မျိုးဝင်းဇော်/ ၄ မေ ၂ဝ၁ဝ
တဦးချင်း ခရီးသွားလေ့ရှိသည့် ကမ္ဘာလှည့်ခရီးသည်များအနေဖြင့် မြန်မာနိုင်ငံ မင်္ဂလာဒုံလေဆိပ်ကို ရောက်သည့်အခါ မိမိတည်းခိုမည့်နေရာကို အတိအကျ စာရင်းပေးနိုင်ပါက ဆိုက်ရောက်ဗီဇာ ထုတ်ပေးမည်ဖြစ်ကြောင်း လေဆိပ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ ထုတ်ပြန်ချက်ကို ကိုးကားပြီး ခရီးသွားလုပ်ငန်း မန်နေဂျာတဦးက ပြောသည်။
၎င်းက“ဒီ မေလဆန်း (၁)ရက်နေ့ကစပြီး လေဆိပ်မှာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးတဲ့ အစီအစဉ် စတယ်။ အဓိက လိုအပ်ချက်တွေကတော့ အစိုးရရဲ့BlackListစာရင်းဝင်တွေ မဖြစ်စေရဘူး။ နောက် တည်းခိုမယ့်နေရာ အတိအကျ၊ ဟိုတယ်ဆို ဟိုတယ်၊ မိသားစု နေအိမ်ဆို နေအိမ်လိပ်စာ အတိအကျ ဖော်ပြနိုင်ရမယ်။ ဒီ စည်းကမ်းချက်နဲ့အညီ ခရီးသည်တချို့ ဆိုက်ရောက်ဗီဇာ ရပြီးပြီ။ ခုဆို ကျမတို့က တဦးချင်းလာမယ့် ကမ္ဘာလှည့်ခရီးသည်တွေကို ဟိုတယ် ဘွတ်ကင်လုပ်တဲ့ ဝန်ဆောင်မှု ပေးနေရပြီ” ဟု ပြောသည်။
ယခုကဲ့သို့ ဆိုက်ရောက်ဗီဇာ ထုတ်မပေးခင်က စစ်အစိုးရသည် ပြည်တွင်း ခရီးသွားကုမ္ပဏီများက စီစဉ်၊ အာမခံသည့် အုပ်စုလိုက်လာသည့် ခရီးသည်များကိုသာ ဆိုက်ရောက်ဗီဇာ ထုတ်ပေးသည်။
အဆိုပါ ခရီးသည်အုပ်စုနှင့် ပါဝင်လာသူများအနေဖြင့် သတင်းထောက်များ၊ မြန်မာနိုင်ငံရေးနှင့် ပတ်သက်သူများ မဖြစ်စေရကြောင်း၊ ပြည်တွင်းတွင် နိုင်ငံရေး မငြိမ်သက်မှု ဖြစ်ပါကလည်း ဝင်ပါသူများ မဖြစ်စေရကြောင်းကို ခရီးသွား အေဂျင်စီများက အာမခံရကြောင်း သိရသည်။
တဦးချင်း လာရောက်လည်ပတ်မည့် သူများမှာမူ အိမ်နီးချင်း ထိုင်း၊ စင်ကာပူ၊ မလေးရှားနှင့် ကမ္ဘာတဝန်းရှိ မြန်မာသံရုံးတို့တွင် ကိုယ်တိုင် ဗီဇာသွားရောက် လျှောက်ထားခွင့်ရှိသည်။
ယခုကဲ့သို့ တဦးချင်း ခရီးသည်များကို စည်းကမ်း ကန့်သတ်ချက်များဖြင့် ဆိုက်ရောက်ဗီဇာ ခွင့်ပြုပေးလိုက်သဖြင့် ယခင်ကထက် ခရီးသည်များ ပိုမိုလာနိုင်မည်ဟု ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက မျှော်လင့်နေကြသည်။
ဟိုတယ်လုပ်ငန်းရှင်တဦးက “တကယ်တော့ ဒီလိုလုပ်သင့်တာ ကြာလှပြီ။ ခုလည်း စည်းကမ်းချက်တွေက များနေသေးတယ်။ နောက်တခု ခရီးသွားရာသီက နိုဝင်ဘာကနေ မေလကုန်အထိဆိုတော့ နောက်တောင် နောက်ကျနေပြီ။ ဘာပြောပြော ပိတ်ထားတာနဲ့ စာရင်တော့ နည်းနည်း ပိုကောင်းလာတယ်လို့ ပြောနိုင်တယ်။ နောက်ပြီး အစိုးရအနေနဲ့ဒါကိုခုတမျိုးတော်ကြာတမျိုးလုပ်ဖို့တော့မသင့်ဘူး”ဟု ပြောသည်။
လက်ရှိ စည်းကမ်းချက်များအရ ဆိုက်ရောက်ဗီဇာ လျှောက်မည့်သူများသည်BlackListမဖြစ်စေရ၊ တည်းခိုမည့် နေရာ အတိအကျ ဖော်ပြနိုင်ရမည်၊ အပြန်လက်မှတ်ပါ တပါတည်း ဝယ်ယူထားသူ ဖြစ်ရမည်။ တဦးချင်းဆိုပါကအနည်းဆုံးဒေါ်လာ(၃ဝ)နှင့်မိသားစုဆိုပါက အနည်းဆုံး ဒေါ်လာ (၆ဝဝ) ပြနိုင်ရမည်ဖြစ်ပြီး ကန့်သတ်နယ်မြေများကို မသွားဘူးဆိုသည်ကို ခံဝန်လက်မှတ် ရေးထိုးရမည် စသည့်အချက်များ ပါဝင်သည်။
အလည်အပတ်ဆိုက်ရောက်ဗီဇာကြေးမှာတဦးလျှင်ဒေါ်လာ(၃ဝ)၊(၂၈)ရက်နေထိုင်ခွင့်ရမည်ဖြစ်ပြီး လုပ်ငန်းဗီဇာဆိုပါက ဒေါ်လာ (၄ဝ) ကောက်ခံမည်ဖြစ်ပြီး ရက်ပေါင်း (၇ဝ) နေထိုင်ခွင့်ရမည်ဖြစ်သည်။
အိမ်နီးချင်းထိုင်း၊ကမ္ဘောဒီးယား၊လာအိုနိုင်ငံတို့တွင်နှစ်စဉ်ကမ္ဘာလှည့်ခရီးသည် သန်းပေါင်းများစွာ လာရောက်လည်ပတ်နေချိန်၌ မြန်မာနိုင်ငံတွင်မူ နှစ်စဉ် (၂)သိန်းအောက်သာ ရှိကြောင်း၊ ၂ဝဝ၆-၂ဝဝ၇ ခုနှစ်ရန်ကုန်လေဆိပ်မှခရီးသွား(၁)သိန်း(၉)သောင်းကျော်လာရောက်လည်ပတ်ခဲ့ပြီး သံဃာ့အရေးအခင်းဖြစ်သည့်၂ဝဝ၇-၂ဝဝ၈ ခုနှစ်တွင်မူ(၁)သိန်း(၃)သောင်းကျော်အထိ ကျဆင်းသွားကြောင်း သိရသည်။
နာဂစ်မုန်တိုင်းဖြစ်ပွားခဲ့သည့်၂ဝဝ၈-၂ဝဝ၉ ခုနှစ်တွင်စစ်အစိုးရ၏ဗီဇာပိတ်ဆို့မှုကြောင့် လာရောက်လည်ပတ်သူ(၁)သိန်း ဝန်းကျင်သာရှိပြီးယခု၂ဝဝ၉-၂ဝ၁ဝခုနှစ်တွင်မူ လေကြောင်းမှလာသည့် ခရီးသည်(၂)သိန်း ပတ်ဝန်းကျင် ရှိနိုင်မည်ဟု ခရီးသွားအေဂျင်စီများက ခန့်မှန်းကြသည်။
Geen opmerkingen:
Een reactie posten