မြန်မာပြည် အချိန်

သတင်းသစ်များမတင်နိုင်တာကိုနားလည်ပေးကြပါ။ C-Box လည်း ပိတ်ထားပါတယ်။

donderdag 13 mei 2010

ဝင်းယော်မှာမိုးတွေသည်းနေပြီ….ကိုငြိမ်း

ရွှေအိမ်စည်
ကြာသပတေးနေ့၊မေလ၁၃ရက်၂၀၁၀ခုနှစ်၁၅နာရီ၅၂မိနစ် .

                                                      (က)
တန်ခူးနွေကပူ၏။အပူလှိုင်းကြောင့်…တန်ခူးနွေသည်ပို၍ပူပြင်းလွန်းနေသည်။ နေပူပြင်းပြင်းအောက်တွင်ပင်၊သူ…ကျနော်အိမ်သို့ရောက်လာ၏။ကျနော်ကအိမ်တွင်မရှိ…။ သူစတင်တည်ထောင်ထားခဲ့သည့်စာကြည့်တိုက်လေးတွင်ရောက်နေသည်။အိမ်နှင့်စာကြည့်တိုက်ကမဝေး ….။ သူ…စာကြည့်တိုက်သို့ လိုက်လာ၏။
“အိမ်ရောက်သွားသေးတယ်….ခင်ဗျားစာကြည့်တိုက်မှာဆိုလို့ လိုက်လာတာ ….”
ကျနော့်အနားတွင်ဝင်ထိုင်ရင်းစကားဆို၏။ပြီးလျှင်….သူ၏နှုတ်ခမ်းထူထူမဲမဲကြီးအားစူ၍လေပူတချက်အား မှုတ်ထုတ်ရင်း…“ပူလိုက်တာ…” ဟုမဟတဟညည်း၏။
အပူဒဏ်ကြောင့်သူ့မျက်နှာကချွေးတို့နှင့်သီးနေ၏။ကြိုးကျဲကျဲ…မုတ်ဆိတ်မွှေး ထိုးထိုးထောင်ထောင်များတွင် ချွေးဥတို့က တွဲလွဲခို၍နေသည်။
သူထံမှ ချဉ်စူးစူးအနံ့ ရ၏။
ခဲပြာရောင်ညို့မှိုင်းမှိုင်းရှပ်အင်္ကျီလက်တိုနှင့်ဂျင်းဘောင်းဘီနက်ပြာရောင်၏အောက်တွင်သူ၏ ကိုယ်ခန္ဒာသည်သေးသွယ်ပိန်လှီလွန်း၍နေသည်။ခဲပြာရောင်ညို့မှိုင်းမှိုင်းရှပ်အင်္ကျီက ဆေးလိပ်မီးပေါက်ရာများနှင့် ….။
‘ခင်ဗျားကိုကဗျာလာပေးတာ…’ဟုပြောရင်း….သူလွယ်ထားသည့်ကရင်လွယ်အိတ်အတွင်းသို့ လက်နှိုက်၍ရှာနေသည်။
ကျနော်က… ဟေ့လူ… ခေါင်းစဉ်ရောပါရဲ့လား’ဟုပြောတော့ …၊
သူ…ဟက်ဟက်ပက်ပက်ရယ်၏။ကျယ်ကျယ်လောင်လောင်…။ ရယ်ရင်း…ဒီတခါတော့ပါတယ် … ပါတယ်ဟု ပြော၏။စကားသံနှင့်ရယ်မောသံကလုံးလုံးထွေးထွေး။သူ…ထိုသို့ရယ်ပြီးဆိုလျှင်…၊နေပူခံဝမ်းစာအား ပြည့်ပြည့်ဝဝ၊သူ… ရထားပြီးဖြစ်သည်ကိုကျနော်သိ၏။
လွန်ခဲ့သည့်၃လခန့်ကသူ…ကျနော်အားကဗျာတပုဒ်လာပေး၏။ကျနော်စီစဉ်လုပ်ကိုင်နေသည့် လစဉ်ထုတ်ဂျာနယ်အတွက် ဖြစ်သည်။
နှစ်နှစ်ကာကာပေါ့
စုန်းစုန်း
အသုံးမကျတဲ့နှင်းဆီပန်မိတယ်။
ညတွေကိုမတွေ့ချင်တော့ဘူး
အရေးရယ်အကြောင်းရယ်ပေါင်းတော့မှ
လှမှာပေါ့
အခုလေ…။
အရှေ့လေတွေပေါက်နေတယ်
ဒါပေမဲ့
ရယ်စရာစကားတလုံးကို
ဖုံးလို့ ဖိလို့ထားလိုက်တယ်
ဆောင်း …။
မင်းလာတာနောက်ကျတယ်
ပေါင်းမသင်ရတဲ့မြက်တွေ
ခပ်ရှည်ရှည်ပဲလွမ်းကြမယ်
ကောင်းကင်ကငှက်တွေ
ပျံသန်းကြဦးမှာ။ ။
                ငြိမ်းလူ
ကဗျာကလှ၏။သို့သော်…ခေါင်းစဉ်ကမပါ။ဟေ့လူ…ခင်ဗျာ့ကဗျာကခေါင်းစဉ်လည်းမပါဘူး။ ဘယ်လိုလုပ်မလဲ…။’
ကျနော့်စကားကြောင့်…သူ့ကဗျာအားသူပြန်ကြည့်၏။ခေါင်းစဉ်ကမပါ….။နောက်ပိုင်းတွင်မှသူ့ကဗျာ၏ ခေါင်းစဉ်အားတယ်လီဖုန်းနှင့်ကျနော့်အားပြော၏။
“သို့ ….. ဖန်သီကျူရင်”
ဤအတွက် … ခင်ဗျာ့ကဗျာက ခေါင်းစဉ်ပါရဲ့လားဟု ကျနော့်အပြောအား သူရယ်မောခြင်း ဖြစ်၏။
သူ့လွယ်အိတ်အတွင်းမှ ကွန်ပြူတာနှင့် ရိုက်ထားသည် ကဗျာစာရွက် ၃ ရွက်အား ထုတ်ပေး၏။
‘ပြောင်းခင်းထဲကနေ (သို့) ရင့်မည့်စေသော စာမျက်နှာ’
ထားခဲ့ညနဲ့
သွားမယ့်ည
မှောင်တာတူတာပဲလား။
ဖနှောင့်မှာ
မနှုတ်ဖြစ်ခဲ့တဲ့ဆူးက
ပိုနက်သလား။
သူ၏ကဗျာစာရွက်အားကျနော့်ကိုပေးပြီးသူအပြင်သို့ထွက်သွား၏။ကဗျာအားကျနော်ဖက်နေစဉ်မှာပင်၊သူ … ပြန်ရောက်လာ၏။လက်ထဲတွင်ကနေပူခံပေါင်းခံအရည်နှင့်တုတ်ထိုးသီးထားသည့်မရမ်းကင်တထုပ် ….။
သူ … တန်ခူးနွေအား အံတု၍နေ၏။
                                                           (ခ)
ကျနော်သူနှင့်စတင်သိကျွမ်းပြီးတွဲခဲ့ကြရသည့်အချိန်ကာလများစွာက….ကြောပိုးအိတ်တလုံး၊ သေနတ်တလက်စီနှင့်နေခဲ့ကြရသည့်အချိန်များကများသည်။၁၉၉၆ခုနှစ်တွင်စခန်းသစ်၌သူနှင့်ကျနော် စတင်၍တွေ့ဆုံသိကျွမ်းခဲ့ကြ၏။
ထိုစဉ်က…သူသည်စစ်အုပ်စု၏ရေး၊ထားဝယ်၊သဘာဝဓာတ်ငွေ့ပိုက်လိုင်းဖောက်လုပ်နေသည့် စီမံကိန်းနှင့်ပတ်သက်၍‘လျှို့ဝှက်အော်ပရေးရှင်း’တခုအားဆောင်ရွက်နေသည်။သူ၏‘အော်ပရေးရှင်း’အား လျှို့ဝှက်ရေးမူအရကျနော်မမေး….။သူကလည်းမပြော…။သူလိုအပ်သည့်ရုပ်ဝတ္ထုပစ္စည်းအချို့ကိုသာလျှင် ….တတ်နိုင်သ၍ဆက်စပ်၍ရှာဖွေစုဆောင်းပေးခဲ့၏။
အလုပ်ကိစ္စကြောင့် သူသည် စခန်းသစ်နှင့် မွန်ပြည်သစ်ပါတီ၏ ထားဝယ်ခရိုင်ခရီးအား ခြေလျင်လွန်းထိုး၍ သူ အလုပ်များနေခဲ့၏။
ထိုစဉ်က…သူသည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(P.D.F)မှတပ်ဖွဲ့ဝင်တပ်မှူးတဦးဖြစ်သော်လည်း…. မဟောသဓာဇာတ်တော်လာ‘သားလုခန်း’မှမိခင်ရင်းဘဝနှင့်နေရသည့်ကာလ….။(P.D.F)မှန်နန်းဆောင်၏ အပြင်တွင်ရောက်နေသည့်အချိန် …။
                                                              (ဂ)
ကျနော်က…သူ့အားကဗျာဆရာတဦးအဖြစ်နှင့်မကျွမ်းဝင်…မမြင်မိ။စစ်သား…လက်နက်ကိုင် တော်လှန်ရေးသမားတဦးအဖြစ်နှင့်သာမြင်မိ၏။သူက…‘ဒေါင်းအိုးဝေ’တွင်ကဗျာများရေးနေပြီဖြစ်သည်။ ကျနော်ကသူ့ကဗျာများအား‘ဒေါင်းအိုးဝေ’တွင်ရှာပြီးတခုတ်တရလည်း မဖတ်ဖြစ်ခဲ့…။သူကလည်း သူ့ကဗျာ ဖော်ပြပါရှိသည့်‘ဒေါင်းအိုးဝေ’စာစောင်များအားမှတ်မှတ်ရရသိမ်းဆည်းမထား…။
စစ်အေး၍ရွာအနီးဆေးကိုင်းတဲလေးတတဲ…ထဲတွင်အေးအေးလူလူနားနေနိုင်ပြီး၊စကားကောင်းကြသည့် ဆည်းဆာများတွင်ကျနော်တို့ကဗျာအားအမြည်းလုပ်မိကြသည့်အခါများတွင်သူသည်… ဆရာမောင်သာနိုး၏‘ထင်းရှုးပင်ရိပ်’အားမကြာ၊မကြာကောက်၊ကောက်ကိုင်တတ်၏။ပြီးလျှင်… ‘မာယာကော့စကီး’ ၏ကဗျာများအားတပုဒ်ပြီးတပုဒ်သူရွတ်ပြတတ်၏။
ဤတွင်….ကျနော်တို့အထဲမှကျောင်းသားတပ်မတော်မှတပ်မှူးတဦးက …
‘ဟေ့လူ…ခင်ဗျား…ရုရှားကဗျာတွေကလွဲပြီးတခြားကဗျာတွေအကြောင်းလည်းပြောအုံးဗျာ’ဟုနောက်လျှင် ….သူသည်မကျေမနပ်နှင့်…။
‘ခင်ဗျားတို့ကျနော့်ကိုဝိုင်းမြည်းကြတာပေါ့လေ’ဟုမကျေမနပ်နှင့်ပြောပြီး….ကွမ်းသီးဖက်၊ဖက်ဖြူလိပ်တိုအား မီးညှိ၍တွင်တွင်ဖွာနေတတ်၏။
                                                        (ဃ)
၁၉၉၇ ခုနှစ် …။
ရန်သူ့ထိုးစစ်ကြောင့်KNUဒူးပလာယာခရိုင်၏အခြေခံဒေသကြီးတခုလုံးကျဆုံးခဲ့ရ၏။KNLAတပ်မဟာ ၆ တပ်ရင်း၁၆တပ်ရင်းမှူးဗိုလ်မှူးသမူဟဲနှင့်တပ်ခွဲမှူးအချို့ရန်သူ့ထံ၌လက်နက်ချအညံ့ခံလိုက်ကြ၏။ တပ်မဟာ အထူးတပ်မှတပ်ခွဲမှူးဗိုလ်လေးဝါးသည်လည်းရန်သူနှင့်ပေါင်းလိုက်၏။KNLAတပ်ရင်း၁၆နှင့်ဗိုလ်လေးဝါး၏ တပ်ခွဲလှုပ်ရှားမှုဒေသက…KNUဒူးပလာယာခရိုင်၏ဝင်းယော်နှင့်ကြာအင်းဆိပ်ကြီးမြို့နယ်များအတွင်း၌ ဖြစ်သည်။ပြီးလျှင်…ဝင်းယော်မြို့နယ်ဥက္ကဋ္ဌမန်းတင်ငြိမ်းချမ်းနှင့်မန်းအောင်တင်မြင့်တို့DKBAနှင့် ပူးပေါင်းလိုက်ကြပြန်၏။မန်းအောင်တင်မြင့်ကKNUဒူးပလာယာခရိုင်၏ခရိုင်အလုပ်မှုဆောင် အဖွဲ့ဝင်တဦးဖြစ်ပြီးဝင်းယော်နှင့်ကြာအင်းမြို့နယ်အတွင်းစည်းရုံးရေး၊နိုင်ငံရေးအရသြဇာရှိခဲ့သည့်သူ ဖြစ်သည်။
လက်နက်ချအညံ့ခံမှုများကြောင့်ဝင်းယော်မြို့နယ်အတွင်းKNU၏အုပ်ချုပ်ရေး၊စည်းရုံးရေးအခြေအနေသည် လူထုအတွင်းယိမ်းယိုင်၍သွား၏။လူထုကဝေဝါး၍နေ၏။စစ်ရေးတွင်လည်းKNLAတပ်ရင်း၁၆မှစောသမူနှင့် မပါသွားသည့်ဗိုလ်တင်လှိုင်၏တပ်ခွဲ၅နှင့်ဗိုလ်ဒေါင်းညို၏တပ်ခွဲ၃နှစ်ခွဲသာကျန်ရှိ၏။တပ်ခွဲဟုသာဆိုရသည်။ အင်အားက၂ဝမျှပင်မပြည့်ချင်….။
မဟာမိတ်ဟူ၍က…ကျနော်တို့အဖွဲ့နှင့်လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့သာရှိ၏။ကျနော်တို့ အဖွဲ့များကလည်းစစ်ရေးအရပံ့ပိုးပေးနိုင်သည့်လက်နက်ကိုင်တပ်ဖွဲ့ဟူ၍မရှိ…။နိုင်ငံရေးအရ၊ စည်းရုံးရေးအရ၊ဝါဒဖြန့်ချိရေးအရသာဝင်းယော်မြို့နယ်KNUအုပ်ချုပ်ရေးအဖွဲ့အားပံ့ပိုးနိုင်၏။
ထိုအခြေအနေတွင်…သူနှင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တဖွဲ့လုံး…လက်နက်အင်အား၊ကျည်အင်အား အပြည့်အစုံနှင့်ဝင်းယော်ဒေသအတွင်းသို့ဆင်းလာ၏။ဗိုလ်တင်လှိုင်၊ဗိုလ်ဒေါင်းညိုတို့နှင့်တွဲပြီးစစ်ရေးအရ တိုက်ပွဲများဆင်နွှဲပြီး….အခြေခံဒေသအားပြန်တည်ဆောက်ကြ၏။လူထု၏ယုံကြည်မှုအား ပြန်တည်ဆောက်ကြ၏။
                                                            (င)
ချောင်းနှစ်ခွနှင့်မုဒုံကားလမ်းအပိုင်းတွင်စခန်းမှူးဒုရဲအုပ်ဦးစီးသည့်ကဒါရဲစခန်းရှိသည်။ရဲတပ်သားအင်အား ၁၅ဦးခန့်ရှိသည့်စခန်းဖြစ်သည်။ကဒါရဲစခန်းကနာမည်ဆိုးနှင့်ကျော်ကြား၏။ခရီးသည်များအား အစစ်အဆေးကြမ်း၏။အတောင်းအရမ်းဆိုး၏။ထိုင်းနိုင်ငံမှအလုပ်လုပ်ကိုင်ပြီး ပြန်ဆင်းလာသည့် ခရီးသည်များဟုယူဆရသူဟုထင်လျှင်….ကားပေါ်မှဆွဲချထား၏။ပြီးလျှင်…နင့်နင့်ပိုးပိုးရမှပြန်လွှတ်ပေး၏။ ပိုက်ဆံမပါလျှင်လည်း…ရွှေငွေ၊ပစ္စည်းများအားချွတ်၍ယူ၏။
ထိုင်းနိုင်ငံတွင်အလုပ်လုပ်ကိုင်ကြပြီးနေရပ်သို့ပြန်ကြသည့်သူများက…မိုးအခါတွင်စံခရဘူရီ၊ဘုရားသုံးဆူမှ ဇမိမြစ်ကြောင်းအတိုင်းချောင်းနှစ်ခွသို့စုန်ဆင်းပြီး…ချောင်းနှစ်ခွမှမုဒုံသို့မော်တော်ယာဉ်နှင့် တဆင့်ခရီးဆက်ကြရ၏။ဤတွင်….ကဒါရဲစခန်းသည်‘ကတွက်ပေါက်’မှစောင့်နေသည့်ဗျိုင်းပမာ…။
သို့နှင့်….လူထုသည်မခံနိုင်တော့…။ကဒါရဲစခန်းအားတိုက်ခိုက်ပါရန်တောင်လှန်ရေးတပ်သားတို့အား တောင်းဆိုလာကြ၏။ဤတွင်…ကဒါရဲစခန်းအားတိုက်ခိုက်ရန်သူ…စီမံတော့၏။
ပထမ…ကဒါရဲစခန်းနှင့်ပတ်သတ်သည့်သတင်းများအားစုံစမ်း၏။အဝင်အထွက်လှုပ်ရှားမှုအားလေ့လာ၏။ စစ်ကူလာနိုင်မည့်တပ်အခြေအနေအားအကဲဖြတ်၏။ပြီးလျှင်…စခန်းသိမ်းတိုက်ခိုက်မည့်တပ်ဖွဲ့အား ဖွဲ့စည်း၏။စခန်းသိမ်းတိုက်ခိုက်မည့်တပ်ဖွဲ့၏ဝင်လမ်းဆုတ်လမ်းအားရွေးချယ်၏။မိမိဘက်မှ စစ်ကူပေးနိုင်မည့်တပ်ဖွဲ့၏အင်အားနှင့်လှုပ်ရှားနယ်မြေအားသတ်မှတ်၏။အားလုံးပြီးပြည့်စုံသည်နှင့်…သူ၏ ကဒါရဲစခန်းသိမ်းပိုက်ရေးစစ်ဆင်ရေးအားစတင်သည်။
မိုးရေများအောက်၌သူ၏စစ်ကြောင်းခရီးထွက်သွား၏။ဇမိမြစ်ရေနှင့်ဝင်ယော်ချောင်းရေတို့က လျှံ၍နေသည်။လယ်ကွင်းများကရေပင်လယ်ကြီးအလား…။ရင်စို့မျှရှိသည့်ရေပြင်အားတရွေ့ရွေ့နှင့်ဖြတ်၍ ကဒါရဲစခန်းဆီသို့ချီကြရ၏။ကဒါရဲစခန်းအားသူ၏ဦးဆောင်မှုနှင့်သိမ်းပိုက်နိုင်ခဲ့သည်။
လက်နက်ငယ်မျိုးစုံ၊ကျည်မျိုးစုံအားသိမ်းပိုက်ပြီးသူတို့ပြန်ဆုတ်လာခဲ့ကြသည်။ကဒါရဲစခန်းမှ သိမ်းယူရရှိခဲ့သည့်လက်နက်ငယ်မျိုးစုံတွင်….ဒုတိယကမ္ဘာစစ်အတွင်းအသုံးပြုခဲ့သည့်‘ဘရင်းဂန်း’ကြီး တလက်လည်းပါ၏။
ကျနော်တို့က…‘ဘရင်းဂန်း’ကြီးအားကြည့်ပြီး ….
“ခင်ဗျား…ဗျာရဲတွေကိုအနိုင်ကျင့်ပြီး….စစ်သမိုင်းပြတိုက်မှာထားရမယ့်….ရှေ့ဟောင်းပစ္စည်းကြီးကိုမိုးထဲ၊ ရေထဲအလေးခံပြီးယူလာတယ်”ဟုသူ့အားဝိုင်းနောက်ကြ၏။သူကား…ကောက်ညှင်းနံ့သင်းသည့် ပေါင်းခံရည်အားကျိုက်ရင်း …
“ခင်ဗျားတို့နိုင်ငံရေးသမားတွေကပြောပေါ့…။အခုတော့…မြည်းစရာက…ဘရင်းဂန်းရယ်၊မောင်ငြိမ်းရယ် ရသွားပြီပေါ့…။”ဟုသူ့…နှုတ်ခမ်းမဲမဲထူထူကြီးအားလှုပ်၍ဗလုံးဗထွေးနှင့်ပြော၏။
ဝင်းယော်ချောင်းရေက…အတီးထော်ဒီ…၏တဲခြေရင်းအထိလျှံ၍တက်နေသည်။ဝင်းယော်ရေစီးအောက်၌ မိုးမခပင်တို့ကယိမ်း၍နေ၏။ခဏငယ်အတွင်းရေပြင်အောက်သို့မြုပ်သွားလိုက်…ခဏငယ်အတွင်း ရေပြင်ပေါ်သို့ပြန်၍ပေါ်လာလိုက်နှင့်….။သည်းနေသောမိုးကလျှပ်ပန်းလျှပ်နွယ်တို့နှင့်ဝင်းဝင်းပြက်ပြက်…။ လေအဝှေ့ကြောင့်အတီးထော်ဒီတဲအတွင်းသို့မိုးရေစက်တို့တိုးဝင်လာသည်။တဲကြမ်းပြင်တခုလုံး စိုစိုရွဲသွား၏။

ဝင်းယော်မှာမိုးတွေသည်းနေပြီ…ကိုငြိမ်း ….။



Geen opmerkingen: