ဧရာဝတီ Tuesday, May 04, 2010
.ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်နာဂစ်ဒဏ်သင့်လပွတ္တာမြို့သုံးမိုင်မြို့သစ်စီမံကိန်းတိုးချဲ့ရန်အနီးရှိ ကျောက်ချောင်းကျေးရွာကိုအာဏာပိုင်များကပြောင်းရွှေ့ခိုင်းနေသည့်အတွက်အခက်အခဲ ဖြစ်နေကြကြောင်း ဒေသခံများက ပြောသည်။
“မြို့သစ်တည်မယ့်နေရာကလယ်ပိုင်ရှင်တွေပဲအရင်ကဖယ်ပေးလိုက်ရတာ၊ကျမတို့ရွာကကပ်ပြီးလွတ်သွားတယ်၊ အခုဖယ်ပေးရမယ်လာပြောနေတယ်၊ချက်ချင်းတော့မဟုတ်ဘူးတဲ့”ဟုကျောက်ချောင်းကျေးရွာရှိ အမျိုးသမီးတဦးက ဆိုသည်။
အဆိုပါကျောက်ချောင်းကျေးရွာသည်သုံးမိုင်မြို့သစ်နှင့်ကပ်လျက်ရန်ကုန်-လပွတ္တာကားလမ်းမကြီး ဘေးတဖက်တွင်ရှိပြီး အိမ်ခြေ ၅၀ ကျော်ရှိသည်ဟုလည်း သူ က ပြောသည်။
ကျောက်ချောင်းရွာသားဦးလူမော်ကလည်း“တရွာလုံးပြောင်းပေးရမယ်တဲ့၊သုံးမိုင်မှာ နေရာပြန်ပေးမယ်ပြောတာပဲ၊ သူတို့က ပြောင်းဆို ပြောင်းပေးရမှာပေါ့၊ နေဖို့ ပြန်ပေးမှတော့ဖြစ်မှာ”ဟု ပြောသည်။
ယင်း သုံးမိုင်မြို့သစ်တည်ရာ လယ်ကွက်များ၏ အောက်ခြေရှိကျောက်သားများကို မြေကွက်ဝယ်ယူသူများ ကတူးဖော်ရောင်းချ ကြကြောင်း၊ထိုသို့ရောင်းချရာတွင် မြေကွက်တကွက်စာ ငွေကြေးပြန်လည်ရရှိကြောင်း၊ ကျောက်ချောင်းရွာမြေသည်လည်းအောက်ဘက်တွင်ကျောက်သားများရှိကြောင်း၊ထို့ကြောင့် ပြောင်းခိုင်းခြင်းဖြစ်နိုင်ကြောင်း မြေကွက်ဝယ်ယူထားသူ တဦးက ဆို သည်။
“ကျောက်ချောင်းကတော့ မြို့သစ်စီမံကိန်းနဲ့ လွတ်ပါတယ်၊ အဲဒီမြေကွက်တွေက လယ်လုပ်လို့ အဆင်မပြေပေမယ့် တန်ဖိုးရှိတော့ ပြောင်းခိုင်းတာဖြစ်မယ်၊ သိထားတာကတော့ ဒီမြို့သစ်စီမံကိန်းပြီးမှ ဖယ်ခိုင်းမယ်ကြားတယ်”ဟု ၎င်းက ပြောသည်။
အဆိုပါသုံးမိုင်မြို့သစ်သည်ပင်လယ်ရေမျက်နှာပြင်အထက်ပေ၂၀ကျော်မြင့်ပြီးပင်လယ်နှင့်လည်း လပွတ္တာထက်သုံးမိုင်ဝေးသောကုန်းမြင့်နေရာတွင်တည်ရှိသောကြောင့်သဘာဝဘေးအန္တရာယ်ကျရောက်လျှင်လုံခြုံမှုရှိပြီး ခေတ်မီသောမြို့သစ် တခုဖြစ်ရန် တည်ဆောက်နေသောကြောင့် သုံးမိုင်နှင့်အနီးဝန်းကျင်ရှိကျေးရွာငယ်များကိုရွေ့ပြောင်းခိုင်းနေခြင်းဖြစ်ကြောင်း သုံးမိုင်မြို့သစ် စီမံကိန်းမှ ဆောက်လုပ်ရေးလုပ်ငန်းရှင် တဦးက ဆိုသည်။
ယင်းသုံးမိုင်မြို့သစ်တွင် သဘောင်္ကြီးများရပ်နားနိုင်သော ဆိပ်ခံတံတား၊ အအေးခန်းသိုလှောင်ရုံနှင့် ရေခဲစက်တည်ဆောက်ရေးလုပ်ငန်းများကြောင့်အနီးပတ်ဝန်းကျင်ရှိကျောက်မော်နှင့် ကျောက်ဖြူကျေးရွာများသည်လည်း၂၀၀၉ ခုနှစ်အတွင်းက ပြောင်းရွှေ့ပေးခဲ့ရကြောင်း ၎င်းကပြောဆိုသည်။
ကျောက်မော်ကျေးရွာသည်အိမ်ခြေဆယ်ဂဏန်းဝန်းကျင်သာရှိပြီးအကုန်ပြောင်းရွေ့ရကြောင်း၊ ကျောက်ဖြူကျေးရွာမှာအိမ်ခြေ၆၀၀ကျော်ရှိပြီးထက်ဝက်နီးပါးပြောင်းရွှေ့ပေးခဲ့ရကြောင်း ကျောက်ဖြူကျေးရွာတွင် နေထိုင်သူတဦးက ဆိုသည်။
“မြို့သစ်တည်ဖို့လယ်ပိုင်ရှင်တော်တော်များများကအသိမ်းခံလိုက်ရတာ၊တချို့တလေပဲ ပိုက်ဆံနည်းနည်းရတာ၊လယ်သိမ်းခံရတဲ့သူတွေဒုက္ခတွေရောက်ကုန်တာပေါ့”ဟုကျောက်ဖြူကျေးရွာတွင် နေထိုင်သူတဦးက ပြောသည်။
သုံးမိုင်မြို့သစ်တည်ဆောက်ခြင်းကြောင့်လယ်ဧကပေါင်းများစွာပိုင်ဆိုင်သောလယ်ပိုင်ရှင်များသည် ပိုင်ဆိုင်မှုအထောက်အထားမပြနိင်ခြင်းကြောင့်လယ်မြေများအသိမ်းခံခဲ့ရကြောင်းလယ်ပိုင်ရှင်တဦးက ဆိုသည်။
“ကျူပ်တို့ဘိုးဘွားတွေလက်ထပ်ကတည်းကဘာစာချုပ်စာတမ်းမှမရှိခဲ့ဘူး၊မိသားစုစာရင်းတွေဘာတွေလဲ နားမလည်တော့ကျုပ်ဧကပေါင်း၂၀လောက်ပိုက်ဆံတပြားမှမရဘူး၊ဖယ်ပေးလိုက်ရတယ်”ဟု၎င်းက ပြောသည်။
အဆိုပါ သုံးမိုင်မြို့သစ်စီမံကိန်းတွင် ကျပ်သိန်း၂၀တန် ပေ၁၀၀ပတ်လည်မြေကွက် ၁၂၀ကွက်၊ ကျပ် ၁၅သိန်းတန် ပေ ၈၀ ပတ်လည် မြေကွက် ၃၀ ၊ ကျပ် ၁၀ သိန်းတန် ပေ ၈၀ x ပေ ၆၀မြေကွက် ၁၁၃ ကွက်၊ ကျပ်ငါးသိန်းတန် ပေ ၄၀ x ပေ ၆၀ မြေ ကွက် ၃၄၄ ကွက်နှင့် ကျပ် သိန်း ၁၆၀ တန် ပေ ၄၀၀ x ပေ၂၀၀ အအေးခန်း စက်ရုံ မြေကွက် ကိုးကွက်အပြင် ခရိုင်အဆင့် အစိုးရရုံးများ၊ ဆက်သွယ်ရေးစခန်း၊ ခုတင် ၂၀၀ ဆံ့ဆေးရုံ၊ စာသင်ကျောင်း များ တည်ဆောက်လျက်ရှိပြီး အစိုးရရုံးများ ထပ်မံ တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၀၈ ခုနှစ် မေလ၂ရက်နှင့် ၃ ရက်နေ့များတွင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် လပွတ္တာမြို့အပါအ၀င် ဧရာဝတီ တိုင်း အတွင်းရှိလူဦးရေ၇သန်းရှိသည့်အနက်လူဦးရေ ၂.၄ သန်း ထိခိုက်နစ်နာခဲ့ရပြီး ယင်းမုန်တိုင်းကြောင့် လူဦးရေ ၁၄၀၀၀၀ ခန့် သေကြေပျောက်ဆုံးခဲ့ရသည်။ လူ ၈ သိန်းခန့်မှာ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ကာ အိမ်ပေါင်း ၄၅၀၀၀၀ ခန့်ပျက်စီးခဲ့သည် ဟု စာရင်း ဇယားများတွင် ဖော်ပြထားသည်။
အဆိုပါ မုန်တိုင်းကြောင့် အသက်မသေဘဲ အိုးမဲ့အိမ်မဲ့ဘ၀ ရောက်ခဲ့သူများသည် အချိန် ၂ နှစ်ခန့် ကြာမြင့် လာခဲ့သော်လည်း စားဝတ်နေရေး အခက်အခဲကြုံနေကြဆဲ ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။
Geen opmerkingen:
Een reactie posten