို ပြန်လည်ရုပ်သိမ်းကာ ခြွင်းချက်မရှိပြန်လွှတ်ပေးရန် ပြီးခဲ့သည့် ဇူလိုင် (၂၉) ရက်က ထပ်မံ တောင်းဆိုထားပြီး ယမန်နေ့ကလည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအမြဲတမ်းသံအမတ်ကြီး ဦးသန်းဆွေကို ခေါ်ယူတွေ့ဆုံခဲ့ကြောင်း သိရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်း ခံခဲ့ရပြီးဖြစ်သည်။

မမေ့အပ်သည့် နိုင်ငံ့သားကောင်းတယောက်



ဇင်လင်း

၃၁ ဇူလိုင် ၂၀၀၉


၂၀၀၉ ခုနှစ် သြဂုတ်လ (၂) ရက်နေ့ဆိုလျှင် မြန်မာနိုင်ငံ ဒီမိုကရေစီအရေးတော်ပုံ အောင်မြင်ရေးအတွက် ဦးလှသန်း (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကိုကိုးကျွန်း မဲဆန္ဒနယ်) အသက်ပေးဆပ်သွားခဲ့သည်မှာ (၁၃) နှစ်တင်းတင်းပြည့်ပြီဖြစ်သော်လည်း ဒီမိုကရေစီရရှိရေးတိုက်ပွဲကား ယနေ့တိုင် ဆက်လက်ဆင်နွှဲနေရဆဲဖြစ်သည်။ ဦးလှသန်းမှာမူ သမိုင်းရေးတာဝန်ကို ကျေပွန်စွာထမ်းဆောင်သွားခဲ့သည့် နိုင်ငံ့သားကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့ပြီဖြစ်ပေသည်။

ဦးလှသန်းသည် ၁၉၉၀ ရွေးကောက်ပွဲတွင် ခရီးသွားလာရေးခက်ခဲရုံမက စည်းရုံးရေးလုပ်ရန် လည်း မလွယ်ကူသော ကိုကိုးကျွန်းမဲဆန္ဒနယ်၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ်အဖြစ် စွန့်စွန့်စားစားဝင်ရောက် အရွေးခံခဲ့သူဖြစ်သည်။ အရပ် (၅ ပေ ၆ လက်မ) ခန့် အသားညိုညို ပိန်ပိန်ပါးပါး ဖြစ်သော်လည်း ဦးလှသန်းသည် ကျစ်လျစ်ကြံ့ခိုင်မှုရှိသူဖြစ်သည်။ ဥပဒေအကျိုးဆောင် ဖြစ်လာ၍လားမသိ၊ အ၀တ်အစားကို အမြဲသပ်သပ်ရပ်ရပ် ၀တ်ဆင်တတ် သည်။ အဖွဲ့ချုပ်သို့ လာသည့်အခါတိုင်း ပင်နီတိုက်ပုံအင်္ကျီ အမြဲဝတ်လေ့ရှိသူဖြစ်သည်။ ရှေ့နေအဖြစ် အသက်မွေးသော်လည်း စကားကို လိုအပ်မှသာ ပြောလေ့ရှိသည်ကို သတိထားမိသည်။

သူနှင့် စာရေးသူ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်မီကပင် ခင်မင်ရင်းနှီးခဲ့သည်။ ၁၉၈၉ ခုနှစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးတွင် စာရေးသူ ရုံးအဖွဲ့မှူးတာဝန်ယူခဲ့စဉ်ကဖြစ်သည်။ ဦးတင်မောင်ဝင်း (အင်းစိန်ထောင်အတွင်း ၁၈-၁-၁၉၉၁ တွင် ကျဆုံးသူ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခရမ်းလွှတ်တော်ကိုယ်စားလှယ်) ၏ မိတ်ဆက်ပေးမှုအရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကြည့်မြင်တိုင်မြို့နယ် ဥက္ကဋ္ဌ ဦးလှသန်း၊ သူနှင့်အတူ ပါလာသူ ဒုတိယဥက္ကဋ္ဌ ဦးကျော်သန်းတို့ကို စတင်သိကျွမ်းခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဦးလှသန်းသည် အသက်အားဖြင့် (၄၂) နှစ်သာရှိသေးသည်။

ထိုစဉ်က ရန်ကုန်တိုင်းရုံးသည် အဖွဲ့ချုပ်မှ ထုတ်ပြန်သည့် ကြေညာချက်စာရွက်စာတမ်းများကို နေ့စဉ် (အခမဲ့) ဖြန့်ဝေပေးခဲ့သည်။ ထိုသို့ အခမဲ့ ဖြန့်ဝေနိုင်ခြင်းသည် စာရေးသူ၏ စာပေမိတ်ဆွေများက လိုအပ်သောစက္ကူများကို လှူဒါန်းခဲ့ကြ၍ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်၏ မြို့နယ်ဆိုင်းဘုတ်တင်ပွဲများတွင် ပြောကြားသည့် မိန့်ခွန်းများကို လက်နှိပ်စက်ဖြင့် ရိုက်နှိပ်၍လည်းကောင်း၊ ကက်ဆက်ခွေ၊ ဗီဒီယိုခွေအဖြစ် ကူးယူ၍လည်းကောင်း သက်သာသော ဈေးနှုန်းများဖြင့် ရန်ကုန်တိုင်းရုံးက ဖြန့်ဝေပေးခဲ့သည်။ ဗီဒီယိုခွေမိန့်ခွန်း မ၀ယ်နိုင်သူများကို တိုင်းရုံးက ငှားရမ်းသည့် စနစ်ဖြင့်လည်း မျှဝေသည်။

ဦးလှသန်းသည် ထိုမိန့်ခွန်းခွေများကို သူပိုင်ငွေကြေးစိုက်ထုတ်ကာ ပုံမှန်ဝယ်ယူ၍ ကြည့်မြင်တိုင်မြို့နယ်အတွင်းရှိ လူထုထံ တက်တက်ကြွကြွ ပြန်လည်ဖြန့်ဝေပေးလေ့ရှိသည်။ ကိုယ်တိုင်လည်း ဒေါ်အောင်ဆန်းစုကြည်၏ မြို့နယ်/ရပ်ကွက် ဆိုင်းဘုတ်တင်ပွဲများတွင် အခါအားလျော်စွာ လိုက်ပါအားပေးတတ်သည်။ ဤသို့ဖြင့် ၁၉၈၉-၉၀ ကာလများတွင် ဦးလှသန်းနှင့် သူ့မြို့နယ်တာဝန်ရှိသူများမှာ အဖွဲ့ချုပ် ရန်ကုန်တိုင်းရုံးသို့ နေ့စဉ်ပုံမှန် လာကြသူများတွင် အပါအ၀င်ဖြစ်သည်။ လာတိုင်းလည်း မြို့နယ်စုံမှ ရောက်လာကြသော အဖွဲ့ချုပ်ဝင်များ၏ အလွတ်သဘောထိုင်ကြသည့် ဆွေးနွေးဝိုင်းများတွင် ဦးလှသန်း စိတ်အားထက်ထက်သန်သန် ပါဝင်ဆွေးနွေးလေ့ရှိသည်။

ရန်ကုန်တိုင်းရုံးသို့ လာသည့်အခါများတွင် ရံဖန်ရံခါ ရန်ကုန်တိုင်းစည်းရုံးရေးအဖွဲ့ဝင်များဖြစ်ကြသော ဆရာဦးထွန်းတင် (တရားရုံးချုပ်ရှေ့နေ၊ ကိုကိုးကျွန်း နိုင်ငံရေးအကျဉ်းသားဟောင်း၊ ကွယ်လွန်)၊ ဦးတင်မောင်ဝင်း (ခရမ်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ ကွယ်လွန်)၊ ဦးမြင့် (၁၉၇၄ အလုပ်သမားအရေး နိုင်ငံရေးအကျဉ်းသားဟောင်း)၊ ဦးသိန်းတင် (စာရေးဆရာ တင်သိန်းမောင်၊ ဇန်န၀ါရီ ၁၈၊ ၁၉၉၈၊ အကျဉ်းကျနေစဉ် ရန်ကုန်ဆေးရုံကြီး၌ ကွယ်လွန်သူ) စသူများနှင့်လည်း မပြတ်ထိတွေ့ ဆွေးနွေးမေးမြန်းမှုများ လုပ်တတ်သည်။ မသိမီလိုက်သော အတိတ်က နိုင်ငံရေးအဖြစ်အပျက်များ၊ အတွေ့အကြုံများ၊ အယူအဆများကို ဂရုတစိုက် လေ့လာမှတ်သားတတ်သည်။ စာရေးသူလည်း ထိုစဉ်က ဦးလှသန်း၊ ဦးကျော်သန်းတို့နှင့်အတူ လက်ငင်းနိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အခြေအနေများကို ပြောဖြစ်ဆိုဖြစ်ပါသည်။ သူနှင့် စကားပြောဖြစ်သော အတွေ့အကြုံများကို ပြန်၍စဉ်းစားကြည့်မိမှ သူ၏ နိုင်ငံရေး၌ စိတ်ထက်သန်ပုံ၊ ပညာလိုလားပုံ၊ စာဖတ်အားကောင်းပုံ၊ ဗိုလ်ချုပ်အောင်ဆန်းကို အားကျအတုယူတတ်ပုံတို့ကို ပြန်လည်မြင်ယောင်လာသည်။

သူ့ဘ၀နောက်ခံကို အကြမ်းဖျင်း ပြန်လည်သုံးသပ်ကြည့်လျှင် သူသည် တပ်မတော် (ရေ) တွင် အသက် (၁၈) နှစ်ပြည့်ချိန် ၁၉၆၅ မှ စတင်စစ်မှုထမ်းခဲ့သည်။ ရတနာပုံရေတပ်စခန်း၊ စစ်တွေရေတပ်စခန်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ရေ)၊ ရေတပ်ကမ်းတက်တိုက်ခိုက်ရေးတပ်ရင်း၊ စစ်ရေယာဉ် (၁၁၀)၊ စစ်ရေယာဉ် ရန်ကြီးအောင် စသည့်နေရာဌာနများတွင် တာဝန်ထမ်းခဲ့သည်။

သို့သော် စစ်မှုထမ်းရင်း သူ့ဘ၀တိုးတက်မှုအတွက် မနားမနေ ကြိုးစားပညာရှာခဲ့သည်။ လက်ရေးတိုပညာနှင့် စာရင်းအင်း ပညာကို တပ်တွင်း၌ပင် သင်ယူတတ်မြောက်ခဲ့သည်။ အတန်းပညာကိုလည်း တပ်တွင်းမှာပင် ဆက်လက်အားထုတ်သင်ယူခဲ့ရာ စစ်သက် (၁၀) နှစ်ပြည့်သည့် ၁၉၇၅ တွင် တပ်တွင်းမှပင် (၁၀) တန်းကို ရူပဗေဒဂုဏ်ထူးဖြင့် ဖြေဆိုအောင်မြင်ခဲ့သည်။ ဆယ်တန်းအောင်ပြီးနောက်တွင် ပညာတတ်လိုစိတ် ပိုမိုပြင်းပြထက်သန်လာခဲ့သည်ဟု ဦးလှသန်းက ပြောဖူးသည်။ ထို့ကြောင့် အသက် (၃၀) ပြည့်သည့် ၁၉၇၇ တွင် တပ်မှ အငြိမ်းစားယူ၍ ရန်ကုန်တက္ကသိုလ်၌ ဥပဒေပညာအဓိကဖြင့် ပညာဆက်လက်သင်ယူသည်။ ၁၉၈၀ ပြည့်နှစ်တွင် ဥပဒေ၀ိဇ္ဇာဘွဲ့ကို သူရရှိခဲ့သည်။

ထို့နောက် ရှေ့နေလောကသို့ ရောက်ရှိခဲ့ပြီး အထက်တန်းရှေ့နေ၊ ဗဟိုတရားရုံးချုပ်ရှေ့နေအဖြစ် မြန်မာနိုင်ငံအနှံ့ တရားရုံးများတွင် ဥပဒေအကျိုးဆောင်အဖြစ် လိုက်ပါဆောင်ရွက်ခဲ့သည်။ တရားရုံးချုပ်ရှေ့နေ ဦးလှသန်းသည် ပညာတန်ဖိုးကို သိရှိလာသူဖြစ်သည့်အလျောက် တဘက်တွင် ပရဟိတစိတ်ဖြင့် ရပ်ရေးရွာရေး လူမှုရေးကိစ္စများတွင်လည်း ပါဝင်ကူညီဆောင် ရွက်ခဲ့သူဖြစ်သည်။ ဦးလှသန်းသည် ၁၉၇၈ မှ ၁၉၈၈ အထိ ကြည့်မြင်တိုင်မြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တွင် ရုံးအဖွဲ့မှူးတာဝန် နှင့် သက်သာချောင်ချိရေးအဖွဲ့ အတွင်းရေးမှူးတာဝန်များကိုလည်း မအားလပ်သည့်ကြားမှ ထမ်းရွက်ခဲ့သည်။

၁၉၈၈ ပြည်သူ့ဒီမိုကရေစီ အရေးတော်ပုံကာလတွင် ဦးလှသန်းသည် ရန်ကုန်ရှေ့နေများအစည်းအရုံးနှင့်အတူ လူထုဆန္ဒ ဖော်ထုတ်ရာတွင် ပါဝင်ခဲ့သည်။ ၁၉၈၈ စက်တင်ဘာ (၂၇) တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းပေါ်ထွန်းလာသောအခါ ဦးလှသန်းသည် ကြည့်မြင်တိုင်မြို့နယ်တွင် မြို့နယ်ဆော်သြရေးအဖွဲ့ဝင် ဖြစ်လာခဲ့သည်။ သူ၏ ရိုးသားမှု၊ ကြိုးစားမှု၊ ပရဟိတ စိတ်ထားရှိမှု၊ လူမှုဆက်ဆံရေးကောင်းမွန်မှု … စသည့် အရည်အချင်းများကြောင့် အဖွဲ့ချုပ်အဖွဲ့ဝင်များက သူ့အား ကြည့်မြင်တိုင်မြို့နယ် ပထမအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံကိုယ်စားလှယ်အဖြစ် လည်းကောင်း ရွေးချယ်ခဲ့ကြခြင်းဖြစ်သည်။

ဤသို့ဖြင့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်က ၁၉၈၉ နိုဝင်ဘာ (၁၀) ရက်စွဲဖြင့် အထွေထွေရွေးကောက်ပွဲ ကျင်းပမည့်နေ့ရက်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း အမည်စာရင်း (တင်သွင်းခြင်း၊ စိစစ်ခြင်း၊ ရုပ်သိမ်းခြင်း) တို့နှင့် စပ်လျဉ်းသည့် နေ့ရက်များ ကြေညာခဲ့သည်။ ထိုကော်မရှင်ကြေညာချက် အမှတ် (၃၂၆) အရ အထွေထွေရွေးကောက်ပွဲကို ၁၉၉၀ ပြည့်နှစ် မေလ (၂၇) ရက်နေ့တွင် ကျင်းပမည်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အမည်စာရင်းများကို ၁၉၈၉ ခုနှစ် ဒီဇင်ဘာလ (၂၈) မှ ၁၉၉၀ ဇန်န၀ါရီလ (၃) ရက်နေ့အတွင်း တင်သွင်းကြရမည်ဖြစ်သည်။ ဦးလှသန်းသည် ကြည့်မြင်တိုင်မြို့နယ် ပထမအကြိမ်ညီလာခံတွင် ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ နိုင်ငံလုံးဆိုင်ရာ ညီလာခံ ကိုယ်စားလှယ်အဖြစ်လည်းကောင်း ရွေးချယ်ခံထားရသူဖြစ်၍ ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ် ကော်မရှင်သို့ အမည်စာရင်း တင်သွင်းရမည်ဖြစ်သည်။

သို့သော် ဦးလှသန်းက ရန်ကုန်တိုင်းအတွင်း မြို့နယ် (၄၂) ခု၊ မဲဆန္ဒနယ် (၆၁) နယ် ရှိသည့်အနက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ သွားရောက်အရွေးခံမည့် ကိုယ်စားလှယ်မရှိ ဖြစ်နေသည်ကို သတိပြုမိပုံရသည်။ ထို့ပြင် ကိုကိုးကျွန်းစုသည် ကိုကိုးကျွန်းကြီး၊ ကိုကိုးကျွန်းငယ်နှင့် စားပွဲကျွန်းဟူ၍ (၃) ကျွန်းရှိသည့်အနက် ကျွန်းမကြီး၌သာ လူနေများသည်။ အိန္ဒိယသမုဒ္ဒရာအတွင်းရှိ ထိုကျွန်းစုကလေးသည် မြန်မာပြည်မ မြစ်ဝကျွန်းပေါ်ဒေသ၏ တောင်ဘက် မိုင် (၂၀၀) ခန့်တွင် တည်ရှိသဖြင့် သွားလာမှု လွယ်ကူလှသည်မဟုတ်ပေ။ နေထိုင်သူအများစုမှာ ရေတပ်၊ ရဲအဖွဲ့နှင့် အရပ်ဘက်ဝန်ထမ်းမိသားစုများဖြစ်သည်။ အုန်းခြံလုပ်ငန်းလုပ်သူ အရပ်သားမိသားစုများ အပါအ၀င် ကိုကိုးကျွန်းမြို့နယ် လူဦးရေမှာ (၁,၀၀၀) သာသာကလေးသာ ရှိသည်။ ဆန္ဒမဲပေးခွင့်ရှိသူမှာ (၆၁၃) ဦးသာရှိ၍ စစ်တပ်သြဇာ လုံးဝသက်ရောက်ရာ မြို့နယ်လည်းဖြစ်သည်။

ကိုကိုးကျွန်းစုသည် ၁၉၅၈ ခုနှစ် စစ်တပ်က ပထမအကြိမ် အာဏာသိမ်းစဉ်က နိုင်ငံရေးအကျဉ်းသားများကို အကျဉ်းချရာနေရာ အဖြစ် နာမည်ဆိုးဖြင့် ထင်ရှားခဲ့သည်။ နိုင်ငံရေးအကျဉ်းသားများ၏ အစာငတ်ခံတိုက်ပွဲ အောင်မြင်ပြီးနောက် ၁၉၇၁ ခုနှစ်တွင် ထိုကျွန်းထောင်ကို ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။ ထိုကျွန်းစုမြို့နယ်တွင် နေထိုင်သူများ၏ ဒီမိုကရေစီဆန္ဒကို ဖြည့်ဆည်းရေး၊ အဖွဲ့ချုပ်အတွက်လည်း ပထ၀ီအရ အရေးပါသည့် မဲဆန္ဒနယ်တနယ် မဆုံးရှုံးရေးအတွက် ကိုကိုးကျွန်း မဲဆန္ဒနယ်သို့ သွားရောက်အရွေးခံရန် ဆုံးဖြတ်ခဲ့ကြောင်း ဦးလှသန်းက စကားစပ်မိ၍ ပြောဖူးသည်။ ဤသို့ဖြင့် အဖွဲ့ချုပ်က ဦးလှသန်းအား ကိုကိုးကျွန်းမဲဆန္ဒနယ်တွင် အဖွဲ့ချုပ်ကိုယ်စားပြုယှဉ်ပြိုင်ရန် ၀မ်းမြောက်ဝမ်းသာ လက်ခံအတည်ပြုခဲ့သည်။

၁၉၉၀ မေလ (၄) ရက်နေ့တွင် ဦးလှသန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင် (၄) တို့ ကိုကိုးကျွန်းစုဆီသို့ ထွက်ခွာခဲ့ကြသည်။ သူတို့မရောက်မီကပင် ကျွန်းအာဏာပိုင်တို့ထံ အဖွဲ့ချုပ်ကိုယ်စားလှယ်အား မည်သည့်အကူအညီမှမပေးရန် ညွှန်ကြားချက် ရောက်နှင့်ပြီးဖြစ်ပုံရကြောင်း ဦးလှသန်းက ပြောပြသည်။ သူတို့အဖွဲ့ နေထိုင်ရေးကိုပင် အာဏာပိုင်တို့က ခက်ခဲအောင် လုပ်ထားသဖြင့် ကိုယ်တိုင်သစ်ဝါးခုတ်ကြကာ ယာယီတဲဆောက်နေခဲ့ရသည်။ သူ့ကို တအိမ်တက်ဆင်း မဲဆွယ်စည်းရုံးခွင့် လည်းမပြု၊ စာရွက်စာတမ်း လက်ကမ်းစာစောင်လည်း ဝေငှခွင့်မပြုခဲ့ဟု ပြောသည်။ မဲဆန္ဒရှင်အများစုမှာ ၀န်ထမ်းများဖြစ်သဖြင့် ၀န်ထမ်းအိမ်ရာများသို့ သွားရောက်လည်ပတ်ခြင်းမပြုပါဟုလည်း ၀န်ခံလက်မှတ်ရေးထိုးရန် ဦးလှသန်းကို အာဏာပိုင်များက ဖိအားပေးခဲ့သည်။ သို့သော် သူက လက်မှတ်မထိုးနိုင်ဟု တင်းတင်းမာမာ ငြင်းဆိုခဲ့သည်။ သူ့အား လိုလိုလာလား ဖိတ်ခေါ်သည့် အိမ်အချို့သို့ ဦးလှသန်း သွားရောက်လည်ပတ်ခွင့်ရခဲ့သည်။ ထိုအိမ်များမှတဆင့် ကျန်မဲပေးမည့်သူများထံ သူနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ သတင်းများ ရောက်ရှိခဲ့သည်။

သူ့ပြိုင်ဘက်မှာ ရေတပ် စစ်လက်နက်ခဲယမ်းတပ် (၂၄) တပ်မှူး (အငြိမ်းစား) ကိုကိုကျွန်း မဆလပါတီယူနစ်ဥက္ကဋ္ဌဟောင်း ဦးအောင်သိန်း (တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ) ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာအတွင်းမှ ပြည်မနှင့် အလှမ်းဝေးသည့် ကျွန်းစုကလေးမှ မဲဆန္ဒရှင် (၆၁၃) ဦးအား ဦးအောင်သိန်းကို မဲပေးကြရန် ကျွန်းအာဏာပိုင်တို့က ပြောထားပြီးဖြစ်ကြောင်း ကျွန်းသူကျွန်းသားတချို့က ပြောကြသည်။ သို့သော် ဦးလှသန်းတို့ ရဲဘော်ငါးဦးအဖွဲ့သည် ရက်သတ္တသုံးပတ်မျှ အချိန်အတော အတွင်း အကန့်အသတ်များအကြားမှ ကျွန်းသူကျွန်းသားတို့ထံ ပြည်မမှ ဒီမိုကရေစီအရေးတော်ပုံ သတင်းစကားများကို အရောက်ပါးခဲ့နိုင်ကြသည်။

မေလ (၂၇) ရက်နေ့တွင် ကိုကိုးကျွန်းစုရှိ မဲရုံ (၂) တွင် ဆန္ဒမဲပေးခွင့်ရှိသူ (၆၁၃) ဦးအနက် (၄၃၂) ဦးလာရောက် မဲပေးခဲ့ကြသည်။ ဦးလှသန်းက ၂၄၆ မဲ (၅၆.၉၄) ရာခိုင်နှုန်း၊ တစညကိုယ်စားလှယ်က ၁၈၆ မဲ (၄၃.၀၆) ရာခိုင်နှုန်းစီ အသီးသီးရရှိခဲ့ကြသည်။ ရေတပ်အငြိမ်းစား အရာရှိကြီးတဦးနှင့် ရေတပ်အငြိမ်းစား ရဲဘော်တဦးတို့၏ အားပြိုင်ပွဲလည်းဖြစ်သည်။ စစ်အာဏာဖြင့် ချုပ်ကိုင်ထားသည့် မဲဆန္ဒနယ်ဖြစ်၍ ဦးလှသန်း၏ အောင်ပွဲမှာ ဒီမိုကရေစီအရေးတော်ပုံအောင်မြင်မှုအတွက် ထူးခြားထင်ရှားသည့် လက္ခဏာဟု ဆိုနိုင်သည်။ သူတို့ (ရဲငါးဘော်) အား ရန်ကုန်အပြန်ခရီးတွင် သောင်းသောင်းဖြဖြ ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် မဲဆန္ဒနယ် (၄၈၅) နေရာအနက်မှ (၄၄၇) နေရာတွင် ၀င်ရောက်အရွေးခံခဲ့ရာ (၃၉၂) နေရာ အနိုင်ရခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ပြီးသော်လည်း လွှတ်တော်ပေါ်ပေါက်လာခြင်း မရှိသဖြင့် အဖွဲ့ချုပ်က ၁၉၉၀ ဇူလိုင်လ (၂၈-၂၉) တွင် ဂန္ဒီခန်းမ၌ ပထမအကြိမ် အဖွဲ့ချုပ်လွှတ်တော်ကိုယ်စားလှယ်များ၏ ပဏာမညှိနှိုင်း အစည်းအဝေးကြီး ကျင်းပခဲ့သည်။ ဂန္ဒီခန်းမကြေညာစာတမ်းထုတ်ပြန်ကာ ပြည်သူ့လွှတ်တော် ခေါ်ယူဖွဲ့စည်းရေး သဘောထားကို ပြည်သူသို့ အသိပေးခဲ့သည်။ ဂန္ဒီအစည်းအဝေး မတိုင်မီတရက် (၂၇ ဇူလိုင်၊ ၁၉၉၀) တွင် န၀တအဖွဲ့ကလည်း ကြေညာချက်အမှတ် (၁/၉၀) ကို ထုတ်ပြန်ခဲ့သည်။ (၁/၉၀) ၏ အနှစ်ချုပ်မှာ ယာယီဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲ၍ အစိုးရဖွဲ့စည်းခြင်းကို မည်သည့်နည်းနှင့်မျှ လက်မခံ၊ ထိုသို့ဆောင်ရွက်ပါက ထိရောက်စွာ အရေးယူမည်ဖြစ်သည်ဟု ဆိုလိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲရလဒ်ကို ပစ်ပယ်ကြောင်း၊ ပြည်သူ့ဆန္ဒသဘောထားကို ဥပဒေအရလည်းကောင်း၊ ကျင့်ဝတ်သိက္ခာအရလည်းကောင်း န၀တ က မလေးမစား လုပ်လိုက်ခြင်းလည်းဖြစ်သည်။

ဆက်လက်၍ ၁၉၉၀ စက်တင်ဘာ (၆) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် (ယာယီ) ဥက္ကဋ္ဌ ဦးကြည်မောင်အား (၁/၉၀) ကို ဆန့်ကျင်မှုဖြင့် ဖမ်းဆီးလိုက်ခြင်းဖြင့် န၀တ က အဖွဲ့ချုပ်အား စတင်ဖြိုခွဲတော့သည်။ ရွေးကောက်ပွဲပြီးနောက် (၂) လကျော်လာသည်အထိ စစ်အုပ်စုက အာဏာစွန့်လွှတ်မည့်လက္ခဏာ မပြတော့။ သို့ဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အချို့သည် ပြည်သူ့ဒီမိုကရေစီဆန္ဒကို ဖြည့်ဆည်းနိုင်ရေး အတွက် ကြိုတင်ပြင်ဆင်ဆွေးနွေးမှုများ လုပ်ခဲ့ကြသည်။ ယင်းသို့ ဆွေးနွေးပွဲများ ပြုလုပ်ကြသည့်အနက် ၁၉၉၀ စက်တင်ဘာ (၂၉) ရက်နေ့တွင် အမရပူရမြို့ မဲဆန္ဒနယ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဘဘွားနေအိမ်၌ ပြုလုပ်သော ယာယီအစိုးရဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေး၊ စက်တင်ဘာ (၃၀) မန္တလေး အနောက်တောင်မြို့နယ် အဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော ယာယီအစိုးရဖွဲ့စည်းရေး လျှို့ဝှက်အစည်းအဝေးနှင့် ၁၉၉၀ အောက်တိုဘာ (၁) ရက် အမာခံ (၆) ဦး ယာယီစင်ပြိုင်အစိုးရဖွဲ့စည်းရေး အစည်းအဝေးများလည်း အပါအ၀င်ဖြစ်သည်။

ဦးလှသန်းသည် စက်တင်ဘာ (၂၉၊ ၃၀) အစည်းအဝေးများတွင် တက်ကြွစွာ ပါဝင်ဆွေးနွေးခဲ့သည်။ အောက်တိုဘာလတွင် ထိုအစည်းအဝေးသတင်းများ ပေါက်ကြားသဖြင့် အဖွဲ့ချုပ်ဝင်များနှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အများအပြားကို န၀တက ပိုက်စိပ်တိုက်ဖမ်းတော့သည်။ ထိုအဖမ်းခံသူများထဲတွင် ဦးလှသန်းလည်း ပါဝင်သည်။ စုစုပေါင်း (၃၅) ဦး ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၁၂၂ (၁) နှင့် ၁၂၄ တို့ဖြင့် တရားစွဲခြင်းခံရသည်။ ၁၉၉၁ ဇန်န၀ါရီလ (၁၅) ရက်နေ့တွင် စတင်၍ ရုံးတင်တရားစွဲဆိုပြီး ဧပြီလ (၃၀) ရက်နေ့တွင် စီရင်ချက်ချခဲ့သည်။

ဦးလှသန်း အပါအ၀င် လွှတ်တော်ကိုယ်စားလှယ် (၂၆) ဦး၊ တိုင်းစည်းတဦးနှင့် မြို့နယ်စည်းတဦးတို့ ဥပဒေပုဒ်မ ၁၂၂ (၁) နိုင်ငံတော်အား သစ္စာဖောက်ဖျက်ပုန်ကန်မှုဖြင့် ထောင်ဒဏ် (၂၅) နှစ်စီ အပြစ်ပေးခြင်းခံရသည်။ ထိုယာယီအစိုးရဖွဲ့စည်းရေး အမှုကိစ္စနှင့် ငြိစွန်းသဖြင့် ဖမ်းဆီးချုပ်နှောင် စစ်ဆေးနေစဉ် နှိပ်စက်ညှဉ်းပန်းမှု ပြင်းထန်သဖြင့် ဦးမောင်ကို (အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊ ဗဟိုအလုပ်သမားဦးစီးအဖွဲ့) သည် ၁၉၉၀ နိုဝင်ဘာ (၉) ရက်နေ့တွင် ရေကြည်အိုင် စစ်ထောက်လှမ်းရေးအချုပ်၌ ကွယ်လွန်ခဲ့သည်။ ဦးတင်မောင်ဝင်း (ခရမ်း ၂၊ လွှတ်တော်ကိုယ်စားလှယ်) သည်လည်း ညှဉ်းပန်းနှိပ်စက်ခံရပြီးနောက် ဆေးဝါးနှင့် အစားအစာ ဖြတ်တောက်ခံရသဖြင့် အင်းစိန်တွဲဖက်ထောင် ကျွန်းတိုက်၌ ဇန်န၀ါရီ ၁၈၊ ၁၉၉၁ တွင် ကွယ်လွန်ခဲ့ရသည်။ ဦးလှသန်းသည်လည်း ဆေးဝါးကုသမှု နုံချာညံ့ဖျင်းလှရုံမက လူမဆန်စွာပြုမူဆက်ဆံရာ၌ နာမည်ဆိုးဖြင့်ကျော်ကြားသော အင်းစိန်ထောင်တွင် တခါသုံး ဆေးထိုးအပ်မသုံးမှုကြောင့် (HIV/AIDS) ရောဂါကူးစက်ခံရ၍ အသက် (၅၀) အရွယ် ၁၉၉၆ ခုနှစ် သြဂုတ်လ (၂) ရက်နေ့တွင် အချိန်မတိုင်မီ ကွယ်လွန်ခဲ့ရသည်။

ဦးလှသန်းသည် ကျန်းမာရေးကို အလွန်ဂရုစိုက်သူဖြစ်သည်။ အင်းစိန်ထောင်၊ တိုက် ၄ (အတို) တွင် သူနှင့်အတူ စာရေးသူ နေခဲ့ဖူးသည်။ မိလ္လာချခွင့်ပေးချိန်၊ ရေချိုးခွင့်ပေးချိန်များတွင် ဦးလှသန်းသည် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းများ အမြဲလိုလို လုပ်လေ့ရှိသည်။ အခြားသူတို့ကိုလည်း ကျန်းမာရေးဂရုစိုက်ရန်၊ လေ့ကျင့်ခန်းလုပ်ရန်ပင် သူက တိုက်တွန်းနှိုးဆော်တတ်သေး သည်။ စာရေးသူမှတ်မိသလောက် သဘောမဆိုးသော ထောင်ဝါဒါများက ရေချိုးပြီးနောက် တိုက်ခန်းမပိတ်သေးဘဲ လွတ်လွတ်လပ်လပ် နေခွင့်ပြုလျှင် တိုက်ခန်းနံပတ် (၁၉) တွင် နိုင်ငံရေးဆွေးနွေးကြမြဲဖြစ်သည်။ ထိုဆွေးနွေးဝိုင်းတွင် ဦးလှသန်း အမြဲထက်ထက်သန်သန် ပါဝင်တတ်သည်ကို မှတ်မိနေသည်။

ထိုစဉ်က တိုက်ခန်း (၁၉) တွင် ပြည်သူ့တိုးတက်ရေးပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်များဖြစ်ကြသော ဦးမြစိန် (စာရေးဆရာ စိန်မင်း)၊ ဦးလေးမြင့် (စာရေးဆရာ လှကွန့်)၊ ဦးဟန်တင့်နှင့် ဦးသောင်းထိုက် (ကွယ်လွန်) တို့ နေကြသည်။ စာရေးသူက အခန်း (၂၃) တွင် ဦးချို (ကျိုက္မရော) နှင့် ဦးလှသန်းက အခန်း (၂၇) တွင် ဦးမြ၀င်း (အင်္ဂပူ ၁၊ လွှတ်တော်ကိုယ်စားလှယ်၊ ယခု အမေရိကန်တွင်နေသူ) နှင့် နေရသည်။ စကားပြောခွင့်အချိန်ကလေးရတိုင်း အခန်း (၁၉) စကားဝိုင်းတွင် ဦးလှသန်းကို ပုံမှန်တွေ့ရတတ်သည်။

ထို့ပြင် ဦးလှထွန်း (ကြည့်မြင်တိုင်၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာ မောင်မောင်လတ် (သာကေတ၊ လွှတ်တော်ကိုယ်စားလှယ်၊ ကွယ်လွန်)၊ ဦးကျော်သွင် (ခရမ်း ၁၊ လွှတ်တော်ကိုယ်စားလှယ်၊ ယခု နော်ဝေ)၊ ကျောင်းသားများဖြစ်ကြသော ကိုတင့်ဆန်း (ရကသ)၊ ကိုပြုံးချို (ရကသ)၊ ကိုယဉ်ထွေး (လူ့ဘောင်သစ်၊ ယခု နော်ဝေ)၊ ကိုဝင်းသိန်းနှင့် ကိုစိန်လှိုင် (သုံးရောင်ခြယ်) တို့လည်း (၄) တို တိုက်မှာပင် ရှိနေကြသည်။ (၁၉၉၃-၉၄) ကာလဖြစ်၍ ထိုစဉ်က နိုင်ငံရေးတိုက်ဝင်းများတွင် လွှမ်းမိုးနေသော အကြောင်းအရာမှာ အမျိုးသားညီလာခံ တက်သင့်၊ မတက်သင့် ကိစ္စပင်ဖြစ်သည်။ ညီလာခံက ချမှတ်လိုက်သော အခြေခံမူ (၆) ချက်အနက် (အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင်ရေး) ဆိုသည့် နံပတ် (၆) အချက်ကို လက်ခံသင့် မသင့်ဆိုသော ပြဿနာက အဓိကအငြင်းပွားစရာ ဖြစ်နေခဲ့သည်။

ဦးလှသန်းသည် တပ်မတော်(ရေ)တွင် (၁၂) နှစ်ကြာမျှ စစ်မှုထမ်းခဲ့ဖူးသူဖြစ်သော်လည်း ထိုကိစ္စကို စဉ်းစားရာ၌ အချို့သော ပုဂ္ဂိုလ်များကဲ့သို့ တွေဝေမှုမရှိ။ သူက တပ်မတော်သည် ကာကွယ်ရေးဝန်ကြီး၏ စီမံကွပ်ကဲမှုအောက်၌သာ ရှိရမည်ဟု ယူဆသူဖြစ်သည်။ ဦးလှသန်းသည် တက္ကသိုလ်တွင် ဥပဒေပညာသင်ယူစဉ်က ဖွဲ့စည်းပုံအခြေခံဥပဒေ ဘာသာရပ်ကို လေ့လာသင်ယူခဲ့ရသူဖြစ်သည်။ ထို့ကြောင့် တိုက်ခန်းနံပတ် (၁၉) နိုင်ငံရေးဆွေးနွေးဝိုင်းများ၌ ဥပဒေဆိုင်ရာ ကိစ္စရပ်များဆိုလျှင် သူက ဒိုင်ခံရှင်းပြတတ်သည်။ အဖွဲ့ချုပ်တွင် တာဝန်ရှိသူဖြစ်လာသောအခါ သူသည် ဖွဲ့စည်းအုပ်ချုပ်ပုံနှင့် စပ်လျဉ်း၍ ပိုမိုဖတ်ရှုလေ့လာဖြစ်ကြောင်းလည်း ပြောပြဖူးသည်။

လွတ်လပ်ရေးအတွက် တက်သုတ်ရိုက်ဆောင်ရွက်ခဲ့ရသဖြင့် ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အားနည်းချက်များ ရှိခဲ့ကြောင်း သူက ဝေဖန်ပြဖူးသည်။ အဓိကအားနည်းချက်မှာ တိုင်းရင်းသားများအား တန်းတူအခွင့်အရေးပေးရန် ပျက်ကွက်ခဲ့မှု ဖြစ်ကြောင်း သူက ထောက်ပြဖူးသည်။ တာဝန်ရှိသည့် ဖဆပလ ခေါင်းဆောင်များက ထိုအားနည်းချက်များကို အချိန်မီ မပြင်ဆင်နိုင်ခဲ့သည့်အပြင် မိမိတို့အုပ်စု အာဏာမြဲရေးကို အာရုံစိုက်နေခဲ့သဖြင့် တိုင်းပြည်ဖရိုဖရဲဖြစ်ရသည်ဟူသော သူ့ဝေဖန်ချက်ကို မှတ်မိနေသေးသည်။

ဦးမြစိန် (စာရေးဆရာ စိန်မင်း) က ထိုစဉ်က အကြောင်းများကို ပြန်ပြောဖြစ်တိုင်း ဦးလှသန်းသည် သူ အထူးလေးစား သူများအနက် တဦးဖြစ်ကြောင်း ပြောပြတတ်သည်။ အထူးသဖြင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တဦးအနေဖြင့် ပြည်သူဘက်က ရပ်ရမည်၊ ပြည်သူ့အကျိုးစီးပွားကို ကာကွယ်ရမည် ဆိုသည်ကို ကောင်းစွာသိရှိသူ၊ နိုင်ငံရေးအမြင် ရှင်းလင်းသူဟု ဦးမြစိန်က ဦးလှသန်းအပေါ် မှတ်ချက်ပေးဖူးသည်။

တိုက်ပိတ်ခံထားရသည့် အချိန်များတွင် ဦးလှသန်းသည် ပလတ်စတစ်လက်ဆွဲအိတ်များ ထိုးခြင်းဖြင့် ငြီးငွေ့ဖွယ်အချိန်များကို ကျော်ဖြတ်လေ့ရှိသည်။ မိသားစုများ ထောင်ဝင်စာလာတွေ့သည့်အခါ ငါးပိကြော်၊ ငါးခြောက်ကြော် အစရှိသည့် စားသောက်စရာများကို ပလတ်စတစ်အိတ်များဖြင့် ထည့်ပေးလေ့ရှိသည်။ ထိုပလတ်စတစ်အိတ်များကို သန့်စင်အောင် ဆေးကြော၍ ၀ှက်ထားရသည့် ဘလိတ်ဓား တခြမ်းပဲ့လေးဖြင့် ညီညီညာညာ စိတ်ဖြာရသည်။ ပြီးမှ စိတ်ဖြာထားသော ပလတ်စတစ်ပြားကလေးများကို စိတ်ရှည်လက်ရှည် ရာဂဏန်းများစွာရရှိအောင် နန်းဆွဲရသည်။ ထိုပလတ်စတစ် နန်းကြိုးများကို အသုံးပြု၍ ဒီဇိုင်းလက်ရာမြောက်သည့် လက်ဆွဲအိတ်များ ထိုးခြင်းဖြစ်သည်။ ဦးလှသန်း၏ လက်ရာ လက်ဆွဲအိတ်များမှာ မည်ကာမတ္တအဖြစ်မျှ ထိုးရက်ထားခြင်း မဟုတ်ပေ။ စိတ်ကူးစိတ်သန်းကောင်းကောင်း အရောင်အစပ်အဟပ် ညီညီဖြင့် ဒီဇိုင်းလှလှ အိတ်ကလေးများ ဖြစ်လာအောင် ထိုးထားခြင်းဖြစ်သည်။

ဤသည်ကိုကြည့်၍ ဦးလှသန်းတွင် အနုလက်မှုပညာ၌လည်း ထူးချွန်သည့် အရည်အချင်းများ စိတ်ကူးစိတ်သန်းကောင်းများ ရှိနေသည်ကို သိရသည်။ ထိုသို့ သူကိုယ်တိုင်လုပ်သည့် လက်မှုပညာပစ္စည်းကလေးများဖြင့် အပြင်မှ မိသားစုနှင့် မိတ်ဆွေများကို လက်ဆောင်ပေးတတ်သည်။ တနည်းအားဖြင့် ပြင်ပမှ မိသားစုနှင့် မိတ်ဆွေသင်္ဂဟများ၏ မေတ္တာ၊ စေတနာ၊ စာနာထောက်ခံမှုတို့ကို သူ့လက်မှုပညာ လက်ရာကလေးများနှင့် မေတ္တာတုံ့ပြန်ခြင်းဖြစ်သည်။ သူ့လက်ရာတခုပြီးတိုင်းလည်း ရဲဘော်ရဲဘက်များကိုပြ၍ လိုအပ်ချက်ရှိ မရှိ ဝေဖန်ခိုင်းတတ်သည်။ အခြား အိတ်ထိုးလိုသူများကိုလည်း သူက အိတ်ထိုးနည်း သင်ပေးတတ်သေးသည်။

(၄) တို တိုက်တွင် သူနှင့် ထိတွေ့ဆက်ဆံရင်း ဦးလှသန်းသည် စိတ်နေစိတ်ထား နုညံ့ပျော့ပျောင်းသူ၊ အနုပညာစိတ်ရှိသူ၊ လူသားဆန်သူဖြစ်ကြောင်း ပိုမိုနားလည်ခဲ့ရသည်။ ၁၉၉၄ ဧပြီလတွင် စာရေးသူ (၅) တိုက်သို့ ပြောင်းရသောအခါ သူနှင့် အဆက်ပြတ်သွားသည်။ သို့သော် ထောင်ဝင်စာထွက်သည့်အခါ အမှတ်မထင်တွေ့ဖြစ် နှုတ်ဆက်ဖြစ်ခြင်းမျိုးတော့ရှိသည်။ ထိုနှစ် အောက်တိုဘာလောက်တွင် စာရေးသူ (၃) တိုက်သို့ ပြောင်းရပြန်သည်။ ဦးလှသန်းကတော့ (၄) တို တိုက်မှာပင် ရှိနေဆဲဖြစ်သည်။

(၃) တိုက် နိုင်ငံရေးအကျဉ်းသားများ တာဝန်ယူပြုစုသည့် ထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာတွင် လူတရာကျော် လက်မှတ်ရေးထိုး၍ ကုလသမဂ္ဂသို့ လျှို့ဝှက်ပေးပို့စဉ်က ဦးလှသန်း၏ လက်မှတ်လည်း ပါဝင်ခဲ့သည်။ သူ ညနေတိုင်းဖျားသဖြင့် ဆေးထိုးဆေးသောက်နေရကြောင်း သတင်းကြားရသည်။ သူ့အဖျားကို ငှက်ဖျားဆိုကာ ထောင်ဆေးမှူးက ဆေးထိုးပေးနေသည်မှာ လချီ၍ကြာသည်။ နောက် မပျောက်တော့မှ သလိပ်စစ်ရာ တီဘီအဆုတ်ရောဂါဟုဆိုပြီး ဆေးပြောင်းထိုးပြန်သည်။

အင်းစိန်အကျဉ်းထောင်ကို ၁၈၆၅ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဗြိတိသျှကိုလိုနီခေတ်၊ ဖဆပလခေတ်၊ မဆလခေတ်၊ န၀တခေတ် အဆက်ဆက် နှစ်တရာကျော် လူပေါင်းမရေမတွက်နိုင်အောင် အကျဉ်းချထားခဲ့သဖြင့် ရောဂါဘယပိုးမွှားအစုံ ခိုအောင်းနေပေသည်။ လတ်ဆတ်သန့်ရှင်းသော ရိက္ခာကို မမှီဝဲရ၊ သန့်ရှင်းသည့် ရေ မသောက်ရ၊ လေကောင်းလေသန့် မရှူရှိုက်ရ၊ နေရောင်ခြည် အလုံအလောက်မရရှိဘဲ တိုက်ပိတ်ခံထားရခြင်းကြောင့် ရောဂါကူးစက်ရန် အလွန်လွယ်သည့်နေရာဖြစ်သည်။

ပိုဆိုးသည်မှာ မကျန်းမာသည့်အခါ သန့်ရှင်းသည့် တခါသုံးဆေးထိုးအပ်ဖြင့် မဟုတ်ဘဲ ပြီးစလွယ် ကြုံရာအပ်ဖြင့် ဆေးထိုးခံရခြင်းဖြစ်သည်။ အရက်ပြန်ကိုပင် ကျကျနန အသုံးပြုခြင်းမရှိ။ သက်ဆိုင်ရာ အိမ်များက ခက်ခက်ခဲခဲ တခါသုံးအပ် ပို့ပေးသော်လည်း ကိုယ့်အပ်ကို သိမ်းထားခွင့်မရှိ၊ သူတို့ထံ၌သာ ပေးအပ်ထားရသည်။ တကယ်ဆေးထိုးသည့်အခါ ကိုယ်အပ်နှင့်ကိုယ် သုံးရခြင်းဟုတ်မဟုတ် စိစစ်ရန်မလွယ်။ သို့ဖြင့် ဦးလှသန်းမှာ အိပ်ရာတွင်လဲကာ နောက်ဆုံး၌ ဆေးရုံတင်ရသည်အထိ ဖြစ်ရတော့သည်။ ဆေးရုံတွင် စစ်ဆေးချိန်ကျမှ သူ့တွင် (HIV/AIDS) ရောဂါကူးစက်ခံနေရသည်ကို သိရတော့သည်။

၁၉၉၅ အောက်တိုဘာလထဲတွင် ထောင်တွင်းလူ့အခွင့်အရေးချိုးဖောက်မှုအစီရင်ခံစာ အပြင်သို့ ရောက်သွားခဲ့သဖြင့် အင်းစိန်ထောင် နိုင်ငံရေးတိုက်ဝင်းအတွင်း စစ်ထောက်လှမ်းရေးက ၀င်ရောက်စီးနင်းရှာဖွေခဲ့သည်။ နိုင်ငံရေးအကျဉ်းသား အများအပြား အမှောင်တိုက်ပိတ်ခံကြရသည်။ ကြမ်းတမ်းစွာ စစ်ကြောမေးမြန်းခံကြရသည်။ ဆရာဦးဝင်းတင်၊ ဒေါက်တာ ဇော်မြင့်မောင် (အမရပူရ ၁၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာမြင့်နိုင် (ကန့်ဘလူ ၂၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဦးနိုင်းနိုင်း (ပုဇွန်တောင်၊ လွှတ်တော်ကိုယ်စားလှယ်)၊ ဒေါက်တာခင်ဇော်ဝင်း၊ မျိုးမြင့်ငြိမ်း၊ ကိုထွန်းဝင်း (တောင်ကုတ်စီးနင်းမှု) နှင့် စာရေးသူတို့မှာ စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံရသည်။

ထိုကာလတွင် ဦးလှသန်းသည် (HIV/AIDS) ရောဂါကူးစက်ခံရ၍ ရန်ကုန်ဆေးရုံကြီး မြေအောက်အချုပ်ခန်း၌ ရောက်ရှိနေ သည်။ ဆေးရုံတင်ထားသော်လည်း စနစ်တကျ ဆေးဝါးကုသမှု ရရှိသည်မဟုတ်။ ဦးလှသန်းသည် ယုံကြည်ချက် အလွန်ခိုင်မာ သူဖြစ်သည်ဟု သူနှင့်အတူ ဆေးရုံအချုပ်ခန်းတွင် အတူနေခဲ့ဖူးသည့် ခရမ်းရဲစခန်းမှ ရဲတပ်သားတဦး (အမည်မမှတ်မိ) က ပြန်ပြောပြသည်။ ၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံ ဘာကြောင့် ပေါ်ပေါက်ခဲ့ရသည်ဆိုခြင်းကို ဦးလှသန်းက ဆေးရုံအချုပ်တွင် မမောနိုင်မပန်းနိုင် ရှင်းပြတတ်ပုံ၊ ဒေါ်အောင်ဆန်းစုကြည်အကြောင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အကြောင်း၊ အမျိုးသား ညီလာခံကို ဘာကြောင့် အတုအယောင်ဟု ဆိုနိုင်ကြောင်း စသည်တို့ကိုလည်း သူတို့အား ဦးလှသန်းက ရှင်းပြပုံတို့ကို ထိုရဲသားဟောင်း လူငယ်က ပြောပြခဲ့သည်။ ရဲအထူးသတင်းတပ်ဖွဲ့နှင့် စစ်ထောက်လှမ်းရေးဘက်မှ ပုဂ္ဂိုလ်များ နေ့စဉ်လာ၍ ဦးလှသန်းအား နိုင်ငံရေးမလုပ်တော့ရန်၊ လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ နုတ်ထွက်ရန် လာပြောကြသည်ကို တွေ့ရပြီး ဦးလှသန်းက လုံးဝနုတ်မထွက်နိုင်ဟု ငြင်းဆိုခဲ့ပုံတို့ကိုလည်း ထိုလူငယ်က ပြောပြသည်။

နောက်ဆုံးတွင် စစ်ထောက်လှမ်းရေးက ဦးလှသန်းအတွက် လိုအပ်သည့် ဆေးဝါးများကို နိုင်ငံခြားမှ မှာထားကြောင်း၊ ဦးလှသန်းအနေဖြင့် နိုင်ငံရေးမှ နုတ်ထွက်မှသာ ထိုဆေးဝါးများဖြင့် ကုသပေးမည်ဖြစ်သည်ဟု အကျပ်ကိုင်ခဲ့ပုံကိုလည်း ထိုလူငယ်က ပြောပြခဲ့သည်။ ဦးလှသန်းက ဆေးကုသမှု မပေးလိုလျှင်လည်း ရှိစေ၊ သူ့အနေဖြင့် လူထုက အပ်နှင်းထားသည့် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ လုံးဝနုတ်ထွက်မည်မဟုတ်၊ အသေသာခံသွားမည်ဟု ခိုင်ခိုင်မာမာ တုံ့ပြန်ခဲ့သည်ဟု အဆိုပါ လူငယ်မှတဆင့် ပြန်ကြားခဲ့ရသည်။ ဦးလှသန်းကား သူ့သန္နိဋ္ဌာန်နှင့်အညီ ယုံကြည်ချက်ကို မစွန့်လွှတ်ခဲ့။ သူ၏ နောက်ဆုံးအချိန်များကို တည်ငြိမ်စွာ ရင်ဆိုင်သွားခဲ့သည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် ထောင်တွင်း၌ သူ ရောဂါရခဲ့ရသည်။ အာဏာရှင်စနစ်၏ လူမဆန်မှုကြောင့် သူ ဆေးဝါးကုသခွင့် ဆုံးရှုံးခဲ့ရသည်။ ၁၉၉၆ သြဂုတ်လ (၂) ရက်နေ့၌ အာဏာရှင်စနစ်က ဦးလှသန်းအား လူမဆန်စွာ သတ်ဖြတ်လိုက်သည်။ သို့သော်လည်း သူ၏ သန္နိဋ္ဌာန်နှင့် ယုံကြည်ချက်ကိုကား အာဏာရှင်တို့ သေအောင်မသတ်နိုင်ခဲ့။

ဦးလှသန်းကား သူ့ပခုံးထက်သို့ ကျရောက်လာသော သမိုင်းရေးတာဝန်ကို ကျေပွန်စွာထမ်းရွက်သွားခဲ့ပေပြီ။ သူ့နာမည်ကား နိုင်ငံ့သားကောင်းအဖြစ် သမိုင်းစာမျက်နှာပေါ်တွင် ကမ္ပည်းတင်ကျန်ရစ်ခဲ့လေပြီ။ သူကား မမေ့အပ်သည့် နိုင်ငံ့သားကောင်းများ အနက်မှ တဦးဖြစ်ပေသည်။

(ဦးလှသန်း ကွယ်လွန်ခြင်း ၁၃ နှစ်ပြည့် အထိမ်းအမှတ်)
ကိုးကား ။ ။
(၁) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း - မြန်မာ့အလင်း အောင်သန်း
(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှတ်တမ်း - ဦးခင်ကျော်ဟန် (ရေနံချောင်းမြို့နယ် အမှတ် (၂) ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊
(၃) Letters from Burma – Aung San Suu Kyi

donderdag 30 juli 2009

ဒေါ်အောင်ဆန်းစုကြည် အမိန့်ချသည့်နေ့တွင် လူထုတရပ်လုံးပါဝင်ရန် လှုံ့ဆော်စာများ ပျံ့နှံ့


အင်းစိန်ထောင် အနီးဝန်းကျင်၌ ဇူလိုင် ၂၈ နေ့က သံဆူးကြိုး အတားအဆီးများချ၍ လုံခြုံရေး တင်းကျပ်ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - အေပီ)

Thursday, 30 July 2009 18:06 အေးလဲ့
မနက်ဖြန်တွင် ပြုလုပ်မည့် မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမှုစီရင်ချက် ချမည့်ကိစ္စကို လူအများ စိတ်ဝင်စားလျက်ရှိပြီး လုံခြုံရေးများ တင်းကျပ် ထားသည့် ကြားက လူထု တရပ်လုံး ပါဝင်ရန် နှိုးဆော်ထားသည့်စာများ ပျံ့နှံ့လျက်ရှိကြောင်း သတင်းရရှိသည်။

ရန်ကုန်ရှိ ရွှေဂုံတိုင် ဆေးခန်းတဝိုက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို အမိန့်ချမည့် အချိန်တွင် ပြည်သူ တရပ်လုံး ပါဝင်ရန် နှိုးဆော်ထားသည့် “တိုက်ပွဲဦးဆောင်ကော်မတီ” မှ ဖြန့်ထားသော စာများ ပျံ့နှံ့ နေကြောင်း ယင်းစာ ဖတ်ရှုရသူများကပြောသည်။

၎င်း စာရွက် ဖတ်ရှုလိုက်ရသည့် မြို့ခံ တဦးက “ ကျမ ဖတ်လိုက်ရတဲ့ စာမှာ တိုက်ပွဲဝင်ဖို့ ပြင်ဆင်စို့ ဆိုပြီး ရေးထားတယ်။ စစ်အာဏာရှင်ကြီးစိုးတဲ့ တရားရုံးကနေပြီး ကျွန်ုပ်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ရင် ကျရာနေရာ ကျရာတာဝန်ဖြင့် တိုက်ပွဲဝင်နိုင်ဖို့ ဆိုပြီး နှိုးဆော်ထားတာ တွေ့ရတယ်။ ကျမ ကတော့ ဒီစာလေးဖတ်လိုက်ရတာ အားရှိသွားတယ်” ဟုဆိုသည်။

ရန်ကုန်မြို့ခံ အများစုသည်လည်း လုံခြုံရေး အထူးချထားသည်ကိုပင် စိတ်မဝင်စားတော့ဘဲ မနက်ဖြန်တွင် အင်းစိန်ထောင် အထူးတရားရုံးရှိရာ အနီးတဝိုက်သို့ သွားရန် စီစဉ်နေသည်ဟု သူက ဆက်ပြောသည်။

အဆိုပါ မြို့ခံက “ကျမကတော့ လက်ရှိ အာဏာရှင် စနစ်ပုံစံနဲ့ ဆက်သွားလို့ မရဘူးလို့ မြင်တယ်။ လူထု သက်သာချောင်ချိမယ့် နည်းလမ်းတွေရှိနိုင်တဲ့ စနစ်ကောင်းဖြစ်တဲ့အထိ ဦးဆောင်မယ့် လူရှိရင် နောက်က လိုက်ဖို့ကတော့ အဆင်သင့်ပဲလေ” ဟု ဆိုသည်။

အလားတူ မန္တလေးမြို့၌လည်း သံဃာတော်များနှင့် မြို့ခံများမှာ ဒေါ်အောင်ဆန်းစုကြည် အမိန့်ချမည့် သတင်းကို အထူး စိတ်ဝင်စားနေကြသည်ဟု မန္တလေး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) လူငယ် တာဝန်ခံ တဦးကပြောသည်။

၎င်းက “မနက်ဖြန်ကိစ္စကို တော်တော် စိတ်ဝင်စားနေကြတယ်။ ပြည်သူတွေ မခံချင်ရင်တော့ ဆူရင်လည်း ဆူလိုက်မယ်။ ပြည်သူတွေ ဘယ်လိုပေါက်ကွဲမလဲတော့ မသိသေးဘူး။ ကျောက်ဝိုင်းတွေမှာကော၊ ဆိုင်ကယ် ဝိုင်းဘက်တွေမှာကော ဒီအကြောင်းပဲ ပြောနေကြတယ်” ဟုဆိုသည်။

မန္တလေးရှိ ချမ်းမြသာစည်၊ ချမ်းအေးသာစံ၊ အောင်မြေသာဇံ၊ မဟာအောင်မြေ စသည့် လေးမြို့နယ်ရှိ ရယက ရုံးများတွင်လည်း လုံခြုံရေးများ ချထားသည် ဟု သိရသည်။

ထို့အပြင် မန္တလေးတွင် အာဆီယံနိုင်ငံများနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ဖက် တရုတ်၊ ဂျပန်၊ ကိုးရီးယား (ASEAN +3) ၏ စွမ်းအင်ဆိုင်ရာ ဆွေးနွေးပွဲ ကျင်းပနေခြင်းကြောင့် အစောင့်အကြပ်များ ယခင်ထက် တိုးမြှင့်ချထားခြင်း ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

မန္တလေး မြို့ခံ တဦးက “ အာဆီယံ လူကြီးတွေ ရောက်နေလို့ အစောင့်အကြပ်တွေ အများကြီး ချထားတယ်။ လမ်းထောင့်တိုင်းမှာ ရဲ ၂ ယောက်၊ ၃ ယောက်လောက် ချထားတာတွေ့တယ်” ဟု ပြောသည်။

စာပေဟောပြောပွဲတက်ရန် ရပ်ကွက်လူထုကို ဖိအားပေး

မင်းနိုင်သူ / ၃၀ ဇူလိုင် ၂၀၀၉


ရန်ကုန်တိုင်း၌ ယခုရက်ပိုင်းအတွင်း စာပေဟောပြောပွဲများ ပြုလုပ်လျက်ရှိရာ သက်ဆိုင်ရာရယကများက စာပေဟောပြောပွဲသို့ တက်ရောက်ရန် ရပ်ကွက်လူထုအား ဖိအားပေးမှုများရှိသည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

“ဒီမှာတော့ ဇူလိုင် (၂၆) ရက်က လာလုပ်သွားပြီ။ တရပ်ကွက်ကို အနည်းဆုံး (၁၅) ယောက်နှုန်း မတက်မနေရတက်ရမယ်လို့ မယက က ရယကကို ဖိအားပေးတဲ့အတွက် ရယက က ရပ်ကွက်က လူတွေကို တဆင့်ဖိအားပေးတက်ခိုင်းပေမယ့် မသွားကြပါ ဘူး။ နောက်ဆုံးတော့ ကြံ့ဖွံ့အသင်းဝင်တွေနဲ့ မိခင်နဲ့ကလေး စောင့်ရှောက်ရေးအသင်းဝင်တွေပဲ ဟောပြောပွဲ တက်လာကြတာ တွေ့ရတယ်” ဟု ကိုယ်တိုင်တက်ရောက်ခဲ့သူ အင်းစိန်မြို့ခံတဦးက ပြောသည်။

အဆိုပါ စာပေဟောပြောပွဲများကို ရန်ကုန်တိုင်း တယကရုံး၏ ညွှန်ကြားမှုအရ စာပေနှင့်စာနယ်ဇင်းအဖွဲ့က စီစဉ်ပေးခဲ့ရကာ ရန်ကုန်တိုင်း (၁၁) မြို့နယ်အတွင်း စာပေဟောပြောပွဲများ ကျင်းပသွားမည်ဖြစ်ကြောင်း စာနယ်ဇင်းဆရာတဦးက ပြောသည်။

၎င်းက “စာပေစာနယ်ဇင်းကို ခေါင်းတပ်တယ်။ တကယ်တမ်းလုပ်တာက စစ်ဌာနချုပ်ရဲ့ ညွှန်ကြားမှုအရ ရန်ကုန် တယက ကလုပ်တာလို့ သိထားရတယ်။ ဟောရမယ့် စာရေးဆရာတွေကိုလည်း ဘယ်မြို့နယ်မှာ ဘယ်သူ့ကိုဖိတ်ပြီး ဟောခိုင်းရမယ်ဆိုတာ သူတို့ကပဲ ရှာပေးပြီးသား။ ချစ်နိုင် (စိတ်ပညာ)၊ ကောင်းသန့်၊ ချစ်ဦးညို၊ လယ်တွင်းသားစောချစ်၊ ဒေါက်တာမတင်ဝင်း၊ ချစ်စံဝင်း အဲလိုမျိုး သူတို့လိုချင်တဲ့ စာရေးဆရာတွေကို စာပေစာနယ်ဇင်းအဖွဲ့ကတဆင့် ခေါ်ခိုင်းထားပြီးသား” ဟု ရှင်းပြသည်။

ရန်ကုန် တယကရုံးက ဟောပြောသည့် စာရေးဆရာတဦးလျှင် (၅၀,၀၀၀) ကျပ်ပေးအပ်ကာ သက်ဆိုင်ရာမြို့နယ်များမှလည်း မိမိတို့ဘာသာ ရန်ပုံငွေရှာကြံ၍ လက်ဆောင်ပစ္စည်းများထပ်ပေးကြရန် ညွှန်ကြားထားကြောင်း သိရသည်။

ထိုကဲ့သို့ စာပေဆိုင်ရာ ဟောပြောချက်များ ဟောပြောပေးရန် စာပေနှင့် စာနယ်ဇင်းအဖွဲ့က မိမိကို အကြောင်းကြားခဲ့ကြောင်း စာရေးဆရာ ချစ်ဦးညိုက ပြောသည်။

“ကျနော် သုံးပွဲဟောခဲ့ရပြီးပါပြီ။ ကျနော်ကတော့ အနုပညာဆိုင်ရာ ကိစ္စရပ်တွေကိုပဲ ဟောပြောခဲ့တာပါ။ အဓိကစီစဉ်တာ ဘယ်သူတွေဆိုတာ ကျနော်မသိပါဘူး။ ကျနော့်ကို စာနယ်ဇင်းအဖွဲ့က ဖိတ်ကြားလို့ သွားရတာပါ။ စာပေပရိသတ်လို့ပဲ မှတ်ယူပြီး ဟောခဲ့တာပါပဲ” ဟု စာရေးဆရာချစ်ဦးညိုက ပြောသည်။

အင်းစိန်မြို့နယ်သို့ လာရောက်ဟောပြောခဲ့ကြသော စာရေးဆရာအချို့ကမူ မျိုးချစ်စိတ်ဓာတ်ထက်သန်ရေး ဟောပြောသယောင်ဖြင့် စစ်အစိုးရ မူဝါဒကို ထောက်ခံသင့်သည်ဟူသော သဘောမျိုးသက်ရောက်အောင် ဟောခဲ့သည်ဟု အင်းစိန်မြို့ခံက ပြောသည်။

“စာရေးဆရာတွေဆိုတော့ သိတဲ့အတိုင်းပဲလေ။ ကွေ့ကာ၊ ၀ှိုက်ကာနဲ့ ပြောတတ်လိုက်ကြတာ။ တပ်ထွက် စာရေးဆရာတွေ ပိုဆိုးသေး။ သူတို့မှပဲ အမျိုးချစ်တတ်သလိုလိုနဲ့ ဟောပြောသွားတာ” ဟု ၎င်းက ပြောသည်။

လာမည့် သြဂုတ်လ (၂) ရက်တွင်လည်း မှော်ဘီမြို့နယ်၌ စာပေဟောပြောပွဲကျင်းပသွားရန် စီစဉ်ထားကြောင်း သိရသည်။

တိုင်းရင်းသားဘာသာဖြင့် ရေဒီယိုလိုင်းအသစ် နေပြည်တော်မှ ထုတ်လွှင့်

ဝီရ / ၃၀ ဇူလိုင် ၂၀၀၉


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် လာမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပညာပေးအစီအစဉ်များနှင့် စည်းရုံးရေးဆိုင်ရာ စစ်အစိုးရအာဘော်များကို တိုင်းရင်းသား ဘာသာစကားများဖြင့် ထုတ်လွှင့်သည့် ရေဒီယိုလိုင်းသစ်တခုကို ယခုတပတ်အတွင်း စတင် တင်ဆက်နေသည်။

ယခုထုတ်လွှင့်နေသည့် ရေဒီယိုလိုင်းသစ်ကို နေပြည်တော် တိုင်းရင်းသားရေဒီယိုဟုသာ ကြေညာထားပြီး တိုင်းရင်းသားလူမျိုး တမျိုးစီအတွက် တရက်လျှင် အနည်းဆုံး တနာရီစီ အသံလွှင့်နေကြောင်း မော်လမြိုင်မြို့ခံတဦးက ပြောသည်။

၎င်းက “မွန်ဘာသာအတွက် မနက်ပိုင်းဆိုရင် (၆) နာရီခွဲကနေ (၇) နာရီခွဲအထိ လွှင့်နေတယ်။ ညနေပိုင်း (၅) နာရီကနေ (၆) နာရီအထိက ဘာသာတမျိုးစီ အလှည့်ကျ ထုတ်လွှင့်သေးတယ်။ ခေတ်ပေါ်တိုင်းရင်းသားသီချင်း (၃) ပုဒ်၊ (၄) ပုဒ်ရယ်။ စစ်အစိုးရရဲ့ အခြေခံဥပဒေနဲ့ ရွေးကောက်ပွဲအတွက် စည်းရုံးရေး၊ ပညာပေးတာနဲ့ဆိုင်တဲ့ ဆောင်းပါးအာဘော်တွေကို မွန်ဘာသာနဲ့ ထုတ်လွှင့်နေတယ်။ ကျနော် သတိထားမိတာက ဒီအပတ် တနင်္လာနေ့ကမှ စတာ” ဟု ပြောသည်။

ယခုလွှင့်သည့် ရေဒီယိုအစီအစဉ်သစ်သည် ပိတောက်မြေနှင့် နေပြည်တော်မြန်မာအသံတို့ ထုတ်လွှင့်နေသည့် စစ်အစိုးရ အာဘော်များအား တိုင်းရင်းသားဘာသာစကားဖြင့် ထုတ်လွှင့်ခြင်းဖြစ်သည်။

အစီအစဉ်များထဲတွင် တိုင်းရင်းသားဘာသာစကားဖြင့် သီချင်းတောင်းဆိုနိုင်သောကြောင့် စိတ်ဝင်စားသူ များပြားကြောင်း မုဒုံမြို့နယ်မှ ရွာသားတဦးက ပြောသည်။

၎င်းက “အခု သူတို့လွှင့်နေတာက တိုင်းရင်းသားအသံ သက်သက်ဆိုတော့ ဒီအနားတဝိုက်က ရွာတိုင်းက နားထောင်နေကြတယ်။ ပြီးတော့ သီချင်းတွေကိုလည်း တောင်းဆိုနိုင်သေးတယ်။ နေပြည်တော်က သီချင်းတောင်းနိုင်တဲ့ ဖုန်းနံပါတ်တွေကိုပါ ကြေညာပေးထားတော့ တိုင်းရင်းသားဘာသာနဲ့ပဲ တောင်းဆိုရတယ်။ တိုက်ရိုက်မဟုတ်ပေမယ့် ဘယ်ရွာ၊ ဘယ်နယ်က၊ ဘယ်သူက တောင်းဆိုတယ်ဆိုတာပါ ကြေညာပေးတော့ လူငယ်တွေလည်း စိတ်ဝင်စားကြတယ်။ သီချင်းထုတ်လွှင့်တဲ့ အပိုင်းကိုပေါ့။ ကျန်တဲ့ပညာပေးတာတို့၊ ရွေးကောက်ပွဲအကြောင်းတွေကို စိတ်ဝင်စားသူက နည်းတယ်။ အဲဒီအထဲက ကျနော်ကြိုက်တဲ့ အစီအစဉ်တခုက မိုးလေဝသ ကြေညာချက်ပါ။ တိုင်းရင်းသားစကားနဲ့ ကြေညာပေးတာ” ဟု ပြောသည်။

နေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား နေပြည်တော် မြန်မာအသံနှင့် ပိတောက်မြေ ရေဒီယိုတို့ကဲ့သို့ ထုတ်လွှင့်နေသည့် လှိုင်းတိုမီတာနှင့် လှိုင်းလတ်မီတာတို့တွင် နားဆင်နိုင်သည်။

အဆိုပါနေပြည်တော် တိုင်းရင်းသားရေဒီယိုလိုင်းသစ်အား ၂၀၀၉ ခုနှစ် ဇူလိုင်လ အစောပိုင်းကတည်းက စမ်းသပ်ကာလအဖြစ် စတည်ထုတ်လွှင့်ခဲ့ပြီး တိုင်းရင်းသားလူမျိုးတမျိုးစီအတွက် ဌာနေစကားတတ်မြောက်သူ ဘွဲ့ရ (၄) ဦးစီ ထပ်မံခေါ်ယူရန် စီစဉ်နေကြောင်း MRTV4 အစီအစဉ်အား ထုတ်လွှင့်နေသည့် Forever Group ကုမ္ပဏီမှ ဝန်ထမ်းတဦးက အတည်ပြု ပြောကြားသည်။

နေပြည်တော် မြန်မာအသံကို ၂၀၀၇ ခုနှစ် ဧပြီလတွင် စတင်ထုတ်လွှင့်ခဲ့ပြီး ပိတောက်မြေ ရေဒီယိုအစီအစဉ်ကိုလည်း နေပြည်တော် မြန်မာအသံမှ ထုတ်လွှင့်နေသည့် လှိုင်းလတ်မီတာတွင်ပင် တထပ်တည်း ထုတ်လွှင့်နေခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် တိုင်းရင်းသားသီချင်းများ ထုတ်လွှင့်သည့် FM ရေဒီယိုလိုင်းသစ်များအနေဖြင့် ပဉ္စဝတီ (ရခိုင်ပြည်နယ်)အား စတင်ထုတ်လွှင့်ခဲ့ပြီး ရွှေ FM (မြန်မာပြည်တောင်ပိုင်း) နှင့် ချယ်ရီ FM (တောင်ကြီး) တို့အား ထုတ်လွှင့်နိုင်ရန် စိုင်းပြင်းနေကြောင်း သိရသည်။

စစ်သားကောင်း ပီသကြပါစေ

ဗိုလ်ထက်မင်း

၃၀ ဇူလိုင် ၂၀၀၉


ရုရှားနိုင်ငံကို သွားရောက်ပညာဆည်းပူးခဲ့တဲ့ DSA ကျောင်းဆင်း ညီတော်တွေကို အရင်ခေတ် တပ်မတော်အရာရှိတွေရဲ့ စိတ်ဓာတ်နဲ့ ခံယူချက်ထားရှိပုံတွေကို ရှင်းပြလိုပါတယ်။ တို့တတွေ ကျောင်းဆင်းလာတော့ ပခုံးပေါ်မှာ တင်ထားတဲ့ တပွင့်တည်းသောကြယ်ပွင့် လျှောကျသွားမှာစိုးလို့ ဆွဲဆွဲတင်နေလိုက်ရတာ အမောပဲဆိုတာကို ရှင်းပြလိုတာပါ။ ပြီးတော့ တို့တိုင်းပြည်အတွက် ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီးတော့ လက်သီးလက်မောင်းတန်းရင်း ကြိမ်းဝါးမိတာလည်း ရှိပါသေးတယ်။

အရာရှိအချင်းချင်း နောက်ပြောင်ပြောဆိုနေကြပုံက အဲဒီအပွင့်ကို ညှစ်လိုက်ရင် ချွေးတွေ၊ သွေးတွေ ကျလာရမယ်။ ရှေ့တန်းမှာ မတိုက်ရဘဲ နောက်တန်းမှာ နှပ်နေရတာမျိုး၊ သင်တန်းတွေပဲ လှိမ့်တက်နေရတာမျိုးနဲ့ရတဲ့ အရာရှိရဲ့ အပွင့်ကိုတော့ ညှစ်လိုက်ရင် ‘ပဲ’ တွေပဲ ကျလာမယ် အထင်မကြီးဘူးလို့လည်း ရိတိတိ ပြောတတ်ခဲ့ကြပါတယ်။

တပ်ရင်းကို ရောက်သွားတော့လည်း တို့တတွေဟာ ကာဘိုင်သေနတ်ကို ရွေးရတာ ခေါင်းအကိုက်ရဆုံးပါပဲ။ ရန်သူနဲ့တွေ့ရင် ပြန်ပစ်နိုင်ဖို့ရာ Zero inch ဖြောင့်တန်းမှုရယူထားတဲ့ ကာဘိုင်ကို အလိုချင်ကြဆုံး ဖြစ်ပါတယ်။ တချို့တပ်ခွဲ တပ်ကြပ်ကြီးတွေရဲ့ ကာဘိုင်ဒင် သစ်သားပိုင်းက ပေါလစ်သုတ်ထားလို့ ပြောင်နေတာကိုတွေ့ရင် အရာရှိပေါက်စတွေက ရင်သပ်ရှုမော ကိုင်တွယ်ကြည့်ကြတာ ညီတော်တို့ သိစေချင်ပါတယ်။

Equipment လို့ခေါ်တဲ့ စစ်ချပ်ဝတ်တန်ဆာအပိုင်းမှာ ခါးပတ်နဲ့ ရေဘူးဆိုရင် အမေရိကန်ထုတ် ခါးပတ်၊ ရေဘူးမှ ၀တ်ဆင်ကြပါ တယ်။ အရာရှိတဦး US Equipment အပြည့်အစုံ ၀တ်ထားပြီဆိုရင် ကျန်တဲ့အရာရှိတွေက ရင်သပ်ရှုမောနဲ့ ဘယ်လောက်ပေး ရလဲ ဘယ်မှာဝယ်လဲ စသဖြင့် အလုအယက် မေးမြန်းလာကြတာလည်း တွေ့ရပါတယ်။ အဲဒီအရာရှိတွေ တပ်ပြောင်းခဲ့ရင် US Equipment ကို အမှတ်တရ လက်ဆောင်အဖြစ် သိမ်းပိုက်ဖို့ ကြံစည်ကြတဲ့အထိ အရာရှိတွေက မက်မက်မောမော ရှိကြပါတယ်။

ကျောင်းဆင်းအရာရှိတွေဟာ တပ်ရင်းရှိ တပ်စုတစုကို ကိုင်တွယ်ဖို့ တပ်ခွဲမှူးက အပ်နှံခဲ့ရင်ဖြစ်စေ၊ တပ်စုတပ်ကြပ်ကြီးတဦးက ၎င်းတပ်စုကို သတိဆွဲကာ မိမိထံသို့ အလေးပြုပြီး သတင်းပို့ခဲ့ရင်ဖြစ်စေ အဲဒီအချိန်မှာ ရင်ထဲမှာ ငါဟာ လူ (၃၀) ကို အုပ်ချုပ်ရ တဲ့ အရာရှိပေါက်စတဦး မကြာခင် ဖြစ်တော့မှာပါလားဆိုတဲ့ ရင်ထဲက ပီတိကို ညီတော်တွေအား မျှဝေပေးချင်ပါတယ်။

ရှေ့တန်းရောက်ရင် တပ်စုတပ်ကြပ်ကြီးလုပ်သူ ဆရာကြီးက နယ်မြေနဲ့ ရန်သူသတင်းတွေကို စိတ်ရှည်လက်ရှည် ရှင်းပြပုံ၊ ရွာတွေရောက်ခဲ့လို့ အိမ်တွေမှာ ညအိပ်ခဲ့ရင် ကိုယ့်ထက်အသက်ကြီးတဲ့ တပ်စုတပ်ကြပ်ကြီးက အိမ်အောက်မှာ အနစ်နာခံ အိပ်ခဲ့ပုံ၊ မိမိကိုတော့ အိမ်ပေါ်မှာ ဇိမ်ကျကျ အိပ်ခွင့်ပေးခဲ့ပုံ … စသဖြင့် အတူတူစား အတူတူသွားလာကြတဲ့ သံယောဇဉ်နဲ့ ရဲဘော်ရဲဘက်စိတ်တွေ ကြီးမားလှပုံကို ပြောပြချင်ပါတယ်။

တပ်ခွဲမှူးကိုဆိုရင် ကိုယ့်ရဲ့ အကိုကြီးတယောက်လို ခင်တွယ်မိကာ ထမင်းလက်ဆုံ စားကြတဲ့အခါမျိုး စစ်နည်းဗျူဟာတွေကို လက်တွေ့နယ်ပယ်မှာ အပ်ကျမတ်ကျ သင်ကြားပေးခဲ့ပုံတွေကအစ နောက်ဆုံး ညီတော်တွေ ပိုက်ဆံမရှိလို့ နောင်တော်တွေက မုန့်ဖိုးအဖြစ် ပေးသုံးခဲ့ပုံတွေ၊ ရန်သူနဲ့ နင်လား ငါလား တိုက်ပွဲတွေဖြစ်လာရင် တပ်ခွဲမှူးက အတွေ့အကြုံနည်းတဲ့ ကျောင်းဆင်း မိမိတို့ တပ်စုမှူးတွေကို ချေမှုန်းရေးတပ်စုမှာ မထားဘဲ တပ်ခွဲမှူးရုံးရဲ့ အနီးကပ်တပ်စုအဖြစ် စိုးရိမ်ကြောင့်ကြစွာ ပြောင်းလဲထားခဲ့ပုံတွေ ဒါတွေကိုလည်း အခုခေတ် ညီတော်တွေ သိစေချင်တယ်။

နောက်တန်းပြန်ရောက်လို့ လူပျိုအရာရှိရိပ်သာရောက်ပြီဆိုရင် စီနီယာနောင်တော် တပ်ခွဲမှူးဗိုလ်ကြီးတွေက ဦးဆောင်ပြီး စားသောက်ဖွယ်ရာတွေ အပါအ၀င် အထွေထွေ ကုန်ကျစရိတ်အားလုံး အကုန်အကျခံပုံတွေ၊ သူတို့ကိုယ်တိုင်က မင်းတို့တပ်စုမှူးတွေ ပိုက်ဆံရှိကြတာမဟုတ်ဘူး၊ ငါတို့အကြီးတွေပဲ ပေါင်းပြီး ရှင်းပေးလိုက်မယ်ဆိုတဲ့ ကြင်နာမှုစကားသံတွေ၊ မြို့ထဲကို ကားတစီးနဲ့ ထွက်လည်ကြလို့ စားသောက်ဆိုင်ကို ရောက်ပြီး ရှင်းကြပြီဆိုရင်လည်း စီနီယာအရာရှိတွေက ကျနော်တို့ ဂျူနီယာအရာရှိတွေကို လက်ကာပြီး သူတို့ပဲ ရှင်းပေးကြပုံတွေ၊ အကိုကြီး အဖအရာဆိုသလို တပ်ထဲမှာ နေထိုင်ပြုမူကျင့်ကြံပုံ၊ ဆိုင်ရာတွေကို ဆိုဆုံးမပုံတွေဟာ ယနေ့ထက်တိုင် ရင်ထဲအသည်းထဲ စွဲမြဲနေပါတယ်။

တိုက်ပွဲမှာ တပ်ခွဲမှူးဖြစ်ဖြစ်၊ တပ်စုမှူးဖြစ်ဖြစ် ထိခိုက်ဒဏ်ရာရလို့ဖြစ်စေ ပိတ်ဆို့ခံရလို့ဖြစ်စေ ဘယ်လိုမျိုး အခက်အခဲတွေ ကျရောက်နေပါစေ ညီတော်နောင်တော်တွေက မဖြစ်ဖြစ်အောင် ဖောက်ထွက်ပြီး ကူညီဖေးမ ကယ်တင်တတ်တဲ့ ရှေ့တန်းရဲ့  ရဲရဲတောက် သံမဏိစိတ်ဓာတ်တွေကိုလည်း ညီတော်တွေ သိစေချင်ပါတယ်။ အခုတော့ ဒါတွေဟာ ပုံပြင်တွေလို ဖြစ်နေပြီး တို့တပ်မတော်ဟာ ရာထူးအာဏာ မက်မောမှုနဲ့အတူ စီးပွားရေး၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင် ပတ်သက်ချုပ်ကိုင်လာတာနဲ့အမျှ တိုင်းပြည်နဲ့ လူမျိုးအတွက်ဆိုတာဟာ တပ်မတော်နဲ့ ဘာမှမသက်ဆိုင်တော့တဲ့အထိ ရာဇ၀င်ရိုင်းခဲ့ပြီ ဖြစ်ပါတယ်။

တို့ ကျောင်းဆင်းပြီးပြီးချင်း ရှေ့တန်းမှာ (၉) လ ဆက်တိုက်ကြာသွားတော့ မိခင်ဖြစ်သူက တပ်ရင်းမှူးဆီ စာရေးပြောတယ်။ အဲဒီအခါကျမှ တပ်ရင်းမှူးက သတိရပြီး ခွင့်ခေါ်ပေးလို့ မိခင်အိမ်ကို ပြန်ခွင့်ရပါတယ်။ ဒါပေမယ့် ရှေ့တန်းမှာ ရုန်းရင်းကန်ရင်း ပေပေတေတေ နေလိုက်တာ ပင်ပန်းရမှန်းမသိဘဲ အချိန်ကုန်သွားခဲ့တာဖြစ်တယ်။ တပ်ရင်းမှူးက ခွင့်ခေါ်ပေးမှသာ (၉) လ ကြာပြီဆိုတာကို သိရတာဖြစ်တယ်။

ရှေ့တန်းမှာက တပ်ခွဲမှူးက အစစအရာရာ ကျွေးမွေးနေတော့ ဘာကုန်ကျမှုမှမရှိဘူး။ ဒါကြောင့် အိမ်ပြန်တဲ့အခါ ဘဏ် (၆) မှာ လစာကို တလုံးတခဲတည်း ထုတ်ရတယ်။ အဲဒီအချိန်မှာ ခံစားခဲ့ရတဲ့ပီတိ၊ အဲဒီလစာတွေထဲက မိခင်ကို ကန်တော့လိုက်ရတဲ့ ပီတိ၊ အရင်က ကျောင်းနေဖက်သူငယ်ချင်းဖြစ်ခဲ့တဲ့ RIT ကျောင်းသား သူငယ်ချင်းထံသွားပြီး သူ့ကို RIT ကင်တင်းရိပ်သာမှာ ကိုယ်ရတဲ့လစာနဲ့ ကျွေးမွေးပြုစုရတဲ့ ပျော်ရွှင်မှုပီတိ ခံစားချက်တွေကို ငါ့ညီတော်တွေ သိစေချင်တယ်။

ငါတို့ဟာ တက္ကသိုလ်ကျောင်းသားဘ၀က လာခဲ့တာမို့ ကျောင်းသားတွေရဲ့ ဘ၀ကို ပြန်လည်တမ်းတမိရင်း အတူတူလက်တွဲခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတွေနဲ့ ရှေ့တန်းမှာ မသေလို့ ပြန်လည်ဆုံတွေ့ခဲ့ရတဲ့ ငါတို့ရဲ့  အမှတ်တရ ပွဲလေးကို ဘယ်တော့မှ မေ့ပျောက်မှာ မဟုတ်သလို ကျောင်းသားတွေရဲ့ တန်ဖိုးနဲ့ ရဲစွမ်းသတ္တိကိုလည်း ခံစားနားလည်တယ်။ တို့တပ်တွေမှာ အရင်က ရှေ့တန်းမှာ ပင်ပန်းဆင်းရဲလွန်းအားကြီးပြီဆိုရင် သင်တန်းတခုခု တက်ခွင့်ရတာကိုပဲ အနားယူတဲ့ သဘောလို့ ယူဆကြတယ်။

အခုညီတော်တွေကျတော့ အဲဒီလိုဖြတ်သန်းမှုမျိုးမရှိခဲ့လို့ တပ်မတော်ရဲ့ သံမဏိစိတ်ဓာတ်ဆိုတာ ဘာမှန်းမသိ၊ ရဲဘော်ရဲဘက်စိတ်ဓာတ်ဆိုတာ ဘာကိုဆိုလိုရမှန်းမသိ ဖြစ်နေကြတယ်။ အဆိုးဆုံးက စစ်တပ်ကို လက်ကိုင်တုတ်သဖွယ် အသုံးချနေတဲ့ တပ်မတော်သမိုင်းကို ဖျက်ဆီးနေသူ အာဏာရှင်ထိပ်ပိုင်းတစုရဲ့ လုပ်ရပ်တွေကြောင့် ညီတော်တွေဟာ သန်လျက်ကို ရေထင်၊ ရွှေသမင် အလိုက်မှားနေကြတယ်။

ညီတော်တွေဟာ DSA သုံးနှစ် ကျောင်းဆင်းပြီးကတည်းက ခြေလျင်တပ်ကို ရောက်ရှိသတင်းပို့တာနဲ့ ရှေ့တန်းမှာ ကျောပူအောင် လမ်းမလျှောက်ကြရတော့ဘဲ MSC ဆိုတဲ့ (၂) နှစ် သင်တန်းကြီးကို မဖြစ်မနေ ဆက်လက်တက်ရောက်ကြပုံတွေ၊ အဲဒီကမှတဆင့် အဆင့်မီလို့ ရုရှားကို ပညာဆည်းပူးခွင့် ဆက်လက်တက်ရောက်ခွင့်ရကြပုံတွေ၊ ပြန်လာကြတော့လည်း ပြင်ဦးလွင်မှာ ကွန်ပျူတာနဲ့ နပန်းလုံးပြီး ဒီမိုကရေစီဘက်တော်သား ၀က်ဆိုက်တွေကို အဖျက်အမှောင့်လုပ်ခဲ့ပုံတွေ ကြားသိရတော့ ညီတော်တွေရဲ့ ကျပ်မပြည့်တဲ့ စစ်သားတပိုင်းဘ၀ကို သနားမိပါတယ်။

အခုတော့ ညီတော်တွေထဲက အရာရှိတဦးကို DSA မှာ နည်းပြအဖြစ် ရောက်နေတဲ့ ရုရှားနည်းပြ အမျိုးသမီးလှလှတဦးက အပြာဇာတ်လမ်းတွေနဲ့ မှတ်ကျောက်တင်ပေးလိုက်တယ်လို့ ကြားသိရလို့ စိတ်မကောင်းဖြစ်မိတယ်။ စစ်သားရဲ့ မှတ်ကျောက်တင်မှုဟာ ရှေ့တန်းစစ်ဆင်ရေး နယ်မြေသာဖြစ်လို့ ညီတော်တွေရဲ့ မှတ်ကျောက်ကို ဘယ်နေရာမှာ တင်ရမလဲ ဆိုတာ စဉ်းစားလို့မရအောင်ကို ဖြစ်ရတယ်။

မင်းတို့သိပြီးသား တို့တတွေရဲ့ “ဆောင်ပုဒ်” ရှိပါတယ်။ ပြန်ပြောပြမယ်။ “ဘာလုပ်နေလဲ - လေ့ကျင့်နေတယ်၊ ဘာလုပ်ဖို့လဲ - တိုက်ပွဲဝင်ဖို့၊ ဘယ်သူ့အတွက်လဲ - ပြည်သူ့အတွက်၊ ဘာစိတ်ဓာတ်လဲ - သံမဏိစိတ်ဓာတ်” ဆိုပြီး ငါတို့ ဆိုရတဲ့ ဆောင်ပုဒ် ရှိပါတယ်။ အခုတော့ ညီတော်တွေခေတ်မှာ အဲဒီဆောင်ပုဒ်ကို ပြင်ရမလို ဖြစ်နေပါတယ်။

“ဘာလုပ်နေလဲ - ဒီမိုဝက်ဆိုက် ဖျက်ဆီးနေတယ်၊ ဘာလုပ်ဖို့လဲ - ရာထူးအာဏာ မတရားယူဖို့၊ ဘယ်သူ့အတွက်လဲ - နအဖ စစ်အာဏာရှင်တွေအတွက်၊ ဘာစိတ်ဓာတ်လဲ - မစ္ဆရိယစိတ်ဓာတ်” လို့ ပြင်ရမလို ဖြစ်နေတယ်။

ညီတော်တွေရဲ့ ခံယူချက်၊ စိတ်ဓာတ်တွေဟာ ယခင်နောင်တော်တွေရဲ့ ခံယူချက် စိတ်ဓာတ်တွေနဲ့ မိုးနဲ့မြေလို ကွာခြားတာနဲ့အမျှ တပ်မတော်ရဲ့ အနာဂတ်ဟာလည်း မဲမှောင်လျက်သာ ရှိနေမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

woensdag 29 juli 2009

ဒေါ်အောင်ဆန်းစုကြည် ထွက်ပြေးရန် ကြိုးစားခဲ့ဟု သတင်းစာတွင် ရေးသား


Wednesday, 29 July 2009 19:54 ဇာနည်ဝင်း
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ် ကျခံရစဉ် ရုပ်ဖျက်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ဖွယ်ရှိသည်ဟု ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ရေးသားထားသည်။

“ဥပဒေကို ချိုးဖောက်လျှင်ဖြင့်” အမည်ရှိ ဆောင်းပါးတွင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဂျွန်ဝီလျံ ယက်ထော ယူဆောင်သွားသည့် ဝတ်ရုံနှစ်ခုကို ဥပမာပေးပြီး ထောက်ပြထားသည်။

“ခေါင်းမြီးခြုံ ကုလားမ ဝတ်စုံ နှစ်စုံနှင့် ပစ္စည်းအချို့၏ ရည်ရွယ်ချက် အမှန်ကိုသာ တွင်းတူး ဖော်ထုတ်မည် ဆိုလျှင် ဟောလီးဝုဒ် ရုပ်ရှင် ဇာတ်လမ်းကောင်း တစ်ပုဒ် ဖြစ်လာပေလိမ့်မည်။ လျှို့ဝှက်သည်းဖို၊ ရုပ်ဖျက် ထွက်ပြေး လွတ်မြောက်သည့် ဇာတ်လမ်း တစ်ပုဒ် ကြည့်ရဖွယ် ရှိသည်” ဟု ဆောင်းပါးတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၂၂ အရ တရားစွဲဆိုထားရာ “တားဆီးမိန့်ကို ဆန့်ကျင်လျှင် သော်လည်းကောင်း၊ ဖောက်ဖျက်လျှင် သော်လည်းကောင်း၊ မလိုက်နာလျှင် သော်လည်းကောင်း ပြစ်ဒဏ် စီရင်ခြင်း ခံရစေမည့် ပြဌာန်းချက် ဖြစ်ကြောင်း” ယနေ့ထုတ် သတင်းစာများတွင် ပါရှိသော တရားစီရင်မှု သတင်းတွင် ဖော်ပြထားသည်။

ထိုပုဒ်မသည် ငွေဒဏ် ကျပ် ၅ဝဝဝ သို့မဟုတ် ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ် ချမှတ်နိုင်သည့် ပုဒ်မ ဖြစ်သည်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးလိမ့်မည်ဟု မည်သူကမျှ ယူဆမထားကြပေ။

“မှန်းဆတာကတော့ ထောင်သုံးနှစ် ချမယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဖြစ်တဲ့ အတွက် ညှာတာတဲ့အနေနဲ့ ဆိုပြီး မင်္ဂလာ ယူမယ်ပေါ့ဗျာ၊ ချပြီးရင် သူ့ရဲ့ ဒုက္ခ တစုံတရာ သက်သာအောင် ဆိုတဲ့ အကြောင်းပြချက်နဲ့ နေအိမ်အကျယ်ချုပ်ပဲ ပြန်ထားမယ်လို့ ထင်တယ်” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ တွဲဖက် အထွေထွေ အတွင်းရေးမှူး ကိုငွေလင်းက ပြောသည်။

တရားရုံး၏ ဆုံးဖြတ်ချက်မှာ ထောင်ဒဏ် ၃ နှစ် ဖြစ်ဖွယ်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသားများ အရေး ဆောင်ရွက်နေသူ တဦးကလည်း ခန့်မှန်းသည်။

“ငွေဒဏ်တော့ ဖြစ်မှာ မဟုတ်ဘူး၊ သေချာတာကတော့ ထောင်ချမယ်။ ၃ နှစ်လောက် ဖြစ်နိုင်တယ်။ ရွေးကောက်ပွဲမှာတော့ သူ့ကို မရှိစေချင်တာ အမှန်ပဲ။ ထောင်ချပြီးရင် ဗိုလ်ချုပ်ခင်ညွန့်ကို လုပ်သလို ဆိုင်းငံ့ထောင်ဒဏ် ဆိုတဲ့ ပုံစံမျိုး ချနိုင်တယ်။ အပြင်ထွက်လို့ မရဘူး၊ အိမ်ထဲမှာပဲ နေ ဆိုပြီး လုပ်နိုင်တယ်” ဟု နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး ကိုတိတ်နိုင်က ဧရာဝတီကို ပြောသည်။

တရားခွင်သို့ သွားရောက်ခွင့်ရခဲ့သူ သံတမန်များအနက်မှ တဦးဖြစ်သူ မြန်မာနိုင်ငံ ဆိုင်ရာ ဗြိတိသျှ သံအမတ်ကြီး မာ့က် ကန်းနင်း (Mark Canning) က ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက ထောင်ချလိမ့်မည်ဟု ယူဆကြောင်း ပြောဆိုခဲ့ဖူးသည်။

“ရလဒ်မကောင်းနိုင် တာကို ဝမ်းနည်းစွာနဲ့ ကြိုပြောလို့ရနိုင်ပါတယ်” ဟု သံအမတ်ကြီးက ပြောခဲ့သည်။

၁၉၈၈ ခုနှစ် အာဏာသိမ်းပြီးချိန်မှစ၍ စစ်အစိုးရသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သူများကို ပုဒ်မအမျိုးမျိုးတပ်ပြီး ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည်။ ယခုအချိန်တွင် အကျဉ်းထောင် အသီးသီးတွင် နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ ကျော် ရှိနေသည်ဟု သိရသည်။

ထိုအကျဉ်းသားများထဲတွင် ဒေါ်အောင်ဆန်းစုကြည်လည်း တဦး အပါအ၀င်ဖြစ်သည်။ ယခုအခါ အင်းစိန်ထောင်အတွင်း ရုံးဖွင့်ထားသည့် “ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံး” တွင် အမှု ရင်ဆိုင်နေရသည်။

ထိုတရားရုံးမှာ ပြီးခဲ့သည့် နှစ်ကုန်ပိုင်းက မင်းကိုနိုင်၊ ကိုကိုကြီး စသည့် ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ၁၄ ဦးကို ထောင်ဒဏ် ၆၅ နှစ်စီ ချမှတ်ခဲ့သည့် တရားရုံးမှာလည်း ဖြစ်သည်။

ဤ ထောင်တွင်း တရားရုံးသို့ ရောက်သွားသည့် မည်သည့် နိုင်ငံရေးသမားကို မဆို အမှုမှ လွတ်မြောက်သွားခြင်း မရှိဘဲ ကြီးလေးသည့် ထောင်ဒဏ်များကိုသာ ရရှိသွားကြောင်း ရန်ကုန်မှ ရှေ့နေများက ပြောသည်။

ဤအမှုမှာ လွန်ခဲ့သည့် ၂ လကျော်က ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ လျှို့ဝှက်ဝင်ရောက်သွားသည့် အမေရိကန် နိုင်ငံသား မစ္စတာ ဂျွန်ဝီလျံ ယက်ထောကို ဖမ်းဆီးမိခဲ့ပြီးနောက် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အိမ်တွင် နေထိုင်သည့် ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ တို့သည်လည်း ယခုအခါ အင်းစိန် အကျဉ်းထောင်တွင် ရောက်ရှိနေသည်။ ဒေါ်အောင်ဆန်းစုကြည် ကဲ့သို့ ၎င်းတို့ ၂ ဦး နှင့် မစ္စတာ ယက်ထောတို့သည် နေအိမ် အကျယ်ချုပ် ဖောက်ဖျက်မှုဖြင့် လာမည့် သောကြာနေ့တွင် စီရင်ချက် ချခံရမည် ဖြစ်သည်။

မစ္စတာ ယက်ထော ရောက်ရှိလာခြင်းနှင့် ပတ်သက်ပြီး သတင်းပို့ရန် ပျက်ကွက်သည်ဟု အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန် ပြောဆိုခဲ့သည်။

“လုံခြုံရေး တာဝန်ကျများကို အသိ မပေးဘဲ လျှို့ဝှက်လက်ခံထားခြင်းမှာ - - ဥပဒေနှင့် မငြိပေဘူးလား” ဟု အာဏာပိုင်တို့ ချုပ်ကိုင်ထားသည့် သတင်းစာများတွင်လည်း ယနေ့ ရေးသားထားသည်။

“ဥပဒေ ချိုးဖောက်မိလျှင် တရားဆိုင်၊ တရားရုံး အဆုံးအဖြတ် နာခံကြရုံသာ ရှိသည်။ ဤသို့မှလည်း နိုင်ငံတွင် ဥပဒေ စိုးမိုးကာ ရပ်ရွာ အေးချမ်း သာယာပေမည်” ဟု ယနေ့ထုတ် သတင်းစာ ဆောင်းပါးတွင် ရေးထားသည်။

ဒေါ်အောင်ဆန်းစုကြည် ထောင်ကျလိမ့်မည်ဟု ဦးဝင်းတင် ထင်မြင်ယူဆ


NEJ / ၂၉ ဇူလိုင် ၂၀၀၉


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ထောင်ကျမည့် အလားအလာရှိသည်ဟု အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်တဦးဖြစ်သူ ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစစ်ဆေးခြင်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်အား လာမည့်သောကြာနေ့ တွင် စီရင်ချက်ချမည်ဟု အင်းစိန်အထူးတရားရုံး တရားခွင်မှ ယမန်နေ့က ရုံးချိန်းပေးထားသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ဦးဝင်းတင်က “ထောင်ကျနိုင်မယ်ဆိုတာက နဂိုကတည်းက ထောင်ချချင်လို့ လုပ်တာပဲ။ ထောင်ချချင်လို့ လုပ်တာမဟုတ်ရင် ဒီကိစ္စပေါ်စရာ အကြောင်းမရှိဘူး။ တရားဥပဒေအရပဲ ကြည့်ကြည့်၊ နိုင်ငံရေးအရပဲ ကြည့်ကြည့် ပေါ်စရာအကြောင်းမရှိဘူး” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အား သာမန်အားဖြင့် လာမည့်နိုဝင်ဘာ (၂၇) တွင် လွှတ်ပေးရမည်ဖြစ်သည့်အတွက် ယင်းအချိန်ထိ မစောင့်ဘဲ ပြီးခဲ့သည့်မေလကပင် လုပ်ကြံအမှုဆင်ဖမ်းခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“အဲဒီရည်ရွယ်ချက်ကိုက ထောင်ချဖို့ ရည်ရွယ်တာပဲ။ ဒါပေမယ့် သူတို့မထင်ဘဲ ကမ္ဘာတခုလုံးကနေ အကြီးအကျယ် ဆူပွက်ပြီး ဒေါ်စုဘက်ကနေ ၀ိုင်းဝန်းပြီး ဒေါ်စုလွှတ်ရေးကို တောင်းဆိုလာတဲ့အခါကျ သူတို့မှာ လုပ်ရကိုင်ရတော့ ခက်သွားတာပေါ့။ ကျနော်ကတော့ ဘယ်လိုတွက်လည်းဆိုတော့ ဒေါ်စုထောင်ကျမှာပဲလို့ ယုံတယ်။ ကျနော့်တဦးချင်းသဘောပေါ့ဗျာ” ဟု ဦးဝင်းတင်က ပြောသည်။

သို့သော် စစ်အစိုးရဘက်ကမူ ဆင်နိုင်သည့် အကွက်များ ရှိသေးကြောင်း၊ ယခုတရားရုံးအဆင့်သည် ခရိုင်ရုံးအဆင့်သာ ဖြစ်သဖြင့် ယင်းအဆင့်တွင် ဒေါ်အောင်ဆန်းစုကြည်အား လွှတ်ပေးလိုက်ပြီး တိုင်းအဆင့်တွင် အယူခံဝင်နိုင်ကြောင်းလည်း ဦးဝင်းတင်က ရှင်းပြသည်။

၎င်းက “တိုင်းအဆင့်ကျမှ ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့အပေါ်မှာ လူတွေက ဘယ်လိုလှုပ်ရှားသလဲ၊ ဒေါ်အောင်ဆန်းစုကြည် ဘယ်လိုလှုပ်ရှားသလဲ၊ ဘာတွေဖြစ်သလဲ ဆိုတဲ့အပေါ်မှာ နိုင်နင်းနိုင်မယ့်အနေအထားရှိရင် တိုင်းရုံးမှာ သူတို့ဘက်က ပြန်ပြီးအယူခံတင်မယ်။ ပြီးမှ တိုင်းရုံးကနေ ထောင်ချပစ်နိုင်တယ်” ဟု ပြောသည်။

ထိုကဲ့သို့ ပြောဆိုရခြင်းမှာ ၁၉၉၀ ရွေးကောက်ပွဲကာလအတွင်း၌ ဒေါ်အောင်ဆန်းစုကြည်ကို ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲတွင် ပါဝင်ရန် အန်အယ်လ်ဒီက ဆုံးဖြတ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်အား အမတ်လောင်းလျှောက်လွှာ တင်သွင်းခဲ့ရာတွင် မြို့နယ်ရုံးကလက်ခံကာ ရွေးခံခွင့်ပေးခဲ့ပြီးမှ တိုင်းအဆင့်တွင် ပယ်ချခဲ့သည့် သာဓကရှိကြောင်း ဦးဝင်းတင်က ကိုးကားပြောဆိုသည်။

“ကျနော်တဦးတည်းသဘောအရ ပြောရရင်တော့ ဒေါ်စုကို ထောင်ချမှာပဲ။ တခုပဲရှိတယ်၊ (၅) နှစ်ချလိုက်ရင် လူထုက ဒေါသဖြစ်မှာစိုးလို့ လျော့လျော့ပေါ့ပေါ့ (၃) နှစ်လောက်ချရင် ချမယ်ပေါ့ဗျာ။ နောက်တခါ ဒေါ်စုကို အိမ်မှာပြန်နေခွင့် ပေးထားမယ်၊ ထောင်ထဲမပို့ဘူးဆိုတဲ့ အလျော့အပေါ့ အခင်းအကျင်းတွေနဲ့လုပ်ပြီးတော့ ထောင်ချမယ်လို့ထင်တယ်” ဟု ၎င်းက ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ခြံဝင်းကို စိတ်ပိုင်းရောင်းချထား



မင်းနိုင်သူ / ၂၉ ဇူလိုင် ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်းရှိမြေ စိတ်ပိုင်းရောင်းချထားခြင်းကို ဒေါ်အောင်ဆန်းစုကြည် သိရှိထားပြီး သူ့ရှေ့နေများကို လိုအပ်သလို ဆောင်ရွက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း ရှေ့နေဦးဉာဏ်ဝင်းက ပြောသည်။

“ဘယ်လိုဆက်လက် ဆောင်ရွက်သွားမယ်ဆိုတာ ကျနော်တို့ ညှိနှိုင်းတိုင်ပင်နေကြပါတယ်။ ဘယ်လိုဆောင်ရွက် သွားမယ်ဆိုတာကို ကျနော်တို့ ဘာမှမပြောနိုင်သေးပါဘူး”ဟု ၎င်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် လက်ရှိနေထိုင်ရာ တက္ကသိုလ်ရိပ်သာလမ်း အမှတ် (၄၀ အေ၊ ၄၁၊ ၄၂၊ ၄၂ အေ၊ ၄၄ ဘီ၊ ၄၄ စီနှင့် ၆၄ စီ) ဟု သတ်မှတ်ထားသော ခြံဝင်းအတွင်းရှိပေ (၁၀၀x၇၀) အကျယ်ရှိ မြေကွက်ကို ၀ယ်ယူပြီးဖြစ်သဖြင့် တပတ်အတွင်း ကန့်ကွက်နိုင်ကြောင်း ကြေညာချက်တခု ဇူလိုင် (၂၄) ရက်ထုတ် ကြေးမုံသတင်းစာတွင် ပါရှိခဲ့ခြင်းနှင့် ပတ်သက်၍ ဦင်္းဉာဏ်ဝင်းက ပြောကြားခြင်းဖြစ်သည်။

အမျိုးသမီးရှေ့နေများက လွှဲအပ်ညွှန်ကြားချက်အရဟုဆိုကာ ကြေညာထားသော ကန့်ကွက်နိုင်ကြောင်း ကြေညာစာတွင် ၀ယ်ယူသူအမည်ကို ဖော်ပြထားခြင်းမရှိပေ။

ရောင်းချလိုက်သူမှာ ဒေါ်အောင်ဆန်းစုကြည်နှင့် မောင်နှမ၀မ်းကွဲတော်စပ်သူ ဦးခင်မောင်အေးဆိုသူဖြစ်ပြီး ထိုနေရာတွင် နေထိုင်သွားခဲ့ဖူးကြောင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

“၁၉၈၈ ခုနှစ်လောက်က အမှုတောင်ဖြစ်ဖူးသေးတယ်။ အဲဒီလူက အဲဒီနေရာကို ဒေါ်ခင်ကြည်မကွယ်လွန်မီက သူ့ကို ပေးခဲ့ပါတယ်ဆိုပြီး တောင်းဆိုမှုဖြစ်ခဲ့သေးတယ်။ ဒါကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်ထဲမှာ အထိန်းသိမ်းခံနေရတုန်း ရောင်းချလိုက်တာဖြစ်မယ်။ နောက်ကွယ်က ကြိုးကိုင်တဲ့သူတွေလည်း ရှိပါလိမ့်မယ်” ဟု အန်အယ်လ်ဒီလူငယ်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အင်းစိန်ထောင်၌ ရှိနေစဉ်အတွင်း ခြံမြေကို စိတ်ပိုင်းရောင်းချမှုမှာ တရားမ၀င်ဟု ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

“တကယ်တော့ တပတ်အတွင်း ကန့်ကွက်ရန်တို့၊ ဘာတို့ဆိုတာကလည်း Legal binding မဖြစ်ပါဘူး။ အခု ဒေါ်အောင်ဆန်းစုကြည် အင်းစိန်မှာ ပြောင်းရွှေ့အထိန်းသိမ်းခံနေရတုန်း သူ့အိမ်ကို သူ့မိတ်ဆွေနှစ်ဦး စောင့်ရှောက်ပေးနေတာပါ” ဟု ၎င်းက ရှင်းလင်းပြောဆိုသည်။

ယခုကဲ့သို့ ဒေါ်အောင်ဆန်းစုကြည် တရားစွဲဆိုခံနေရစဉ်အတွင်း အိမ်ခြံမြေကို စိတ်ပိုင်းရောင်းချခြင်းမှာ နအဖစစ်အစိုးရ၏ ဖိနှိပ်ချက်တခုဖြစ်သည်ဟု ရန်ကုန်နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို အမေရိကန်နိုင်ငံသားအဖြစ် ခံယူထားသူ ဦးအောင်ဆန်းဦးကလည်း အမွေရယူထိုက် သည်ဟုဆိုကာ ၁၉၉၀ ခုနှစ်ဝန်းကျင်က တရားစွဲဆိုခဲ့ဖူးသည်။

ဒေါ်အောင်ဆန်းစုကြည်၏အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ယင်းကဲ့သို့ တရားစွဲဆိုနိုင်ရန် နအဖစစ်အစိုးရက စီစဉ်ပေးခဲ့ခြင်းဖြစ်ကြောင်း ဖျက်သိမ်းခံလိုက်ရသည့် တပ်မတော်ထောက်လှမ်းရေးတပ်ဖွဲ့ဝင်များက ပြောသည်။

“ဒီကိစ္စကို ဗိုလ်မှူးအောင်လင်းထွဋ် ပြောခဲ့ဖူးသလိုပါပဲ။ ဗိုလ်ချုပ်မှူးကြီးကိုယ်တိုင် စီစဉ်ခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်စေချင်လို့ပါပဲ။ ဦးအောင်ဆန်းဦးကိုတော့ အထူးအခွင့်အရေးတွေ ပေးထားပါတယ်။ ပုဂံမှာလည်း မြေနေရာချပေးထားပါတယ်”ဟု အဖျက်သိမ်းခံ ထောက်လှမ်းရေးတပ်မှ တပ်ကြပ်ကြီးဟောင်းတဦးက ပြောသည်။

လွန်ခဲ့သော မေလအတွင်းကလည်း ဦးအောင်ဆန်းဦး မြန်မာနိုင်ငံသို့ လာရောက်ကာ ပုဂံသရပါဟိုတယ်အနီးရှိအိမ်ကို ကြည့်ရှုခြင်းနှင့် အမွေအမှုဆက်လက်လုပ်ဆောင်ရန် စစ်တပ်အရာရှိများနှင့် တိုင်ပင်မှုများ လုပ်ဆောင်သွားကြောင်း တပ်ကြပ်ကြီးဟောင်းက ပြောသည်။

dinsdag 28 juli 2009

မရေရာသော အနာဂတ်ပညာရေးနှင့် ယနေ့ကျေးလက်တွဲဖက်(သူခိုး)ကျောင်းများ

အောင်ထက်

၂၉ ဇူလိုင် ၂၀၀၉


“လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးကဏ္ဍများ မြှင့်တင်ဆောင်ရွက်ရေး၊ ပြည်ထောင်စုကြီး၏ နယ်မြေတခုနှင့်တခု နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တပြေးညီ ဖွံ့ဖြိုးတိုးတက်ရေး၊ သက်ဆိုင်ရာ၊ နည်းပညာဘာသာရပ်အလိုက် သင်ယူမှုအခွင့်အလမ်း ပိုမိုရရှိစေရေး၊ မိမိတို့ကိုယ်ပိုင်စွမ်းအားနှင့် ပြည်တွင်းအားကို စုစည်းကာ ပညာရေးကို မဏ္ဍိုင်ပြုပြီး အနာဂတ် နိုင်ငံတော်သစ်ကို တည်ဆောက်သွားနိုင်ရေး” ဟူသော ပညာခေတ်၏ စိန်ခေါ်မှုအခြေအနေများကို ယနေ့ပြည်တွင်း ထုတ် နိုင်ငံပိုင်သတင်းစာများ၌ ခမ်းနားဝင့်ထည်သော စကားလုံးကြီးများဖြင့် ဖော်ပြနေသည်ကို တွေ့နေကြရသည်။

အဆိုပါအနေအထားသည် မြန်မာ့နိုင်ငံရေးသမိုင်းစဉ်၏ ဖြစ်ပျက်ပြောင်းလဲမှုကို မကြုံဖူးသည့် လူငယ်တို့အတွက် အထူးအဆန်း ဖြစ်နေပေလိမ့်မည်။ သို့သော် အာဏာရှင်စနစ် (Dictatorship) ၏ သရုပ်သကန်ကို သိမီသူတို့ကမူ ဤသို့ ကြီးကျယ်ခမ်းနားသည့် စကားလုံးများကို တွေ့မြင်ဖတ်ရှုရပေါင်းများ၍ ရိုးအီနေကြပေပြီ။

အာဏာရှင်စနစ် (Dictatorship) ဟူသည် အတိုက်အခံမီဒီယာကို ဖိနှိပ်ကန့်သတ်ထားမည်။ ကိုယ်ပိုင်မီဒီယာကို အစွမ်းကုန်မြှင့်တင်မည်။ ကိုယ်ပိုင်မီဒီယာကို အားပြုပြီး စကားလုံးအား အထုအထည်နှင့် ပြည်သူကို စနစ်တကျ အကွက်ချကာ လိမ်လည်မည်။ သို့လောသို့လောဖြစ်အောင် စကားလုံးမှိုင်းများကို ပြည်သူ့နားသို့ အတင်းသွတ်သွင်းမည်။ ဒါသည်ပင် Dictatoship (အာဏာရှင်စနစ်) ၏ လမ်းကြောင်းဖြစ်သည်။

တချိန်သောကာလက ဂျာမဏီမှ နာဇီများသည်လည်း ထိုသို့ပင် အသက်ဝင်ခဲ့သည်။ အီတလီ ဖက်ဆစ်အာဏာရှင် မူဆိုလိုနီနှင့် စပိန်မှ ဖရန်ကိုတို့သည်လည်း တိုင်းပြည်ကို သို့နှယ် ဓားမိုး၍ အုပ်ချုပ်ခဲ့သည်။ သို့သော် အဆိုပါပုဂ္ဂိုလ်တို့သည် သမိုင်းတွင် ပြည်သူတို့၏ အသွေးအသားတွေကို ဓားစာခံလုပ် အရင်းအနှီးပြုကာ သူတို့ယုံကြည်သောစနစ်ကို ပုံဖော်ထုဆစ်ရင်း နောက်ဆုံး သမိုင်းတရားခံတွေအဖြစ်နှင့် နိဂုံးမလှ ဖြစ်ခဲ့ကြရလေသည်။

“ပြည်နယ်နှင့်တိုင်းအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရှိန်အဟုန်ဖြင့် အကောင်အထည်ဖော်လျက်ရှိသည့် နယ်စပ်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအထူးဒေသကြီး (၂၄) ခု၊ ဖွံ့ဖြိုးရေးစီမံကိန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များကိုလည်း အမျိုးသားပညာရည်မြင့်မားရေးစီမံကိန်းနှင့်အတူ တဆက်တစပ်တည်း သိမြင်ဖို့လိုအပ်ကြောင်း” ၂၀၀၉၊ ဇွန်လ (၂၉) ရက်က ကျင်းပသော အခြေခံပညာ ဆရာ၊ ဆရာမများ အထူးမွမ်းမံသင်တန်းအမှတ်စဉ် (၆၈) ဖွင့်ပွဲတွင် သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ၀န်ကြီး ဦးသောင်းမှ လမ်းညွှန်မှာကြားသွားခဲ့ပေသည်။

မစားရ၀ခမန်း အဆိုပါလမ်းညွှန်ချက်အပေါ် ဆိုရေးရှိလာ၍ ဆိုရပါလိမ့်မည်။ ကျနော်သည် ရန်ကုန်မြို့နှင့် မိုင် (၁၀၀) သာသာ ဝေးကွာသော မြေလတ်မြို့ ကြို့ပင်ကောက်၏ (၈) မိုင်ခန့်အကွာ ကျေးလက်တခု၌ မွေးဖွားခဲ့သည်။ ကျနော်၏ ၀မ်းကွဲသားချင်းတို့သည် ကျေးရွာမူလတန်းကျောင်း၌ (၄) တန်းအထိ ပညာဆည်းပူးကြရသည်။ ထိုခေတ်က (၄) တန်းအောင်သော် အများစု လယ်ထဲရောက်ကုန်သည်။ စီးပွားရေးပြေလည်သူတချို့၏ သားသမီးများက ရွာနှင့် (၄-၅) မိုင်မျှဝေးသော ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ သွားတက်၍ ပညာဆက်လက်ဆည်းပူးကြရသည်။

ရွာသာယာ၊ ရွာသစ်၊ ရှားပင်ထ၊ ကျွန်းကုန်းလေး၊ အုန်းနှဲ၊ ကျောတန်း ကျေးရွာများမှ ကျောင်းသားငယ်များသည် ရွှံ့တော၊ ဗွက်တောများကို ဖြတ်ကာ ကျောင်းတက်ခဲ့ရသည်။ နွေအခါ မသိသာသော်ငြား မိုးအခါ လွန်စွာ ဒုက္ခရောက်ကြရသည်။ လယ်ကွင်းတွေကို ဖြတ်ကာ လာကြရသည့်မို့ ကျောင်းရောက်သော် ရွှံ့အလိမ်းလိမ်းကို ဖုတ်ဖက်ခါ ရေဆေးကြရသည်။ ထိုသို့ကျောင်းတက်ခဲ့ကြရသည့် လယ်သမားသားသမီးတို့အား ဆရာတို့ကလည်း စာနာနားလည်ခဲ့ကြသည်။ စေတနာထား သင်ကြားပေးကြသည့်အတွက် အချို့ကျောင်းသားများ ထူးချွန်ပေါက်မြောက်ကာ လူရာဝင်ခဲ့ကြသည်။ (ယခင်) စက်မှု(၁) ဒု-၀န်ကြီး ဗိုလ်မှူးချုပ်ကျော်ဝင်း၊ မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဘဖေတို့သည် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းထွက်များ ဖြစ်သည်။

ကျနော့်ဇာတိ ရှားပင်ထကျေးရွာတွင် မူလတန်းကျောင်းသာရှိခဲ့ပါသည်။ ထိုမှ အနှစ် (၄၀) ခန့်ကျော်ဖြတ်ပြီးနောက် ယခု မူလွန်ကျောင်းဖြစ်နေပြီဟု ကြားရသည်။ သို့သော် ထိုတွဲဖက်-မူလွန်ကို ရွာ၏ ဒေသခန့်ဆရာနှင့် သင်ကြားပြီး အတန်းတင် အဖြေလွှာများကို အုပ်စုပိုင် ကျွန်းကုန်းကြီး အလယ်တန်းကျောင်းသို့ပို့ကာ အစစ်ဆေးခံရသောစနစ်ဖြင့် စခန်းသွားနေရသည်။

တွဲဖက်မူလွန်ကျောင်းတို့၏ သဘောသဘာဝကို အကျဉ်းမျှ ရှင်းပြပါမည်။ စတုတ္ထတန်းအောင်မြင်ပြီးသူ မူလွန်ကျောင်းသားတို့သည် ဒိုင်နယ် (တိုက်နယ်) အတွင်းရှိ အလယ်တန်းကျောင်းများ၌ ပဉ္စမတန်း တက်ကြရပေမည်။ ငွေကြေးပြည့်စုံသူအချို့က အဆိုပါ အလယ်တန်းကျောင်းရှိရာ ဒိုင်နယ်အတွင်း သားချင်းများအိမ်၌ သားသမီးကို နေစေကာ ပညာသင်စေသည်။ ခရီးလမ်းဝေးကွာမှု၊ လမ်းပန်းမသာမှုနှင့် မပြေလည်သော စီးပွားရေးအခြေခံများကြောင့် ကျေးလက်ပြည်သူအများစုမှာ ၎င်းတို့၏ သားသမီးများကို ဒိုင်နယ်ကျောင်းများသို့ မစေလွှတ်နိုင်ခဲ့။ အဆိုပါ အခြေအနေအပေါ်မူတည်၍ ကျေးရွာကျောင်းကော်မတီမှ တွဲဖက်ကျောင်းအဖြစ် စီစဉ်ဖန်တီးပေးရသည်။

ကျောင်းသားတဦး တနှစ်လျှင် (၂၀,၀၀၀၊ ၃၀,၀၀၀၊ ၄၀,၀၀၀) ကျပ် အတန်းအလိုက် ကောက်ခံသည်။ အများစု တကြိမ်တည်း ငွေမချေနိုင်ကြ။ (၄-၅) ကြိမ် ခွဲသွင်းကြရသည်။ ထိုကောက်ခံငွေနှင့် ချိန်ဆကာ ကျောင်းကော်မတီမှ ဒေသခန့် ဆရာငှားရသည်။ ကျောင်းသားဦးရေအလိုက် ဆရာ (၂) ဦး၊ (၃) ဦးက ဘာသာစုံသင်ပေးရသည်။ ကျောင်းကော်မတီမှ ဆရာတို့အား လစဉ် လစာငွေ ရှင်းပေးသည်။

အဆိုပါ တွဲဖက်ကျောင်းများသည် ဇွန်လကျောင်းအပ်လက်ခံပြီဆိုကတည်းက နီးစပ်ရာ ဒိုင်နယ်အတွင်းရှိ အလယ်တန်း၊ အထက်တန်း (အစိုးရအသိအမှတ်ပြု) ကျောင်းများသို့ သွားရောက်ချိတ်ဆက်ကြရသည်။ တွဲရသည်ဟုလည်း ခေါ်သည်။

တွဲဖက်ကျောင်းသားများ၏ လပတ်စာမေးပွဲအဖြေလွှာများကို ဒေသခန့်ဆရာတို့က စစ်ဆေးပေးရသည်။ အတန်းတင် အဖြေလွှာကိုမူ အတွဲခံမည့် ကျောင်းသို့ပို့ကာ အစစ်ခံရသည်။ ထိုကျောင်းမှ အအောင်-အရှုံးသတ်မှတ်ကာ နိုင်ငံတော်၏ ပညာရေးမူဘောင်နှင့်အညီ တရားဝင်စေသည်။ တွဲဖက်ကျောင်းလေးများအား တွဲခွင့်ပြုရေး သက်ဆိုင်ရာ မြို့နယ်ပညာရေးမှူး (TEO) နှင့် အစိုးရခန့်ကျောင်းအုပ်ကြီးသို့ တွဲဖက်ကျောင်းကော်မတီမှ ငွေလမ်းခင်းကြရသည်။

အကယ်၍ တွဲဖက်ကျောင်းအား ဒိုင်နယ်ကျောင်းတို့မှ အတွဲမခံပါက ဘုန်းတော်ကြီးသင် ပညာသင်ကြားရေး (ဘက) ကျောင်း များသို့ အဖြေလွှာများပို့ကာ အတန်းတင်စာမေးပွဲကို တရားဝင်ဖြစ်အောင် အစစ်ခံရသည်။ သို့သော် တွဲဖက်ကျောင်းအဆင့်မှ မကျော်လွန်နိုင်သေးသည့် အခြေအနေများ သိန်း-သန်းချီ ရှိနေသည့်အတွက် နိုင်ငံတော်၏ ပညာရေးပန်းတိုင်သို့ ရောက်ရှိအောင် အဘယ်ပုံ ချီတက်ရမည်ဆိုသည်မှာ ခေါင်းခဲစရာပြဿနာတခုဖြစ်သည်။ တနည်းအားဖြင့် တွဲဖက်မူလွန်ဟူသည် ကျေးလက်နေလူတန်းစားများ၏ ပညာရေးသရုပ်မှန်ကို မီးမောင်းထိုးပြနေသာ ပြယုဂ်တခုဖြစ်သည်။

ကျနော်သည် သတင်းသမားတဦးအဖြစ် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ရင်း မြန်မာပြည်၏ နယ်မြေအနှံ့သို့ အရောက်အပေါက် များခဲ့သည်။ နာဂစ်မတိုင်မီကတည်းက ရောက်ဖြစ်ခဲ့သည့် လပွတ္တာမြို့၊ ငခုံးမရွာ၊ ရေကျော်ကြီး၊ ကန်ကြီးထောင့်ရွာတို့မှ မူလွန်ကျောင်းသားတို့သည် သပြုကုန်းအလယ်တန်းကျောင်း၌ မူလွန်-တွဲနေရသည်ကို တွေ့ရသည်။ နှာခေါင်းပေါက်ကျေးရွာ၊ ကန်ပဲ့ကျေးရွာတို့သည် ခုံညင်းတန်းကျောင်း၌ တွဲကြရသည်။ ဒေးဒရဲမြို့၊ ရွှေဘိုစုကျေးရွာ၊ ကွမ်းသီးပင်စု အပါအ၀င် ကျေးရွာ (၆) ရွာမှ ကျောင်းသားတို့သည် သက္ကာယ်ချောင်းကျောင်း၌ တွဲကြရသည်။

ယခင်က တချက်တကောင် ချစ်လေးမောင်တို့၊ ကေအန်ယူ ဗိုလ်စိုးစိုးတို့၏ နယ်မြေဖြစ်သော တောင်ပို့ကြီးရွာ၊ လျှော်ချောင်း၊ သခွပ်ကုန်း၊ စစ္စလီထုံး၊ ၀ါးရုံးဒေါင့်ကျေးရွာများသည် မော်လမြိုင်ကျွန်းမြို့နယ်၊ ရုံးဒေါင့်အထက်တန်းကျောင်းသို့ တွဲကြရသည်။ လေးမျက်နှာမြို့၊ ညောင်ပင်ဝဲ၊ ကတက်ကုန်း၊ တူးရိုး၊ ၀ါးရုံစု၊ ဗောဓိရွာတို့သည် ကွမ်းခြံကုန်းရွာကျောင်း၌ တွဲကြရသည်။ ထားဝယ်မှိုင်းကြီး၊ ထားဝယ်မှိုင်းလေး၊ သပြေချောင်း၊ ဘုံလုံချောင်း၊ ကဒတ်ကြီးဝိုင်း၊ ပလီချောင်းကျေးရွာတို့သည် ကျိုက်လတ်မြို့၊ ခမုံရွာအလယ်တန်းကျောင်း၌ တွဲကြရသည်။

အဆိုပါ ကျေးလက်ဒေသတို့သည် ရန်ကုန်မြို့နှင့် မိုင်ထောင်ချီဝေးကွာသည့် ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောအရပ်၌ ရှိနေကြသည် မဟုတ်ပါ။ ရှမ်းပြည်နယ် ဟိုပုန်း၊ လွိုင်လင် မဟုတ်ပါ။ မြစ်ကြီးနား အစွန်အဖျား ဖားကန့်၊ ၀ိုင်းမော် မဟုတ်ပါ။ လားရှိုးမြို့အနီး ကွမ်းလုံ၊ မူဆယ် မဟုတ်ကြပါ။ ကလေးနယ် တမူး၊ ဖလမ်း၊ ဂန့်ဂေါနယ်မြေတို့ မဟုတ်ကြပါ။ ရန်ကုန်မြို့မှ မိုင် (၁၀၀) မရှိတတ်သည့် ဧရာဝတီတိုင်း ကျေးလက်ဒေသတို့သာ ဖြစ်ပါသည်။ လွန်လွန်ကျူးကျူးဆိုရသော် ရန်ကုန်မြို့မှ အော်ခေါ်လျှင်ပင် ကြားနိုင်လောက်သည့် အရပ်ဒေသများ ဖြစ်ပါသည်။

အခြေခံပညာမူလတန်းအောင်၍မှ အလယ်တန်းအဆင့်တက်ရန် ရုပ်ဝတ္ထုစာသင်ကျောင်းမရှိသည့် ဒိုင်နယ်ကျောင်းများသို့ သွားရောက်တွဲနေကြရသည့် အဆိုပါ ကျောင်းသားငယ်တို့၏ ပညာရေးပန်းတိုင်သည် မည်မျှရေရာမှုရှိပါမည်နည်း။ ပညာခေတ်၏ အလားအလာကောင်းများကို လိုအပ်သလို ကိုင်တွယ်ဖြေရှင်းရန် မည်သည့်အရာတွေက တွန်းအားပေးနိုင်ပါမည်နည်း။ မြန်မာနိုင်ငံ၏ လူတန်းစားအများဆုံးနှင့် အဓိက နိုင်ငံခြားဝင်ငွေရှာပေးနေသော ကျေးလက်နေပြည်သူတို့သည် အခြေခံအဆောက်အအုံကောင်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ မဟုတ်ပြီလော။ ထိုအခြေခံကောင်းများကို တိုင်းပြည်အကျိုးရှေးရှုသည့်လုပ်ငန်းများ၌ အပြုသဘော အသုံးမချနိုင်၍သာ လယ်သမားသားသမီးအများစု နင်းပြားဘ၀က မကျော်လွန်နိုင်ခြင်း ဖြစ်ပေသည်။ သို့ဖြင့် ကျွဲ နွားကျောင်း၊ လယ်ထဲဆင်းနှင့် အိုင်ပက်ငါးဖမ်း ဖြစ်ကုန်ကြတော့သည်။

ဤသို့ဆိုလျှင် “ကျောင်းနေရွယ်ကလေးငယ်များ ကျောင်းနေရေး၊ ကျောင်းနေကလေးများ၊ အတန်းပညာကုန်ဆုံးအောင် သင်ယူရေး၊ မိဘ-ဆရာနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ရေး” ဟု လေသံလွှင့်နေသော အမျိုးသားပညာရေးကော်မတီဥက္ကဋ္ဌ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်၏ ၂၀၀၉၊ ဇွန် (၂၅) ဘိုကလေးမြို့ ကျေးလက်ပြည်သူတို့အား လမ်းညွှန်ချက်သည်လည်းကောင်း၊ “မျက်မှောက်ကာလဖြစ်သော ပညာခေတ်၏ စိန်ခေါ်မှုကို ရင်ဆိုင်နိုင်မည့် အစဉ်လေ့လာသင်ယူနေသာ လူ့ဘောင်အဖွဲ့အစည်းကို ဖန်တီးနိုင်သည့် ပညာရေးစနစ်တခု ဖြစ်ထွန်းလာစေရေး” ဟူသည့် နှစ် (၃၀) စီမံကိန်းတို့သည် ရေပေါ်အရုပ်ရေးသကဲ့သို့ အရာထင်လာမည် မဟုတ်သည့်အတွက် ပြန်လည်သုံးသပ်သင့်ပြီဖြစ်သည်။

နာဂစ်အလွန် တနှစ်သာသာ၌ ကျနော်သည် ဘိုကလေးမြို့၊ အနောက်တောင်ထောင့်၊ ရေမိုင် (၂၀) ကျော်ရှိ ထော်ပိုင်-ရွှေပြည်အေးကျေးရွာသို့ ရောက်ဖြစ်ခဲ့သည်။ စက်ဆန်း (ယခင် စက်စု-စက်ဆန်း) ဒိုင်နယ်တွင် ကျေးရွာ (၃၆) ရွာ ပါဝင်ပြီး စက်ဆန်းက (၁၆) ရွာ၊ ရွှေပြည်အေးက ရွာ (၂၀) အုပ်ချုပ်သည်။ ထော်ပိုင်-ရွှေပြည်အေးကျေးရွာသည် အိမ်ခြေ (၂၉၀)၊ အိမ်ထောင်စု (၃၀၄) စုရှိပြီး ကရင်-ဗမာ စုပေါင်းနေထိုင်ကြသည်။ နာဂစ်လေဘေး၌ (၄၇) ဦး သေဆုံးပြီး UNDP မှ ဆောက်လုပ်လှူဒါန်းသော မူလတန်းကျောင်းမှာ အနည်းငယ်သာ ပျက်စီးခဲ့သည်။ အဆိုပါကျောင်း၌ ယခုနှစ် မူလတန်း ကျောင်းသား (၂၈၀) ဦးနှင့် မူလွန် (၅၂) ဦး ပညာသင်ကြားလျက်ရှိသည်။ အစိုးရခန့် ဆရာ (၃) ဦးနှင့် ဒေသခန့်ဆရာ (၂) ဦးရှိသည်။

၎င်းကျေးရွာရှိ မူလွန်ကျောင်းသားများ၏ အဖြေလွှာများ စစ်ဆေးပေးရန် စက်ဆန်းအထက်တန်းကျောင်းသို့ သွားတွဲရာ ကျောင်းအုပ်ဆရာမကြီး ရောက်မလာသေး၍ အတွဲမခံဟု တာဝန်ခံဆရာက အကြောင်းပြန်သည်။ အဆိုပါ ကျောင်းအုပ်ဆရာမကြီးသည် သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင် (သို့မဟုတ်) တိုင်းမှူး- ၀န်ကြီးတဦးဦး၏ PSO နှင့် ဆွေမျိုးဟု သတင်းထွက်ပေါ်နေသည်။ ပြောင်းရွှေ့မိန့် (Order) ကျပြီးသည်မှာ (၃) လခန့်ရှိနေပြီး ယခုထိ လာရောက်တာဝန်ထမ်းဆောင်ခြင်း မပြုသေးကြောင်း သိရသည်။ ထို့အတွက် ထော်ပိုင်-ရွှေပြည်အေး တွဲဖက်ကျောင်းကော်မတီမှ ကလေးများ ပညာသင်ကြားရေး နောက်မကျစေရန် အဆီကြီးရွာ ဘုန်းတော်ကြီးသင်ပညာရေး (ဘက) ကျောင်းသို့ တွဲထားရန် လိုရမည်ရ စီစဉ်နေရကြောင်း သိရသည်။

အဆိုပါ ထော်ပိုင်-ရွှေပြည်အေးကျေးရွာ၌ မူလွန်ကျောင်းချပေးရန် ၀န်ကြီးချုပ်မှ ဒေသအာဏာပိုင်တို့အား ယခုနှစ် ဖေဖော်ဝါရီလက ညွှန်ကြားခဲ့သော်လည်း ဇွန်လကျောင်းဖွင့်ချိန်အထိ အကောင်အထည်မပေါ်ခဲ့ဘဲ တွဲဖက် (ဒေသအခေါ်) သူခိုးကျောင်းအဖြစ်သာ ရှိနေခဲ့သည်။ တရားဝင် မူလွန်ကျောင်းဖြစ်ရေး ဘိုကလေးမြို့နယ် ပညာရေးမှူးရုံးသို့ သွားရောက်စုံစမ်းသော် ခရိုင်အဆင့်၊ တိုင်းအဆင့် ဆက်လက်တင်ပြရဦးမည်ဖြစ်သည့်အတွက် ကျေးရွာမှ ငွေ (၂) သိန်းခန့် ကုန်ကျသွားသည်ဟု သိရသည်။

ဤမျှ ပညာရးကို နုံ့နဲ့စွာယူသင်နေကြရသည့် ထော်ပိုင်-ရွှေပြည်အေးကျေးရွာသည် ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန်၊ ကာကွယ်ရေးမှ ဒုတိယ ဗိုလ်ချုပ်ကြီးကိုကို၊ တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေ၊ သစ်တောဝန်ကြီး ဗိုလ်မှူးချုပ်သိန်းအောင်၊ စီးပွားကူးသန်းဝန်ကြီး ဗိုလ်မှူးချုပ် တင်နိုင်သိန်းတို့ မကြာခဏ ကွင်းဆင်းစစ်ဆေးနေသည့် နာဂစ်လေဘေးသင့်၊ စီမံကိန်း အဆင့်ဝင် ဘိုကလေးမြို့၊ စက်ဆန်း ဒိုင်နယ်နှင့် ကုန်းလမ်းခရီး (၇) မိုင်ခန့်သာ ဝေးကွာပါသည်။ စစ်အာဏာရှင်တို့အနေဖြင့် ဒေသပထ၀ီအနေအထားအရ မဟာဗျူဟာမကျ၍ ထော်ပိုင်-ရွှေပြည်အေး ဒေသဖွံ့ဖြိုးမှုကို ချန်လှပ်ခဲ့သည်ဆိုလျှင်တော့ မပြောတတ်ပြီ။

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့၌ နာဂစ်လေဘေး အလူးအလဲခံရပြီး အသေအပျောက် အများဆုံးကျေးရွာ (၂) ရွာရှိသည်။ ကျွန်းသာယာ-ကြိမ်ချောင်းကြီးနှင့် ပျဉ်ဘိုးကြီးကျေးရွာတို့ဖြစ်သည်။ တရားဝင်စာရင်းဇယားများအရ ပျဉ်ဘိုးကြီး ဒိုင်နယ်တွင် (၇၇၂) ဦး သေဆုံးပြီး ပျဉ်ဘိုးကြီး ကျေးရွာတခုတည်း (၃၅၃) ဦး သေဆုံးသည်။

ပျဉ်ဘိုးကြီး ကျေးရွာအုပ်စုတွင် ပျဉ်ဘိုးကြီး၊ ပျဉ်ဘိုးလေး၊ ကပ်ဗလာချောင်း၊ ၀က်ခေါင်းကျ၊ ဓမ္မသုခကျေးရွာတို့ ပါဝင်သည်။ နာဂစ်ဒဏ်ကြောင့် ပျဉ်ဘိုးကြီးအုပ်စုတွင်း၌ မူလတန်းစာသင်ကျောင်း (၄) ကျောင်းစလုံး ပျက်စီးခဲ့ရာ ကပ်ဗလာချောင်း မူလတန်းကျောင်းဆောင်သစ်တခုသာ ယခုနှစ် စာသင်ချိန်အမီ ပြန်လည်တည်ဆောက်ပြီးစီးခဲ့သည်။ ကျန် (၃) ကျောင်းမှာ သင့်သလို ယာယီတည်ဆောက်ထားရပြီး ကျောင်းသားတို့ စာသင်နေကြရသည်။ အဆိုပါ ယာယီကျောင်းဆောင်၌ မူလတန်း (၁၂၀) ဦးနှင့် မူလွန် (၃၅) ဦးရှိသည်။ မူလွန်ကျောင်းသားတို့အတွက် ကျောင်းကော်မတီမှ ကုန်းလမ်း (၁) မိုင်ခွဲခန့် ဝေးကွာ သော စက်ဆန်းအထကနှင့် သွားတွဲရာ ကျောင်းမှ လက်မခံဟု ယခုရက်ပိုင်းသတင်းရရှိသည်။ ထို့အတွက် ကျောင်းကော်မတီမှ မျက်နှာငယ်စွာနှင့် ဂရမ်း အလကကျောင်းနှင့် စာမေးပွဲမတိုင်မီ တွဲရန် စီစဉ်နေရသည်ဟု သိရသည်။

မြန်မာကရုဏာ ဖောင်ဒေးရှင်း၊ I Love Myanmar, UNDP, UNICEF, Diamond Mercury စသည့် ဒေသတွင်း လူမှုအဖွဲ့အစည်းတို့၏ ထိရောက်မှုမရှိသော ထောက်ပံ့ရေးနည်းလမ်းများ၊ နအဖ၏ မုန်တိုင်းသင့် ဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ နေအိမ်တည်ဆောက်မှုနှင့် Cyclone Shelters များ၊ လမ်းတံတားများ တည်ဆောက်ပြီးစီးမှု စသည့် ၀ါဒဖြန့်ချိရေး စကားလုံးတို့သည် ဒေသခံပြည်သူတို့၏ လက်တွေ့ပကတိအခြေအနေနှင့် လွန်စွာကွာဟနေပေသည်။

အထက်အကြောင်းခြင်းရာတို့ကို ခြုံငုံသုံးသပ်ရသော် ကျေးလက်နေပြည်သူများထဲမှ လတ်တလော ဘ၀အခြေအနေ၊ အခြေခံကောင်းသူတို့၏ အနာဂတ်ပညာရေးပန်းတိုင်သည် ရေရာသေချာမှုရှိပါရဲ့လား။ မူလတန်းအောင်ပြီး၍ မူလွန်တက်ရောက်ရန်အတွက် ရုပ်ဝတ္ထုအခြေခံကောင်းတွေ ပြည့်စုံပါပြီးလား။ တွဲဖက်(သူခိုး)ကျောင်းသားများအဖြစ် သိမ်ငယ်စွာ ရပ်တည်နေရသော ကျောင်းသားငယ်တို့၏ စိတ်ပိုင်းဆိုင်ရာကို မည်သို့ ဖေးမကူတွဲကြပါမည်နည်း။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်ကို ပင် ကျောင်းသားတိုင်းအား ရောင်းချမပေးနိုင်သည့် ယနေ့ခေတ်ပညာရေး၏ ဆုတ်ယုတ်မှု အခြေအနေအရပ်ရပ်အပေါ် အာဏာရှင်တို့အနေဖြင့် ပြန်လည်ဆန်းစစ်ဖို့ လိုအပ်နေပြီဖြစ်ကြောင်း တင်ပြလိုက်ရပေသည်။

မယ်လဒုက္ခသည်စခန်းတွင် သွေးလွန်တုပ်ကွေး ဖြစ်သူများပြား



NEJ / ၂၈ ဇူလိုင် ၂၀၀၉


မယ်လဒုက္ခသည်စခန်းအတွင်း၌ သွေးလွန်တုပ်ကွေးရောဂါလက္ခဏာ ဖြစ်နေသူများဟု သံသယရှိသူ (၁၀၀) ခန့်ကို စခန်းဆေးရုံတွင် ကုသမူပေးနေကြောင်း စခန်းဒု-ဥက္ကဋ္ဌက ပြောသည်။

စခန်းဒု-ဥက္ကဋ္ဌ စောထွန်းထွန်းက “ဒီလထဲမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့လူ (၅) ဦးကို မဲဆောက်ဆေးရုံကြီးပို့ရတယ်။ စခန်းဆေးရုံမှာတော့ သံသယရှိတဲ့အဆင့် လူ (၁၀၀) လောက်ရှိတယ်။ ဒါကြောင့် မနေ့က စခန်းတာဝန်ရှိသူတွေ စည်းဝေးထိုင်ပြီး ရောဂါထိန်းချုပ်ရေးနဲ့ ပညာပေးရေးကိစ္စတွေ တိုးမြှင့်လုပ်ဆောင်ဖို့ စီစဉ်ကြတယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

ယခု စခန်းဆေးရုံတွင် ရောဂါပြင်းထန်သူ လူနာ (၁၀) ဦးရှိပြီး ကျန်လူနာများမှာ အတွင်းလူနာနှင့် အပြင်လူနာများဖြစ်ကြကြောင်း၊ လောလောဆယ် ဆေးစစ်ချက်များအရ လူနာများတွင် သွေးလွန်တုပ်ကွေး ဖြစ်ပွားသည်ကိုသာ တွေ့ရှိရပြီး A(H1N1) တုပ်ကွေးဖြစ်ပွားမှု မရှိကြောင်း မယ်လစခန်းဆေးရုံတာဝန်ခံဆရာ စောနေဆဲက ပြောသည်။

၎င်းက “ကိုယ်ပူကိုက်ခဲညောင်းညာပြီး နှာခေါင်းနဲ့ပါးစပ်က သွေးထွက်တဲ့လူနာတွေကို အထူးသတိထားရတယ်။ တုပ်ကွေး အမျိုးအစားကိုသိဖို့ လူနာတွေကို ဆေးစစ်ပါတယ်” ဟု ပြောသည်။

ရောဂါစတင်ဖြစ်ပွားချိန်မှစ၍ ရောဂါဖြစ်သူ၏ အိမ်ပတ်ဝန်းကျင်တွင် ထပ်မံကူးစက်မဖြစ်ပွားရန် လိုအပ်သည့် ကာကွယ်မူများ ရပ်ကွက်အလိုက် လိုက်လံဆောင်ရွက်မူများ ပြုလုပ်ပေးနေသည်ဟုလည်း သိရသည်။

ရပ်ကွက်မှူးတဦးဖြစ်သူ ကိုရွှေက “ဒီရောဂါမဖြစ်ဖို့ ဒုက္ခသည်တွေလည်း ကျန်းမာရေးအသိနဲ့ ကာကွယ်မူတွေလုပ်ဖို့ လိုတယ်။ စခန်းမှာပေးတဲ့ ဆေးခြင်ထောင်တွေကို မသုံးဘဲ ရောင်းစားကြတယ်။ ပြီးရင် ခြင်ထောင်မပါဘဲ အိပ်တော့ ခြင်ကိုက်ခံရပြီး သွေးလွန်တုပ်ကွေးဖြစ်ကြတာ” ဟု ပြောသည်။

ယခင်နှစ်များက ရောဂါဖြစ်ပွားသူဦးရေမှာ ဆယ်ဂဏန်းအောက်သာ ရှိခဲ့ပြီး ယခုနှစ်ဖြစ်ပွားမှုနှုန်းမှာ အများဆုံးဖြစ်သည်ဟု စခန်းဆေးရုံတာဝန်ခံက ပြောသည်။

မဲဆောက်မြို့၏မြောက်ဘက် (၆၅) ကီလိုမီိတာ အကွာတွင်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်လျက်ရှိသည်။

ငွေစက္ကူအဟောင်းများ လဲပေးတော့မည်



Tuesday, 28 July 2009 19:05 သန်းထိုက်ဦး
မြန်မာနိုင်ငံတွင် လက်ရှိ သုံးစွဲနေသော ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို ဗဟိုဘဏ်များက လဲလှယ်ပေး တော့မည်ဟု မြန်မာနိုင်ငံတော် ဗဟို ဘဏ်လုပ်ငန်းဌာနခွဲမှ တာဝန်ရှိသူ တဦးက ပြောကြားလိုက်သည်။

ဟောင်းနွမ်းနေသည့် ငွေစက္ကူများကို အသုံးပြုနိုင်ရန် တိပ်ဖြင့်ကပ်နေစဉ် (ဓာတ်ပုံ - လျှပ်တပြက်ဂျာနယ်)
ပြည်သူလူထု၏ လက်တွင်း၌ ဟောင်းနွမ်းနေသော ငွေစက္ကူ အများအပြားရှိနေသည်ဟူသည့် သတင်းများကြောင့် ယခုကဲ့သို့ လဲလှယ်ပေးမည်ဖြစ်ကြောင်း ဗဟိုဘဏ်လုပ်ငန်းဌာနခွဲမှ အမည်မဖော်လိုသူ တာဝန်ရှိသူ တဦးက ဧရာဝတီသို့ ပြောသည်။

ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌လည်း မြန်မာ့ စီးပွားရေး ဘဏ်များတွင် သက်မှတ်ချက်နှင့် ပြည့်စုံသော ငွေစက္ကူအဟောင်းများ လာရောက်လဲလှယ်နိုင်ကြောင်း ဖော်ပြထားသည်။

ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်းတဦးက “ပိုက်ဆံတွေက အရောင်အဆင်းမရှိလောက်အောင် စုတ်ပါတယ်၊ ခုနောက်ပိုင်း ဘယ်သူကမှ အထွန့်မတက်ဘူး။ ကိုယ့်ပေးလည်း ယူတယ်၊ ကိုယ်ကပေးလည်း သူက ယူတယ်” ဟု ပြောသည်။ယခုကဲ့သို့ ငွေစက္ကူအသစ်များနှင့် လဲလှယ်ပေးလျှင် အဆင်ပြေကြောင်း သူက ဆက်ပြောသည်။

“ကိုင်ရတာ နည်းနည်းသန့်သွားတာပေါ့။ ဘောင်းဘီထဲ ထိုးထည့်လို့လည်းရတယ်” ဟု ၎င်းက ဆိုသည်။

သက်မှတ်ချက်နှင့် ကိုက်ညီသော ငွေစက္ကူများကို လဲလှယ်ပေးမည်ဟု ဆိုထားသော်လည်း သတင်းစာထဲ၌ ကိုက်ညီရမည့် အချက်များကို ဖော်ပြထားခြင်း မရှိပေ။

မြန်မာနိုင်ငံတော် ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ၏ သတင်းထုတ်ပြန်ချက်အရ သြဂုတ်လ ၃ ရက်နေ့မှ စတင်၍ ငွေစက္ကူ ၁၀ ကျပ်တန်မှ ၂၀၀ တန်အထိကို တန်ဖိုးတူချင်း အဟောင်း နှင့် အသစ် လဲလှယ် ပေးရန် စီစဉ်ထားကြောင်း သိရသည်။

လူတဦးလျှင် ငွေစက္ကူ အရွက် ၃၀ သာ လဲလှယ်ပေးမည် ဖြစ်ကြောင်းနှင့် တနင်္လာနေ့နှင့် သောကြာ ၂ ရက်သာ လက်ခံလဲလှယ်ပေးမည် ဖြစ်ကြောင်း ဗဟိုဘဏ် တာဝန်ရှိသူက ပြောသည်။

မြန်မာနိုင်ငံတွင် ကျပ်ငွေ ၅၀ တန်နှင့် ၁၀၀ တန်များ ရှားပါးလျက်ရှိသည်။

ထိုကဲ့သို့ ငွေစက္ကူ အကြွေများ ရှားပါးနေသောကြောင့် ဈေးဆိုင်ငယ်များ၊ လက်ဖက်ရည်ဆိုင်များတွင် ငွေစက္ကူ အကြွေအစား ကော်ဖီမစ်ထုပ်၊ ဖယောင်းတိုင်၊ ဘောပင်၊ သကြားလုံး စသည်တို့ကို ပြန်အမ်းနေရကြောင်း၊ ထိုသို့ အမ်းလိုက်သည့် ပစ္စည်းများဖြင့် ၎င်းဆိုင်တွင် တန်ဖိုးနှင့် ညီမျှသည့်ပစ္စည်း ပြန်လည်လဲလှယ်ဝယ်ယူနိုင်ကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။

“ဟောင်းနွမ်းစုတ်ပြတ်နေတဲ့ ငွေစက္ကူ အကြွေတောင် တော်တော်ရှားပါးနေတာ။ တချို့ဆိုင်တွေဆို ကိုယ့်ဘာသာ တုံကင်သဘောမျိုး ၁၀၀၊ ၅၀ ဆိုပြီး စက္ကူလေးတွေပေါ်ရေးထားပြီး ဆိုင်ရှင်က လက်မှတ်ထိုးပေး၊ ပြန်အမ်းလိုက်ရင် အဲဒီစက္ကူလေးတွေနဲ့ အဲဒီဆိုင်မှာ ပြန်ဝယ်လို့ရတယ်” ဟု ရန်ကုန်သားတဦးက ပြောသည်။

ဗဟိုဘဏ် တာဝန်ရှိသူ၏ အဆိုအရ ယခင်ကတည်းက မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ၊ မီးသတ် တပ်ဖွဲ့ အစရှိသည့် ဌာနများကို ဗဟိုဘဏ်က ငွေအကြွေများ လဲလှယ်ပေးလျက်ရှိပြီး ယခုအခါ နယ်ဒေသများတွင်လည်း အထူးအစီအစဉ်နှင့် လဲလှယ်ပေး နေသည်ဟု သိရသည်။

“ကျနော်တို့ အမြဲတမ်းပဲ လဲပေးနေတာ၊ မထသ တို့ မီးသတ်ဌာနတို့ကို တပတ် ကျပ်သိန်း ၁၀၀ ဖိုးလောက် အကြွေတွေလဲပေး နေရတယ်။ သူတို့က တထောင်တန် တွေလာပေး ကျနော်တို့က အကြွေတွေ ပြန်ပေးတယ်။ တခြားမြို့နယ်တွေတိုင်းကို ရောက်အောင် လုပ်ပေးတဲ့သဘောပဲ” ဟု ဗဟိုဘဏ် တာဝန်ရှိသူက ပြောပြသည်။

အစိုးရ ဘဏ်များက ငွေစက္ကူ အစုတ်၊ အဟောင်းများ အပါအဝင် ခြကိုက်ထားသည့် ငွေစက္ကူများ၊ တိပ်ကပ်၊ မီးလောင် ထားသော ငွေများကို ယခင်ကတည်းက လဲလှယ်ပေးလျက်ရှိကြောင်းလည်း သူက ဆိုသည်။

မြန်မာပြည်သူများ လက်ဝယ်၌ လှည့်လည်သုံးစွဲနေသော ဟောင်းနွမ်း ငွေစက္ကူများကို သတ်မှတ်ချက်များ နှင့် ပြည်စုံသော ငွေစက္ကူများဖြစ်ပါက ရန်ကုန်မြို့ အမှတ် ၁၉၈/၁၉၉ ဗိုလ်ဆွန်ပက်လမ်းနှင့် ကမ်းနားလမ်းထောင့်ရှိ မြန်မာ နိုင်ငံတော် ဗဟို ဘဏ်လုပ်ငန်းဌာနခွဲ ငွေစက္ကူလဲလှယ်ရေး ကောင်တာနှင့် မြန်မာ့ စီးပွားရေးဘဏ် ဘဏ်ခွဲအသီးသီးတွင် လက်ခံလဲလှယ် ပေးလျက်ရှိကြောင်း ၎င်းသတင်းစာ၌ ရေးသားထားသည်။

ဗိုလ်ချုပ်မှူးကြီး၏သားက လုပ်ငန်းကြီးတခုကို သိမ်းပိုက်

Tuesday, 28 July 2009 19:18 ရန်ပိုင်
ရန်ကုန်မြို့ ဗားကရာ ဆိပ်ကမ်းရှိ သစ်အတင်အချ လုပ်ကိုင်နေသော ပုဂ္ဂလိက လုပ်ငန်း တခုကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏သား ဦးကြိုင်ဆန်းရွှေက လုယူခဲ့ကြောင်း သိရသည်။

ထိုလုပ်ငန်းသည် နိုင်ငံခြားတင်ပို့မည့် သစ်လုံးများကို ဝန်ချီစက်ကြီးများဖြင့် အတင် အချ ပြုလုပ်ပေး နေသော လုပ်ငန်း ဖြစ်ကြောင်း၊ သောကြာနေ့ (ဇူလိုင်လ ၂၄ ၇က်နေ့)က လုပ်ငန်း ပိုင်ရှင်များ ဖြစ်သည့် ဦးရဲထွန်းနိုင်နှင့် အခြား အစု ရှယ်ယာဝင် ၄ ဦးတို့သည် ထိုလုပ်ငန်းမှ အပြီးတိုင် နှုတ်ထွက်ပေးခဲ့ရကြောင်း သိရသည်။

အဆိုပါ ကုမ္ပဏီမှာ အမည် ပေးထားခြင်း မရှိပေ။

“ဗားကရာမှာ သစ်လုံးသယ်တဲ့ ကရိန်းတွေ ရှိတယ်၊ မြန်မာပြည်မှ သုံးခုပဲ ရှိတယ် အကြီးဆုံးတွေပေါ့၊ ရင်းနှီး မြှုပ်နှံမှုလည်း များတယ်၊ တလကို အမြတ်ငွေ သိန်း၂ဝဝ (ဒေါ်လာ ၁၉ဝဝဝ ကျော်) လောက် ဝင်တယ်၊ လုပ်ငန်းက ခိုင်တော့ ဦးကြိုင်ဆန်းရွှေက မျက်စိကျတာ” ဟု အဆိုပါ လုပ်ငန်းအုပ်စု နင့် နီးစပ်သူ တဦးက ပြောကြားသည်။

ယင်းလုပ်ငန်း၏ အကျိုးအမြတ်ကို မျက်စိကျနေသော ဦးကြိုင်ဆန်းရွှေက အလှည့်ကျ လုပ်ကိုင်ရန် လွန်ခဲ့သော တလခန့်က စတင် ကမ်းလှမ်းခဲ့ကြောင်း၊ ဦးရဲထွန်းနိုင် တို့က လက်မခံသောကြောင့် လုပ်ငန်း တခုလုံးကို လုယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဗားကရာ ဆိပ်ကမ်းရှိ ၎င်းတို့၏ ရုံးသို့ ဧရာဝတီက ဆက်သွယ် မေးမြန်းခဲ့သော်လည်း ပြန်လည် ဖြေကြားခဲ့ခြင်း မရရှိပေ။

အဆိုပါလုပ်ငန်းသည် အငြိမ်းစား စစ်အရာရှိများ စုပေါင်း၍ လုပ်ကိုင်ထားသည့် လုပ်ငန်း ဖြစ်သည်။ ဦးရဲထွန်းနိုင်သည် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာနသို့ ပြောင်းရွှေ့ခဲ့သည့် အငြိမ်းစား ဗိုလ်ကြီး တဦး ဖြစ်သည်။

ယခုအခါ လုပ်ငန်းရှင် ဦးရဲထွန်းနိုင် အပါအဝင် အစုရှယ်ယာဝင် ငါးဦးသည် ၎င်းတို့ပိုင် လုပ်ငန်းသုံး ပစ္စည်းများကို ထုခွဲ ရောင်းချရန် စီစဉ် နေပြီး အလုပ်သမား ၅ဝ ခန့် ကိုလည်း လျော်ကြေး အဖြစ် မြန်မာငွေ ကျပ်၂သောင်းခွဲစီ ပေးလျော်ခဲ့ရကြောင်း အဆိုပါ လုပ်ငန်းအုပ်စု နှင့် နီးစပ်သူများက ဧရာဝတီကို ပြောပြသည်။

ဦးကြိုင်ဆန်းရွှေသည် စစ်အစိုးရ ချုပ်ကိုင်ထားသော စီးပွားရေးလောကမှ ဦးတေဇ၊ ဦးဇော်ဇော်၊ ဗိုလ်ချုပ်ကြီး ရွှေမန်း၏ သား ဦးအောင်သက်မန်း တို့ကဲသို့ နာမည်ကြီး စီးပွားရေး သမား မဟုတ်ပေ။ သို့သော်လည်း ကုမ္ပဏီများတွင် အစုရှယ်ယာ အဖြစ် ငွေကြေး ထည့်ဝင်ခြင်း မရှိဘဲ အကျိုး အမြတ် ရယူသူဟုလည်း ရန်ကုန်မှ စီးပွားရေး လုပ်ငန်းရှင် တချို့က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချတော့မည်



မင်းနိုင်သူ / ၂၈ ဇူလိုင် ၂၀၀၉


ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုစစ်ဆေး နေသော အင်းစိန်အထူးတရားရုံး ယနေ့တရားခွင်၌ တရားသူကြီးများက လာမည့်သောကြာနေ့တွင် စီရင်ချက်ချမည်ဟု ရုံးချိန်းပေးလိုက်ပြီဖြစ်သည်။

“ဒီနေ့တရားခွင်မှာ ဒေါ်အောင်ဆန်းစုကြည်ပါတဲ့အမှုက နှစ်ဘက်ရှေ့နေတွေရဲ့ အပြီးသတ်လျှောက်လဲချက် (၁၂) နာရီလောက်မှာ ပြီးစီးသွားပါပြီ။ တရားရုံးက ဇူလိုင် (၃၁) ရက်နေ့မှာ စီရင်ချက်ချမယ်လို့ ရုံးချိန်းပေးလိုက်ပါပြီ” ဟု ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေတဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေကြီး ဦးကြည်ဝင်းတင်ပြခဲ့သော ထပ်တိုးသက်သေအတွက် နှစ်ဘက်ရှေ့နေများက ယနေ့ထပ်မံ လျှောက်လဲချက် ပေးခဲ့ကြရာ တရားရုံးက ထပ်တိုးသက်သေမလိုအပ်ဟုဆိုကာ ပယ်ချလိုက်ကြောင်း သိရသည်။

“အဲဒီထပ်တိုးသက်သေနဲ့ ပတ်သက်ပြီးတော့ နှစ်ဘက်ရှေ့နေတွေ အကျဉ်းချုပ် လျှောက်လဲချက်ပေးခဲ့ကြပါတယ်။ တရားရုံးက ဒီသက်သေဟာ အစိုးရအဖွဲ့က အဆုံးအဖြတ်ပြုပြီးသား ကိစ္စဖြစ်နေတယ်။ အတည်ဖြစ်နေတယ်။ ဒါကြောင့် မလိုအပ်ဘူးဆိုပြီး ကျနော်တို့ လျှောက်ထားတာကို ပယ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ (၁၀/က)၊ (၁၀/ခ) နဲ့ ထိန်းသိမ်းခဲ့တဲ့ အမိန့်တွေဟာ အစိုးရအဖွဲ့က လုပ်တာ။ အစိုးရအဖွဲ့က လုပ်ထားတဲ့အပေါ်မှာ အယူခံလည်း ပယ်ထားပြီးသားဖြစ်တော့ ဒါဟာ အတည်ဖြစ်နေပါတယ်လို့ ပြောပါတယ်” ဟု ဦးဉာဏ်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ထိန်းသိမ်းခဲ့မှုအခြေအနေနှင့် ယခုစွဲဆိုထားချက် အပ်စပ်မှုရှိမရှိ တရားရုံးက ဆုံးဖြတ်နိုင်ရန် ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေကြီး ဦးကြည်ဝင်းက မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောဆိုချက်ကို ကိုးကား၍ ယမန်နေ့ တရားခွင်တွင် တင်ပြခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်အောင်ဆန်းစုကြည်အား ဖမ်းဆီးထားခြင်းမဟုတ်ဘဲ သူ့အသက်အန္တရာယ် စိုးရိမ်ရ၍ ထိန်းသိမ်းထားခြင်းသာဖြစ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးအလုပ်ကော်မတီသို့ ထုတ်ဖော်ပြောဆိုခဲ့မှုကို ဦးကြည်ဝင်းက တင်ပြခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနကို သက်သေအဖြစ် တင်သွင်းလိုကြောင်း ယမန်နေ့က လျှောက်ထားခဲ့ခြင်းဖြစ်သည်။

ထိုသို့ ထပ်တိုးသက်သေ လျှောက်ထားချက်ကို ပယ်ချလိုက်သည့်အတွက် ရှေ့နေဦးဉာဏ်ဝင်းက “အစိုးရအဖွဲ့က အဲလိုလုပ်တာကိုက ဥပဒေနဲ့မညီဘူး။ ဥပဒေအရ မလုပ်နိုင်ဘူး။ သူတို့က အဲဒါကို ရှောင်နေတာပါ” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဦးဉာဏ်ဝင်းက တင်ပြခဲ့သော ဇူလိုင် (၂၃) ရက်ထုတ် သတင်းစာများ၏ ဆောင်းပါးပါ ရေးသားချက်များသည် တရားဥပဒေကို မထီမဲ့မြင်ပြုရာရောက်သဖြင့် လိုအပ်သလို စိစစ်ဆောင်ရွက်ပေးပါရန် လျှောက်ထား ချက်ကိုလည်း ယနေ့တရားခွင်တွင် တရားသူကြီးများက တစုံတရာတုံ့ပြန်ခဲ့ခြင်းမရှိဟု သိရသည်။

နအဖစစ်အစိုးရ၏ သတင်းစာများ၌ ဇူလိုင် (၂၃) ရက်တွင် လူသစ်ဆိုသော ကလောင်အမည်ဖြင့် ရေးသားထားသည့် ပြည်သူ့ဆန္ဒကို ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသူများ ၀ိုင်းဝန်းဖယ်ရှား ဟူသည့် ဆောင်းပါးတွင် “အလားတူပင် ဒေါ်အောင်ဆန်းစုကြည်သည်လည်း နိုင်ငံရေးအကျဉ်းသား မဟုတ်ပါဘူး။ တည်ဆဲဥပဒေတရပ်ကို ဖောက်ဖျက်ကျူးလွန်လို့ သက်ဆိုင်ရာတရားရုံးက တရားစွဲဆိုမှုနဲ့ တရားရင်ဆိုင်နေရသူသာ ဖြစ်ပါတယ်” ဟု ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများအနေဖြင့် အပြီးသတ်လျှောက်လဲချက်ကို ရနိုင်သမျှသော အချိန်ကာလအတွင်း တရားရုံးသို့ အချက်အလက်ခိုင်ခိုင်မာမာဖြင့် အကောင်းဆုံးတင်ပြခဲ့ကြောင်း၊ ဥပဒေအမြင်အရ ဒေါ်အောင်ဆန်းစုကြည်သည် ပြစ်မှုကျူးလွန်ခြင်းမရှိကြောင်း ဦးဉာဏ်ဝင်းက ပြောသည်။

ယနေ့တရားခွင်သို့ ဂျပန်နှင့်အမေရိကန် အပါအ၀င် သံရုံး (၅) ခုခန့်မှ သံတမန်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ခြံဝင်းအတွင်း အမေရိကန်နိုင်ငံသား မစ္စတာယက်တော ၀င်ရောက်ခဲ့မှုအတွက် နအဖစစ်အစိုးရက မေ (၁၈) ရက်တွင် နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှု ပုဒ်မ (၂၂) ဖြင့် အင်းစိန်အထူးတရားရုံး၌ ဒေါ်အောင်ဆန်းစုကြည်အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

တရားသူကြီး ဦးသောင်းညွန့်နှင့် ဦးညီညီစိုးတို့က အမှုကို ကြားနာစစ်ဆေးနေပြီး လာမည့် ဇူလိုင် (၃၁) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်တို့အပေါ် စီရင်ချက်အမိန့် ချမှတ်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်တို့အား တရားစွဲဆိုမှုတွင် နအဖစစ်အစိုးရဘက်က တရားလိုပြသက်သေ (၂၃) ဦး တင်သွင်းကာ (၁၅) ဦး ထွက်ဆိုခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်ဘက်မှ သက်သေ (၂) ဦးကိုသာ တင်သွင်းခွင့်ရသည်။

၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ဖြင့် (၁၃) နှစ်ကျော်ကြာ စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး ယခုအမှုဖြင့် တရားစီရင်ခြင်းခံရပါက ထောင်ဒဏ် (၅) နှစ်အထိ ကျခံရဖွယ်ရှိသည်။

မန္တလေးမြို့အတွင်း စစ်တပ်များ နေရာယူထား

မင်းနိုင်သူ / ၂၈ ဇူလိုင် ၂၀၀၉


မန္တလေးမြို့အတွင်းရှိ ရယကရုံးတို့တွင် စစ်တပ်များ တပ်စွဲနေရာယူထားကြကြောင်း မန္တလေးမြို့ခံများက ပြောသည်။

“မန္တလေး (၄) မြို့နယ်ဖြစ်တဲ့ ချမ်းအေးသာဇံ၊ မဟာအောင်မြေ၊ အောင်မြေသာဇံ၊ ချမ်းမြသာစည် အဲဒီမြို့နယ်တွေထဲ ဇူလိုင် (၂၆) ရက် ညပိုင်းမှာ တပ်ကားတွေနဲ့ စစ်သားတွေ လာချသွားတာ။ ရယကရုံးတခုမှာ အယောက် (၃၀) လောက်ဆိုတော့ တပ်ခွဲတခုစာလောက် ချထားတာပေါ့ဗျာ။ အဲဒီ ရယကရုံးတွေထဲမှာတင် နေထိုင်ချက်ပြုတ်စားသောက်နေကြတာ” ဟု မြို့ခံတဦးက ပြောသည်။

ယခုကဲ့သို့ မန္တလေးမြို့ပေါ်တွင် တပ်စွဲနေရာယူထားခြင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချခဲ့ပါက လူထုအုံကြွမှု ပေါ်ပေါက်လာနိုင်သဖြင့် လက်ဦးမှုရယူ နှိမ်နင်းနိုင်ရန်ဖြစ်သည်ဟု မန္တလေးမြို့ခံများက ယူဆနေကြသည်။

မန္တလေးမြို့ခံ စာနယ်ဇင်းသမားတဦးက “ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ချကိုချမယ်လို့ ပြလိုက်တဲ့သဘောပဲဗျ။ ကျနော်တို့ မြို့ခံတွေက အဲလိုပဲ ယူဆတယ်။ ထောင်ချလိုက်လို့ လူထုက မခံမရပ်နိုင်ဖြစ်ပြီး အုံကြွမှု ဖြစ်လာရင် နှိမ်နင်းဖို့နဲ့ နောက်အခုလို တပ်ကြိုချ အင်အားပြပြီး လူထုကို ခြိမ်းခြောက်ထားတာ ဖြစ်တယ်” ဟု သုံးသပ်ပြောဆိုသည်။

မန္တလေးမြို့သည် သံဃာဦးရေအများဆုံးရှိသည့် မြို့ဖြစ်နေခြင်းကြောင့်လည်း ဒေသအာဏာပိုင်များက ပိုမိုစောင့်ကြည့်နေပြီး ဘုန်းကြီးကျောင်းတိုက်များအတွင်း လူအ၀င်အထွက်ကိုလည်း စောင့်ကြည့်မှုများ ပြုလုပ်နေကြောင်း မြို့ခံစာနယ်ဇင်းဆရာက ပြောသည်။

မန္တလေးမြို့တွင်း တပ်လုံခြုံရေးများ ရယူထားသကဲ့သို့ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များကိုလည်း သတင်းတပ်ဖွဲ့မှ စောင့်ကြည့်မှုများ ပိုမိုပြုလုပ်နေသည်ဟု မန္တလေးတိုင်း အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တဦးက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အမှုအတွက် အပြီးသတ်လျှောက်လဲချက် ပေးရသော ဇူလိုင် (၂၄) ရက်မှစ၍ မန္တလေးတိုင်း အန်အယ်လ်ဒီအဖွဲ့ဝင်များက ဒေါ်အောင်ဆန်းစုကြည်အတွက် မဟာမြတ်မုနိဘုရားသို့ သွားရောက် ၀တ်ပြုဆုတောင်းခဲ့ကြရာ အာဏာပိုင်များ၏ နှောင့်ယှက်မှုများဖြင့် ကြုံတွေ့ခဲ့ကြရသည်။

ထိုနေ့က မဟာမြတ်မုနိဘုရားမှအပြန် မန္တလေး အရှေ့တောင်မြို့နယ် အန်အယ်လ်ဒီလူငယ် ကိုတိုးကြီးကို ကြံ့ဖွံ့အသင်းဝင်များက ဆိုင်ကယ်ရပ်နားထားရာနေရာတွင် ၀ိုင်းဝန်းထိုးကြိတ်ခဲ့ကြသည်။

“ဒီနေ့အထိ လိုက်နှောင့်ယှက်နေတာပဲ။ အရင်ရက်တွေက အနှောင့်အယှက်ခံရလို့ ဒီနေ့တော့ မဟာမြတ်မုနိဘုရားကြီးဆီကို ပါတီဝင်နှစ်ယောက်လောက်ပဲ ယောင်ပြအဖြစ် သွားရောက်ခဲ့တယ်။ ကျန်တဲ့လူတွေက ရွှေသာလျောင်းဘုရားကိုသွားပြီး ၀တ်ပြုဆုတောင်းခဲ့ကြတယ်။ ဒါပေမယ့် အဲဒီမှာလည်း သတင်းတပ်ဖွဲ့ကလူတွေ လိုက်ကြည့်နေတာပါပဲ” ဟု မန္တလေးတိုင်း အန်အယ်လ်ဒီလူငယ်တဦးက ပြောသည်။

ဥစ္စာဓန မက်မောသူများ



အညတြတော်လှန်ရေးသမားတဦး

၂၈ ဇူလိုင် ၂၀၀၉


ဥစ္စာဓန မက်မောသူများလို့ ဆိုလိုက်တော့ ဥစ္စာဓန မမက်မောတဲ့လူ ဘယ်မှာရှိလို့လဲလို့ မေးစရာရှိပါတယ်။ မက်မောတယ်လို့ ဆိုရာမှာ ဥစ္စာဓနကိုရယူဖို့ လမ်းစရှိသူတွေ တနည်းအားဖြင့် ရယူနိုင်ဖို့ အနေအထားရှိသူတွေကိုသာ ဆိုလိုခြင်းဖြစ်ပါတယ်။ ဘယ်သူ့ကိုမဆို ကုန်ကုန်ပြောရရင် ကုန်းကောက်စရာ ဘာတခုမှမရှိလောက်အောင် ဆင်းရဲနုံချာရှာလွန်းသူတွေကိုတောင် “ဥစ္စာဓနတွေ မလိုချင်ဘူးလား” လို့ ပေါ့ပေါ့တန်တန်လေးမေးရင် “လိုချင်တာပေါ့” လို့ ပြန်ဖြေရုံမက မေးသူကိုပါ “ဒီလို အရည်မရ အဖတ်မရတဲ့ မေးခွန်းကို ဘာဖြစ်လို့ လေကုန်ခံပြီး မေးနေသေးလဲ” လို့ အပြစ်တင်တဲ့အကြည့်နဲ့ပါ ပြန်ကြည့်လိုက်ပါဦးမယ်။ ဒါ့ကြောင့် ဥစ္စာဓန မက်မောတယ်ဆိုတာ အဲဒီလို ဘ၀နင်းပြား ဖြစ်နေရှာရသူတွေနဲ့ မဆိုင်ဘူးလို့ ကျနော်ဆိုလိုပါတယ်။

မိဘလက်ထက်က လက်ငုတ်လက်ရင်း စီးပွားရေးလုပ်ငန်း သို့မဟုတ် အရင်းအနှီး တစုံတရာ သို့မဟုတ် စီးပွားရေးလုပ်ငန်းနဲ့ ပတ်သက်လို့ အကြားအမြင် အတွေ့အကြုံ၊ အဆက်အသွယ် အသိုင်းအ၀ိုင်း တစုံတရာရှိသူတွေ အစရှိတဲ့ အနေအထားမျိုးကို ရရှိပိုင်ဆိုင်ထားသူတွေကလည်း ဥစ္စာဓနကို ‘မက်မောအား’ ရှိကြပါတယ်။ ဒီဆောင်းပါးမှာ သူတို့တတွေ ဥစ္စာဓန မက်မောတဲ့ အကြောင်းကိုလည်း ဆွေးနွေးစရာမရှိပါ။

နောက်တမျိုးဖြစ်တဲ့ ဗိုလ်သန်းရွှေတို့လို အတုလံအတုမရှိတဲ့ အာဏာ (ကိုယ့်တိုင်းပြည် ကိုယ့်ရွာ၊ ကိုယ့်ဌာနေမှာပါ) ပိုင်စိုးထား သူတွေအဖို့တော့ ‘ဥစ္စာဓနမက်မောအား’ အရှိဆုံးဖြစ်ပါတယ်။ သိတော်မူကြတဲ့ အတိုင်းပါပဲ၊ မက်မောလွန်းအားကြီးလို့ ရာဇဣနြေ္ဒတောင်မဆည်နိုင်ကြဘဲ ရလေလိုလေ အိုတစ္ဆေ ဖြစ်နေကြတာတွေ။ ‘ရွှေလက်တို့ ဘုရင်ကြီး’ လို သူတို့လက်နဲ့တို့ရာ ရွှေဖြစ်နေကြတာတွေကတော့ ပြောမဆုံးပေါင် တောသုံးထောင် ထပ်နေပါပြီ။ မီဒီယာမှာ မကြားချင်၊ မဖတ်ချင်အဆုံးပါ။

ကျနော်ဆွေးနွေးတင်ပြချင်တာက ‘သန်း ၄၀ (ခုတော့ သန်း ၅၀၊ ၆၀ လောက်ရှိနေပြီလို့ ထင်ပါတယ်) ပြည်သူတွေအတွက်’ တို့၊ ‘(---) လူမျိုးအတွက်လို့’ ဆိုတဲ့ စကားမျိုးတွေ တွင်တွင်ပြောပြီး ဥစ္စာဓန မက်မောတဲ့ လူတွေရဲ့ ထုတ်ဖော်ကြေညာထားတဲ့ စေတနာဆိုတာနဲ့ သူတို့လုပ်ရပ်တွေရဲ့ အကျိုးသက်ရောက်မှုတွေအကြောင်းပဲ ဖြစ်ပါတယ်။

ဗမာပြည်ရဲ့ တောတွင်းလက်နက်ကိုင်အဖွဲ့အစည်းတွေမှာ လူမျိုးရေးအခြေခံတဲ့ အဖွဲ့အစည်းတွေက အများစုဖြစ်ပါတယ်။ အဲဒီ လူမျိုးရေးအဖွဲ့အစည်းတွေမှာ အများအားဖြင့် မိမိတို့လူမျိုးထဲမှာ လူတန်းစားတွေ တည်ရှိနေတယ်ဆိုတာကို အသိအမှတ် မပြုကြပါဘူး။ ဒီတော့ အဖွဲ့အစည်း တည်ထောင်ဖွဲ့စည်းရာမှာ မိမိတို့အဖွဲ့အစည်းဟာ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်း သို့မဟုတ် ပါတီလဲဆိုတာကို သတ်မှတ်ထားခြင်း မရှိကြပါဘူး။ တချို့အဖွဲ့အစည်းတွေကျတော့ အမျိုးသားရေး ကြွေးကြော်ပေမယ့် လူတန်းစားတည်ရှိမှုကို အသိအမှတ်ပြုပြီး မိမိအဖွဲ့အစည်းဟာ ဘယ်လူတန်းစားကို အခြေခံတယ်၊ ဘယ်လူတန်းစားရဲ့ အဖွဲ့အစည်းဖြစ်တယ် ဆိုတာကို သတ်မှတ်ဖော်ပြပါတယ်။ သာဓကအားဖြင့်ဆိုရင် တချိန်တုန်းက ရှိခဲ့ဖူးတဲ့ KNUP ပါတီ။

တကယ်တော့ (ဘုံစနစ်ကျင့်သုံးနေတဲ့ ရှေးဟောင်းလူ့အဖွဲ့အစည်းအဆင့် လူ့အဖွဲ့အစည်းတွေကလွဲရင်) လူ့အဖွဲ့အစည်းမှာ လူတန်းစားတွေ တည်ရှိနေတယ်ဆိုတာ ကို အသိအမှတ်ပြုကြတာချည်းပါပဲ။ လူတန်းစားတွေတည်ရှိနေတဲ့ လူ့အဖွဲ့အစည်းမှာ လူမှုအခြင်းအရာတွေမှန်သမျှဟာ လူတန်းစားနဲ့ ကင်းလွတ်တာရယ်လို့ ဘာတခုမှ မရှိပါဘူး။ ယဉ်ကျေးမှုမှာတောင်မှ အခွင့်ထူးခံလူတန်းစားရဲ့ ယဉ်ကျေးမှု (elite culture) နဲ့ အများပြည်သူ့ယဉ်ကျေးမှု (popular culture) ရယ်လို့ ကွဲပြားခြားနားပါတယ်။ အကျိုးစီးပွားချင်း အပြန်အလှန် ပဋိပက္ခတွေဖြစ်နေပြီး အကျိုးစီးပွားချင်း လုနေ သို့မဟုတ် ထိန်းညှိနေရတဲ့ နိုင်ငံရေးနယ်ပယ်မှာ လူတန်းစားတည်ရှိမှုကို အသိအမှတ်မပြုတာဟာ ပကတိအဖြစ်မှန်ကို မမြင်တာ သို့မဟုတ် တမင်ငြင်းကွယ်တာသာ ဖြစ်ပါတယ်။ နိုင်ငံရေးပါတီတရပ်ဟာ မိမိဘယ်လူတန်းစားရဲ့ ပါတီလဲဆိုတာကို အသိအမှတ်ပြုရမှန်း မသိ သို့မဟုတ် အသိအမှတ်မပြုပေမယ့် အဲဒီပါတီဟာ လူတန်းစားတရပ်ရပ်ရဲ့ ပါတီဖြစ်နေတယ် ဆိုတာကတော့ သေချာပါတယ်။

ဒါနဲ့ပတ်သက်လို့ ဆွေးနွေးရာမှာ လက်နက်ကိုင်အဖွဲ့အစည်းတခုထဲက ပညာတတ်လူငယ်တယောက်က “ကျနော်တို့ပါတီက ဘယ်လူတန်းစားရဲ့ ပါတီလဲဆိုတာ သတ်မှတ်ထားတာ မရှိဘူးဆိုတော့ ဧကန္တ ဓနရှင်ပေါက်စလူတန်းစားပါတီလား၊ “ဓနရှင် လူတန်းစားပါတီလား တခုခုတော့ တခုခုပဲဗျ” လို့ ပြောခဲ့ဖူးပါတယ်။

ဗမာပြည်တော်လှန်ရေးဖြစ်စဉ်ထဲမှာ ကြည့်လိုက်ရင် အဲဒီလို အဖွဲ့အစည်းတွေထဲမှာ ကိုယ်ပိုင်စီးပွားရေး လုပ်ခွင့်ဟာ ထုတ်ပြန်ကြေညာပြီး ပြဋ္ဌာန်းပေးစရာတောင်မလိုတဲ့ သန္ဓေပါ အခွင့်အရေး ဖြစ်နေတာကို တွေ့ရပါတယ်။ နောက်လိုက် ငယ်သားကနေ ခေါင်းဆောင်ထိပ်သီးပိုင်းအဆင့်အထိ စီးပွားရေးလုပ်ပါတယ်။ ဥစ္စာဓန ပိုင်ဆိုင်ခွင့်ရှိပါတယ်။ “ကိုယ့်စားဝတ်နေရေးအတွက် လုပ်ရတာပေါ့” လို့ ထိပ်တန်းခေါင်းဆောင်အဆင့်ရှိသူတယောက်က ပြောပါတယ်။

ဒါဆိုရင် အဖွဲ့အစည်းက ရဲဘော်တဦးချင်းရဲ့ စားဝတ်နေရေးအတွက် မထောက်ပံ့ဘူးလားလို့ မေးစရာရှိပါတယ်။ ဘယ်လက်နက်ကိုင်အဖွဲ့အစည်းမဆို ထောက်ပံ့ပါတယ်။ ဒါကို ‘ကိုယ့်စားဝတ်နေရေးအတွက်’ လို့ နားလည်ထားပုံမရပါဘူး။ အတိအကျပြောရရင် ‘တောမခိုခင်တုန်းက ရှိခဲ့ဖူးတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး သို့မဟုတ် သည့်ထက်မကတဲ့ စားဝတ်နေရေး အဆင့်အတန်းမျိုး ရရှိရေးအတွက်’ လို့ အဓိပ္ပာယ်ရပါတယ်။

ကျောင်းသားလူငယ်ဘ၀ကတည်းက တောခိုလာခဲ့ပြီး ခု ထိပ်တန်းခေါင်းဆောင်တယောက် ဖြစ်နေသူတဦးက သူ့မှာပိုင်ဆိုင်ထားတဲ့ သားသားနားနား အိမ်တလုံးရယ်၊ သိန်းရာပေါင်းများစွာ ကာလတန်ဖိုးရှိတဲ့ စီးပွားရေးပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့ “တော်လှန်ရေးထဲရောက်လာတုန်းက လက်ချည်း ဗလာသက်သက်ပဲဗျ။ ဒါတွေက နောက်မှ ဖြစ်လာတဲ့ ဟာတွေပါ” လို့ ရိုးရိုးသားသား ပြောပါတယ်။ (သူဒီလိုပြောတော့ ဥပဒေဘောင်ထဲက နိုင်ငံရေးခေါင်းဆောင်တဦးရဲ့ သိန်းတထောင်ကျော်တန် ဆိုင်ခန်းတခန်း စစ်အစိုးရရဲ့ အသိမ်းခံရကြောင်း သတင်းကို သွားသတိရမိပါသေးတော့တယ်။)

မိမိလူမျိုးအတွက် လုပ်နေပါတယ်လို့ ပြောရင်း မိမိလူမျိုးရဲ့ အများတကာ အများစုကြီးမှာတော့ ကဗျာဆရာတယောက် ရေးခဲ့သလို ‘တွေ့ရာအနုပ်၊ ဟောင်းညစ်ပုပ်တဲ့၊ ရုပ်ပုံလွှာထဲ’ ဒုံရင်း ဒုံရင်းပဲ ဖြစ်နေကြရှာတာကို လူချမ်းသာ ‘တော်လှန်ရေးသမား’ ပုဂ္ဂိုလ်ကြီးတွေ မမြင်လေရော့သလား၊ ဒါမှမဟုတ် ‘ဒို့ကောင်းစားတာ ဒို့လူမျိုး ကောင်းစားတာနဲ့ အတူတူပဲပေါ့။ ဒို့လူမျိုးတွေ ဂုဏ်ယူစရာပေါ့လို့ လူမျိုးရေးအမြင်နဲ့ ရိုးသားစွာ မြင်နေရော့သလားမသိပါ။

လူမျိုးရေးအမြင်လောက်ပဲရှိတာ၊ လူမျိုးတမျိုးထဲမှာ လူတန်းစားတွေ ရှိနေခြင်း၊ အဲဒီလူတန်းစားတွေရဲ့ အပြန်အလှန် ဆက်ဆံရေး၊ လူတန်းစားတရပ်ချင်းရဲ့ (တော်လှန်ရေးမှာ ပါဝင်နိုင်တဲ့) အခန်းကဏ္ဍတွေကို အသိအမှတ်မပြုတာ သို့မဟုတ် အသိအမှတ်မပြုနိင်တာတွေကြောင့် လူမျိုးရေးအမြင်လောက်သာရှိတဲ့ အဖွဲ့အစည်းတွေဟာ ကိုယ်ကျိုးစီးပွားရှာရင်း နိဂုံးချုပ်သွားခဲ့ကြတာကို သမိုင်းမှာ အထင်အရှားတွေ့ရပါတယ်။ သာဓကအနေနဲ့ ပြောရရင် မြန်မာ့သမိုင်းမှာ (၁၉၂၀) ခုနှစ် ပတ်ဝန်းကျင်လောက်က ပေါ်ထွက်လာခဲ့တဲ့ ၀ံသာနုအသင်းချုပ်ကြီးရဲ့ ခေါင်းဆောင်အများစုဟာ ငါးထောင်စား အမတ်ရာထူးနဲ့ ကျဆုံးသွားခဲ့ကြပါတယ်။ တရုတ်ပြည်တော်လှန်ရေးသမိုင်းမှာ အမျိုးသားရေးဝါဒီသက်သက်သာဖြစ်ခဲ့တဲ့ ချန်ကေရှိတ်ဟာ အဲဒီခေတ်က တရုတ်ပြည်ရဲ့ အချမ်းသားဆုံးပုဂ္ဂိုလ် (၄) ဦးထဲက တဦးအပါအ၀င်ဖြစ်သွားပြီး နောက်ဆုံးမှာ ကျဆုံးသွားခဲ့ ပါတယ်။

ဗမာပြည် စစ်အာဏာရှင်အစိုးရ အဆက်ဆက်မှာ အတိုက်အခံနိုင်ငံရေးလှုပ်ရှားသူတွေမှန်သမျှ (ယူဂျီလှုပ်ရှားသူတွေပဲဖြစ်ဖြစ်၊ တရားဝင်ပါတီတွေထဲက လှုပ်ရှားသူတွေပဲဖြစ်ဖြစ်) အများသိကြတဲ့အတိုင်း၊ ကိုယ့်ထမင်းကိုယ်စားပြီး နိုင်ငံရေးလုပ်ကြရပါတယ်။ သူတို့ကိုလည်း (ပြောမယ်ဆိုရင်) နိုင်ငံရေးလုပ်ရင်း ကိုယ့်စီးပွားရေး ကိုယ်လုပ်တယ်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် သူတို့တတွေဟာ နိုင်ငံရေးလုပ်နေသရွေ့တော့ မချမ်းသာနိုင်ကြပါဘူး။ အတိုက်အခံတွေကို အငြှိုးတကြီးနဲ့ ဥပဒေလက်လွတ် ဖိနှိပ်နေတဲ့ စစ်အစိုးရအောက်မှာ ချမ်းသာလာဖို့ နေနေသာသာ မူလက ချမ်းသာခဲ့ကြသူတွေတောင် စီးပွားပျက်သွားကြတာကို တွေ့ရပါတယ်။ သူတို့စီးပွားရေးတွေကို ပံ့ပိုးပေးမယ့် သို့မဟုတ် ကာကွယ်စောင့်ရှောက်ပေးမယ့် အာဏာလက်ကိုင်မရှိတဲ့အပြင် နဂါးတို့မျက်စောင်းလို အကြောင်းသုံးပါးမရွေးတဲ့ စစ်အာဏာရဲ့ သံဖနောင့်အောက်မှာ နင်းသမျှ ကြေကြရပါတယ်။

တောတွင်းလက်နက်ကိုင်အင်အားစုတွေထဲက ခေါင်းဆောင်လုပ်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကတော့ အာဏာနဲ့ဖက်ထား တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။ မိမိကိုယ်တိုင်ပဲလုပ်လုပ်၊ မိမိရဲ့သားမယားတွေကဘဲလုပ်လုပ် အနည်းဆုံးတော့ အာဏာရဲ့ ကာကွယ်စောင့်ရှောက်ပေးမှုရှိနေပါတယ်။ မြေယာတွေဆိုရင် အလကားတောင် ရနိုင်တဲ့အပြင် ဘယ်သူမှ မျက်စောင်းတောင် ထိုးရဲကြတာမဟုတ်ပါဘူး။ အပစ်အခတ်ရပ်စဲရေး လုပ်ထားတဲ့ အဖွဲ့အစည်းအချို့ရဲ့ အချို့သော ခေါင်းဆောင်များဆိုရင် စစ်အစိုးရနဲ့ နားလည်မှုယူပြီး မိမိအမျိုးသားပြည်သူတွေရဲ့ မြေယာတွေကိုတောင် ကိုယ်ကျိုးအတွက် သိမ်းယူတဲ့ သတင်းတွေ ကြားနေရပါတယ်။ (ဥစ္စာဓန မက်မောလိုက်ပုံများ ကိုယ်ကြွေးကြော်ခဲ့တဲ့ လူမျိုးရေးဆိုတာကိုတောင် ဖွတ်မေ့ ပတတ်မေ့ မေ့နေတဲ့အထိပါပဲ)။

သည့်ထက် ရုပ်ပျက်ဆင်းပျက် ဖြစ်နေတာကတော့ စစ်အစိုးရက သူ့ရဲ့အာဏာစက်ကို အပစ်အခတ်ရပ်စဲရေး နယ်မြေတွေထဲ အထိ တိုးချဲ့လာပြီး မိမိပြည်သူတွေအပေါ် ထင်သလို ရမ်းကားနေပါလျက်နဲ့ လက်ပိုက်ကြည့်နေတာပဲ ဖြစ်ပါတယ်။ အရင်းစစ်လိုက်ရင် ဥစ္စာဓန မက်မောမှုတွေကြောင့်ပဲဖြစ်ပါတယ်။ ‘ငြိမ်းချမ်းရေးထိန်းသိမ်းတဲ့အနေနဲ့ သည်းခံနေရတယ်’ လို့ အကြောင်းပြပါတယ်။ ဒါဆိုရင် ငြိမ်းချမ်းရေးက ပြည်သူအတွက်လား၊ ပြည်သူက ‘ငြိမ်းချမ်းရေး’ အတွက် လည်စင်းခံပေးနေရ မှာလားလို့ ပြန်မေးရပါလိမ့်မယ်။

အပစ်အခတ်ရပ်စဲရေး အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်က ပြည်သူလူထုအတွက် အကာအကွယ်မပေးနိုင်တာကို လူသိရှင်ကြား ၀န်ခံတာ တွေ့ရပါတယ်။ အခု ကာကွယ်မပေးနိုင်ရင်လည်း နောင် ကာကွယ်ပေးနိုင်ဖို့ ဘာတွေလုပ်နေပါသလဲလို့ ကြည့်လိုက် တော့ ကိုယ့်စီးပွားရေးကိုယ် လုပ်နေတာကလွဲလို့ ဘာတခုမှမတွေ့ရတာ အမှန်ပါ။ “လူကြီးတွေ တယောက်နဲ့တယောက် ဆုံတဲ့အခါဗျာ၊ နိုင်ငံရေးအကြောင်းမပြောကြဘဲ သူတို့စီးပွားရေးအကြောင်းပဲ သူတို့ပြောကြတယ်ဗျာ” လို့ ခေါင်းဆောင်တွေကို ကားနဲ့ မောင်းပို့ပေးရတဲ့ ကားဆရာတယောက်က စိတ်ပျက်လက်ပျက်နဲ့ ပြောပြတာကို ကျနော်အမှတ်ရမိပါတယ်။

လွန်ခဲ့တဲ့ (၁၅) နှစ်ကျော်လောက်က နယ်မြေတခုမှာ ဘုရင်ကြီးတပါးလို မင်းမူနေတဲ့ နယ်မြတပ်မှူးတယောက်နဲ့ ကျနော် ဆုံဖြစ်ခဲ့ပါတယ်။ သူဟာ ဘုရင်ကြီးတပါးလို လူအများ သူ့ကို မော်မကြည့်ရဲလောက်အောင် အာဏာစက် စူးရှလှကြောင်းကို သူကိုယ်တိုင်လည်း သိပါတယ်။ သူက စီးပွားရေးလုပ်ငန်းတွေ လုပ်ပါတယ်။ သိတော်မူကြတဲ့အတိုင်းပါပဲ။ တချက်လွှတ် အာဏာရှိသူ စီးပွားရေးလုပ်ရင် အရင်းအနှီးငွေကြေး စိုက်ထုတ်စရာတောင် မလိုပါဘူး။ အမြတ်ကလည်း သေချာပါတယ်။ ဒီတော့သူဟာ ဗမာပြည်သူပုန်ထဲမှာ အချမ်းသာဆုံးသူပုန်တွေထဲက တယောက်ဖြစ်ပါကြောင်း ထိုင်းဗိုလ်ချုပ်တဦးရဲ့ (ချီးမွမ်းတာလား၊ ကဲ့ရဲ့တာလားတော့ ကျနော် မဝေခွဲတတ်ပါ) အသိအမှတ်ပြု ပြောကြားတာကို ခံရသူတဦးလည်း ဖြစ်ပါတယ်။ အဲဒီတပ်မှူးကပဲ ပြောပြလို့ သိရတာပါ။ သူနဲ့ပတ်သက်လို့ ရန်သူ့တပ်ထဲက စစ်ဗိုလ်တယောက်ကတော့ “ဒီကောင် သိပ်မကြာပါဘူး၊ ဒို့ဆီ ရောက်လာမှာပါ” လို့ ပြောပါတယ်တဲ့။ (အဲဒီရန်သူ့တပ်ကနေ တော်လှန်ရေးထဲကို ကူးပြောင်းလာတဲ့ စစ်သားတယောက်က ပြောပြလို့ သိရတာပါ။) အဲဒီမှန်သော သစ္စာစကားနဲ့ လျော်ညီစွာပဲ အဲဒီတပ်မှူးဟာ မကြာခင်ကာလမှာ သစ္စာဖောက် လက်နက်ချသွားခဲ့ပါတယ်။

မကြာသေးခင် နှစ်များအတွင်းကပဲ အဖွဲ့အစည်းတခုထဲက အလတ်တန်း ခေါင်းဆောင်အဆင့်ရှိသူတဦးက သူ့ကိုယ်သူ မလုံတာကြောင့်ဘဲလားတော့ မသိပါ။ “ကျနော်တော့ဗျာ၊ ကိုယ့်စားဝတ်နေရေးအတွက် လုပ်ငန်းတခုလုပ်ထားတယ်” လို့ နိုင်ငံရေးအကြောင်းပြောရင်း ကျနော့်ကို ပြောပြပါတယ်။ စားဝတ်နေရေးအတွက်ဆိုတာ ဘယ်အဆင့်အတန်းလောက်ရှိတဲ့ စားဝတ်နေရေးလဲလို့ မေးစရာရှိပါတယ်။ အသက်တချောင်း ရှင်သန်ရုံ စားဝတ်နေရေးလား၊ တောသူဌေးတယောက်ရဲ့ အဆင့်အတန်းရှိတဲ့ စားဝတ်နေရေးလား။ သူ့ဇနီးကလည်း ပြည်တွင်းနဲ့ နယ်စပ်ဒေသမှာ ကုန်ကူးနေတာပါ။ ဒီလောက်နဲ့ အားမရသေးလို့ သူဌေးဖြစ်လုပ်နေတယ်လို့ပဲ ကျနော်နားလည်လိုက်ပါတယ်။ တဆက်တည်းမှာပဲ ကျနော်ငယ်ငယ်တုန်းက ဖတ်ခဲ့ဖူးတဲ့ (ဟိတောပဒေသပုံပြင်ထဲကလား၊ ရာမာခရစ်ရှနာ ပုံပြင်ထဲကလား မမှတ်မိတော့ပါ) ပုံပြင်တပုဒ်ကို ပြေးသတိရမိပါတယ်။ ပုံပြင်ရဲ့ လိုရင်းအချက်ကတော့ …

ရှေးရှေးတုန်းက ရသေ့ကြီးတပါးက တောထဲမှာ အရည၀ါသီ တောမှီသတင်းသုံးဖို့ တောထွက်လာရာမှာ တပည့်တယောက်က သူလည်းအတူလိုက်ပြီး တရားအားထုတ်လိုပါတယ်တဲ့။ ရသေ့ကြီးက အဲဒီပုဂ္ဂိုလ်ကို စမ်းသပ်တဲ့အနေနဲ့ ရွာနဲ့ မနီးမဝေးတောစပ် မှာ အစမ်းသဘောနဲ့ တရားအားထုတ်ဖို့ နေရစ်ခဲ့ပြီး နှစ်ဘယ်၍ ဘယ်မျှကြာပြီးမှ တောနက်ထဲကို လိုက်ခဲ့ဖို့ မိန့်ခြွေခဲ့ပါတယ်တဲ့။ ဒါနဲ့ပဲ အဲဒီရသေ့သစ်ဟာ ဆရာရသေ့ကြီးရဲ့ စကားအတိုင်း တောစပ်မှာ တရားအားထုတ်နေရစ်ခဲ့ပါတယ်တဲ့။ နေ့တိုင်းရေချိုးပြီး ချုံပေါ်တင်လှန်းထားတဲ့ သင်းပိုင်ဟာ ကြွက်ကိုက်ခံရပါတယ်တဲ့။ ကြွက်ရန်ကို ကာကွယ်ဖို့အတွက် ရွာထဲမှာ ကြောင်တကောင် အလှူခံပါတယ်။ ကြောင်တကောင်ရတော့ ကြောင်အတွက် နွားနို့အလှူခံရပြန်ပါရော။ နွားနို့ နေ့တိုင်းအလှူခံရတော့ ရွားသားတွေက သူ့အတွက် နွားမတကောင် လှူရပြန်ပါတယ်။ ဒီတော့ နွားမအတွက် မြက်လိုလာပြန်ရော။ ရွာသားတွေကလည်း နွားအတွက် မြက်ခင်းလုပ်ပေးရပြန်ပါတယ်။ နောက်တခါ နွားတွေ ပေါက်ပွားလာပြန်တော့လည်း နွားတွေကို စောင့်ရှောက်ထိန်းကျောင်းဖို့ လူတယောက် လိုလာပြန်ပါတယ်။ ဒါနဲ့ သူ့အတွက် မိန်းမတယောက် ရှာပေးရပြန်ပါတယ်တဲ့။ ဆရာရသေ့ကြီးက အစမ်းသဘော သတ်မှတ်ထားတဲ့ နှစ်ရောက်လို့ တောစပ်ကို ထွက်လာပြီး ကြည့်လိုက်တဲ့အခါ မူလနေရာမှာ အိမ်ရာ၊ လယ်မြေ၊ ကျွဲနွားတိရစ္ဆာန်၊ ကလေးသူငယ်တွေနဲ့အတူ သူ့တပည့်ကို လူဝတ်ကြောင်အဖြစ်နဲ့ ပြန်တွေ့လိုက်ရပါတော့ တယ်တဲ့။ ပုံပြင်ရဲ့လိုရင်းကတော့ ဒါပါပဲ။

တော်လှန်ရေးထဲက ဥစ္စာဓနမက်မောတဲ့ ပုဂ္ဂိုလ်တွေကို ကြည့်လိုက်တဲ့အခါ သူတို့တတွေ မူလက ပြောခဲ့တဲ့၊ သန်း (၄၀) ပြည်သူအတွက်တို့၊ မိမိအမျိုးသားလွတ်မြောက်ရေးတို့၊ ဘာပြည်၊ ညာပြည်ရရှိရေးတို့ ဆိုတာတွေနဲ့ ပတ်သက်လို့ “အတိတ်ကို အတိတ်မှာပဲ ထားခဲ့ပါရစေလား’ လို့ ဆိုနေပုံရပါတယ်။

တကယ်အရင်းစစ်ကြည့်လိုက်ရင် တော်လှန်ရေးသမားနဲ့ တောပုန်းဓားပြရဲ့ကြားမှာ ခြားထားတဲ့ စည်းကတော့ တော်လှန်ရေးအသိရယ်၊ အဲဒီတော်လှန်ရေးအသိက လမ်းညွှန်ပြထားတဲ့ တော်လှန်ရေးလုပ်ဆောင်ချက်ပါပဲ။ အများပြည်သူတွေ အဖိနှိပ်ခံဘ၀က လွတ်မြောက်ရေးပါပဲ။ ဖိနှိပ်သူဆိုတာ ဘယ်လူမျိုးကပဲ ဖိနှိပ်ဖိနှိပ်၊ မိမိအမျိုးသားချင်းပဲ ဖိနှိပ်ဖိနှိပ် အတူတူပါပဲ။ လူမျိုးတမျိုးရဲ့ ဖိနှိပ်မှုကို မိမိလူမျိုးထဲက လူတန်းစားတစားရဲ့ ဖိနှိပ်မှုနဲ့ အစားထိုးတာကို တော်လှန်ရေးလို့ မခေါ်နိုင်ပါဘူး။ တချိန်တည်းမှာပဲ မိမိအမျိုးသားကို မိမိကိုယ်တိုင်က ဖိနှိပ်နေပြီး တခြားလူမျိုးရဲ့ ဖိနှိပ်မှုကိုသာ လက်ညှိုးထိုးပြနေရုံနဲ့ မိမိပြည်သူက မိမိကို ထောက်ခံမှာမဟုတ်တာကတော့ သေချာပါတယ်။

လက်ရှိ မြင်နေရတဲ့အတိုင်းပါပဲ။ ရန်သူက သူ့နည်းသူ့ဟန်နဲ့ သူ့အင်အားကို ကြီးထွားအောင် လုပ်နိုင်ခဲ့ပေမယ့် မိမိမှာတော့ မိမိအင်အားကြီးထွားအောင် မလုပ်နိုင်ခဲ့ဘူးဆိုတာ အခု လယ်ပြင်မှာ ဆင်သွားသလို မြင်နေရတယ် မဟုတ်ပါလား။ မိမိဘာတွေလုပ်နေမိသလဲ၊ မိမိရဲ့ လုပ်ရပ်တွေကကော မိမိအကျိုးစီးပွားအတွက်လား မိမိပြည်သူအတွက်လား ဆိုတာကို ပြန်သုံးသပ်မှသာ တော်လှန်ရေးလမ်းကြောင်းမှန်ပေါ် ရောက်မှာပါ။ တော်လှန်ရေးလုပ်နေပါတယ်လို့ပြောပြီး ဥစ္စာဓန မက်မောသူတွေကို တော်လှန်ရေးသမားလို့ ခေါ်နိုင်မှာတဲ့လား။

တောတွင်းတော်လှန်ရေးသမားတွေဆိုတာ လက်နက်ကိုင်ပြီး မိမိနယ်မြေက ပြည်သူတွေကို အုပ်ချုပ်နေကြရသူတွေပါ။ ကျနော် တွေ့ဖူးကြုံဖူးခဲ့တဲ့ အတွေ့အကြုံတွေအရဆိုရင် တောတွင်းလက်နက်ကိုင် တယောက်ဟာ တော်လှန်ရေးဆိုတာဘာလဲ ဆိုတာကို နက်နက်နဲနဲ နားမလည်ရင် (ဆိုလိုတာက တော်လှန်ရေးဆိုတာ ရန်သူဘက်လှည့်ပြီး သေနတ်ပစ်ဖောက်တာ လောက်ပဲ ဆိုတာလောက်သာ နားလည်ထားခြင်းပါပဲ) သို့မဟုတ် နားလည်အောင် ပညာမပေးရင် သို့မဟုတ် အများပြည်သူအပေါ် လက်နက်အားကိုးနဲ့ အနိုင်မကျင့်နိုင်အောင် တင်းကျပ်တဲ့ စည်းကမ်းနဲ့ဖြစ်စေ၊ ဖန်တီးထားတဲ့ အခြေအနေတရပ် (ဆိုလိုတာက ပြည်သူကို အာဏာအပ်နှင်းထားတဲ့ စစ်မှန်တဲ့ ပြည်သူ့အုပ်ချုပ်ရေး) နဲ့ဖြစ်စေ ထိန်းချုပ် ချွန်းအုပ်မထားရင် အဲဒီလက်နက်ကိုင်ကို တောပုန်းဓားပြတယောက်လို့သာ ဆိုနိုင်ကြောင်းပါ။