ဖနိဒါ
ဗုဒ္ဓဟူးနေ့၊မေလ၁၂ရက်၂၀၁၀ခုနှစ်၁၈နာရီ၂၇မိနစ် .
ချင်းမိုင်(မဇ္ဈိမ)။ ။မြန်မာအာဏာပိုင်များနှင့် အမေရိကန်ကိုယ်စားလှယ်များ တိုက်ရိုက် တွေ့ဆုံ ညှိနှိုင်းမှုများ ကြံ့ကြာမှုရှိနေသည်မှာ စစ်အစိုးရ၏ လုပ်ရပ်များကို ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ်သောကြောင့် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ပြောသည်။
အိုဘားမားအစိုးရကယခင်နှစ်နှောင်းပိုင်းကချမှတ်သည့်ထိတွေ့ဆက်ဆံရေးမူဝါဒအသစ်အရမြန်မာနိုင်ငံသို့ မေလ၉ရက်နှင့်၁ဝရက်နေ့များတွင်သွားရောက်ခဲ့သောအရှေ့အာရှနှင့်ပစိဖိတ်ဒေသရေးရာအမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီးမစ္စတာကာတ့်ကမ့်ပ်ဘဲလ်(KurtCampbell)က မြန်မာအာဏာပိုင်များနှင့် တွေ့ဆုံခွင့်ရရန်ညှိနှိုင်းရာတွင်“ခက်ခဲမှုနှင့် ကြံ့ကြာမှု”ရှိကြောင်းထုတ်ဖော်ပြောဆိုခဲ့သည်ကို ဦးဥာဏ်ဝင်းက တုန့်ပြန်ခြင်းဖြစ်သည်။
“အချို့သောDelegatesများအနေဖြင့်မိမိတို့နှင့်တွေ့ဆုံဆွေးနွေးရာတွင်မြန်မာနိုင်ငံ၏ဆောင်ရွက် မှုများအပေါ်ပြစ်တင်ရှုတ်ချမှု၊ဝေဖန်ပုတ်ခတ်ပြောဆိုမှုများသာပြုလုပ်တတ်ကြကြောင်း၊ထိုကဲ့သို့ ထပ်တလဲလဲပြောလာသောဧည့်သည်ကိုလက်ခံရန်ဝန်လေးသည်မှာသဘာဝပင်ဖြစ်ကြောင်း၊ အပြုသဘောအမြင်ဖြင့်တွေ့ဆုံမည်ဆိုပါကအခက်အခဲမရှိနိုင်ကြောင်း”ဦးဥာဏ်ဝင်း၏ပြောစကားကို ကိုးကား၍ယနေ့ထုတ်စစ်အစိုးရသတင်းစာများတွင်ဖော်ပြသည်။
မစ္စတာကမ့်ပ်ဘဲလ်သည်ယခုလ၉ရက်တွင်ပြန်ကြားရေးဝန်ကြီးဦးကျော်ဆန်းဦးဆောင်သည့်နအဖ ပြောရေးဆိုခွင့်အာဏာပိုင်အဖွဲ့၊နိုင်ငံခြားရေးဝန်ကြီး၊သိပ္ပံနှင့်နည်းပညာဝန်ကြီး၊ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ၊အလုပ်သမားဝန်ကြီး၊ကြံ့ဖွံ့အသင်းအထွေထွေအတွင်းရေးမှူးတို့နှင့်နေပြည်တော်၌တွေ့ဆုံပြီး ရွေးကောက်ပွဲဆိုင်ရာများကိုဆွေးနွေးမေးမြန်းမှုများပြုလုပ်ခဲ့သည်။
ဝန်ကြီးဦးဥာဏ်ဝင်းက“အချို့သော Delegatesများ”ဟုသာဆိုပြီးမည်သူဖြစ်သည်ကိုအတိအကျ မပြောသော်လည်း အမေရိကန်သံတမန်ကြီးကိုပင် ရည်ညွှန်းနေသလိုဖြစ်သည်။
မစ္စတာကမ့်ပ်ဘဲလ်က ထိတွေ့ဆက်ဆံရေး လုပ်ငန်းစဉ် အောင်မြင်ရေးအား သံသယဖြစ်လာနေခြင်းကို ဧပြီ ၁၄ရက်နေ့ကဝါရှင်တန်ရှိ”မဟာဗျူဟာမြောက်နိုင်ငံတကာလေ့လာရေးသုတေသနဌာန”နှင့် တွေ့ဆုံမေးမြန်းခန်းတွင်ပြောထားသည်။
”တချို့နောက်ဆက်တွဲသတင်းစကားတွေပေးနိုင်လိမ့်မယ်လို့ကျနော်တို့ကထင်ထားပေမယ့်တစုံလုံးကိုခြုံကြည့်ရင် လုပ်ငန်းစဉ်ရှေ့ကိုဆက်သွားနေဖို့ဆိုတာ(မြန်မာ့)ခေါင်းဆောင်ပိုင်းကလည်းရွှေ့လျားမှုတချို့ လုပ်တာလိုနေတယ်”ဟုမစ္စတာကမ့်ပ်ဘဲလ်ကပြောခဲ့သည်။
မြန်မာ့နိုင်ငံရေးအကျပ်အတည်းကိုဖြေရှင်းရာတွင်ပါဝင်သင့်သူများအားလုံးတွေ့ဆုံဆွေးနွေးရန် နိုင်ငံတကာကတိုက်တွန်းနေသော်လည်းစစ်အစိုးရကတဘက်သတ်ဆုံးဖြတ်၍ရွေးကောက်ပွဲကျင်းပရန် စီစဉ်နေသဖြင့်ရွေးကောက်ပွဲရလဒ်အားနိုင်ငံတကာကအသိမှတ်ပြုမည်ဟုမဟုတ်ကြောင်းခရီးစဉ်အပြီး အမေရိကန်ကိုယ်စားလှယ်ကသတိပေးလိုက်သည်။
နအဖပြောခွင့်ရအဖွဲ့ခေါင်းဆောင်ဦးကျော်ဆန်းကအန်အယ်ဒီပါတီက“အခြေခံဥပဒေကိုညှိနှိုင်းပြင်ဆင်ခွင့်” တောင်းဆိုနေခြင်းမှာမဖြစ်နိုင်ကြောင်းပြောဆိုလိုက်ပြီး၊ရွေးကောက်ပွဲဥပဒေများကိုထုတ်ပြန်ပြီးဖြစ်သဖြင့် နိုင်ငံရေးပါတီ၃၆ခုတည်ထောင်ခွင့်လျှောက်ထားကြရာတွင်တိုင်းရင်းသားများလည်းပါဝင်သဖြင့်၂ဝ၁ဝ ရွေးကောက်ပွဲသည်တရားဝင်ကြောင်းဆင်ခြေပေးထားသည်။
ပြည်တွင်း-ပြည်ပအတိုက်အခံများက၂ဝဝ၈ခုဖွဲ့စည်းပုံတွင်ပါဝင်နေသောစစ်သားအမတ်များကို တပ်မတော်ဦးစီးချုပ်မှတိုက်ရိုက်ခန့်မည့်ကိစ္စ၊ဖွဲ့စည်းပုံပြင်ဆင်ရန်ခက်ခဲစေမည့်မဲခွဲစနစ်များကို ထည့်သွင်းထားခြင်းစသည့်အချက်များကိုထောက်ပြဝေဖန်နေကြသည်။
မစ္စတာ ကမ့်ပ်ဘဲလ်က အမေရိကန်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့် ဆက်သွယ် ညှိနိုင်းဆောင်ရွက်ရာတွင် နှစ်နိုင်ငံ သံအရာရှိများမှတဆင့် ဆောင်ရွက်လိုကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်ဟု သတင်းစာတွင် ပါရှိသည်။
ဦးဥာဏ်ဝင်းကမူမြန်မာအနေဖြင့်ဝန်ကြီးဌာနများကကိုင်တွယ်စိစစ်ပြီးမှသံရုံးကတဆင့် အကြောင်းပြန်လိုကြောင်းတုံ့ပြန်လိုက်သည်။
အမေရိကန်ကိုယ်စားလှယ်ကစိတ်ဝင်စားမှုတခုဖြစ်သောမည်သည့်နေ့ရက်တွင်ရွေးကောက်ပွဲလုပ်မည်ကို မြန်မာဘက်ကတိတိကျကျပြောဆိုခြင်းမရှိသလိုရွေးကောက်ပွဲတွင်နိုင်ငံတကာလေ့လာရေးအဖွဲ့များကို လာရောက်ခွင့်မပြုကြောင်းလည်း တုံ့ပြန်ပြောဆိုလိုက်သည်။
ထို့အပြင်အမေရိကန်၏စီးပွားရေးပိတ်ဆို့မှု၊ဗီဇာကန့်သတ်မှုနှင့်ဖိအားပေးမှုများကြောင့် အားနည်းခဲ့ခြင်းဖြစ်သည်ဟုမြန်မာဘက်ကအပြစ်ဖို့ပြောဆိုခဲ့သည်။
(ကိုဝိုင်းတည်းဖြတ်သည်)
Geen opmerkingen:
Een reactie posten