မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊မေလ၀၄ရက်၂၀၁၀ခုနှစ်၁၃နာရီ၄၆မိနစ် .
လူပေါင်း၁သိန်း၎သောင်းနီးပါးသေဆုံးခဲ့ရသောကြေကွဲဖွယ်ရာ နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခဲ့သော ၂ နှစ်မြောက်အခါသမယတွင်ဒေးဒရဲမြို့သို့လှည့်လည်ခဲ့သောမဇ္ဈိမသတင်းထောက်က တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့သည်။
မခင်ချိုမာလွင်၊အသက်၂၅နှစ်၊ဒေးဒရဲမြို့နယ်စွယ်တော်ကုန်းကျေးရွာ
"အကိုရဲ့ သားတယောက် အသက် ၁ဝ နှစ် ၊ သမီးတယောက် အသက် ၂ နှစ် ဆုံးတယ်၊ အသက် ၈၀ကျော် အဖွါး တယောက် ဆုံးတယ် ၊ သူတို့တွေကို ရည်စူးပြီးတော့ မနှစ်ကတော့ မုန့်ဟင်းခါးအလှူ ကျွေးပြီးတော့ ဘုန်းကြီးတွေပင့်ပြီး တရားနာ ပြုလုပ်ပါတယ်။ ဒါပေမယ့် ဒီနှစ်ကျတော့ ဘုန်းကြီးကျောင်းကိုပဲ ဆွမ်းတပွဲလှူလိုက်ပါတယ်၊ ကျွန်မတို့ မိသားစုလည်း ဘောက်လုပ်တာဆိုတော့ အခြေအမြစ်ရှိတဲ့ငွေရတဲ့ လုပ်ငန်း မရှိဘူးလေ၊ နာဂစ်ကတော့ ဘယ်အချိန်ရောက်ရောက် အတိတ်ဆိုးကြီး ဖြစ်နေအုံးမှာပါ”
မသီစန်း၊အသက်၃၇နှစ်၊ဒေးဒရဲမြို့နယ်သကြားဟင်းအိုးကျေးရွာ
"မုန်တိုင်းမတိုက်ခင်က ကျမတို့က ဟာလာဆန်စက်လုပ်ငန်း လုပ်ပါတယ်။ကျမက အပ်ချုပ်စက် ၃ လုံး နှင့် တပည့်တွေ ခေါ်ပြီးတော့ အဝတ်ချုပ်ပါတယ်၊ အိမ်မှာလည်း ဆိုင်ဖွင့်ထားပါတယ်။ မုန်တိုင်းတိုက်တဲ့ညက လေတိုက်တာကိုတော့ မပြောပြတတ်တော့ပါဘူး၊ ရေတွေကလည်း တက်လာတော့ အိမ်အမိုးတွေက မရှိတော့၊ရေတွေ နဲ့မျော ပါသွားပြီ ၊ လှိုင်း တွေကရိုက်တော့ အုန်းပင်ကိုပဲ ဖက်ထားကြတာ ၊ လှိုင်းတလုံး ပုတ်လိုက်တော့ ခလေးက လွင့်ထွက်သွားတယ်။ မနက်လင်းမှ အလောင်းတွေ့ရတော့တယ်။ အခုတော့ သူများဆီက ငွေလေး ချေးငှားပြီးတော့ အကြော်စုံ ရောင်းနေပါတယ်”
ဦးတင်ဆန်း၊အသက်၅၃နှစ်၊ဒေးဒရဲမြို့နယ်ဖိုးချမ်းကြီးကျေးရွာ
"နာဂစ်တိုက်တော့ဦးလေးကပင်လယ်မှာငါးဖမ်းနေတာ။အဲဒါနဲ့မုန်တိုင်းသတင်းကြောင့် ပြန်ပြေးလာရတာပေါ့ ။ ကံကောင်းလို့ အသက် မသေပေမယ့် အိမ်ပြန်ရောက်တော့ ဘာမှ မတွေ့တော့ဘူး၊ မိသားစုတွေလည်း အရူးတပိုင်း ဖြစ်ရတာပေါ့၊ ဦးလေးက အိမ်ထောင်ဦးစီးဆိုတော့ အိမ်ရဲ့စီးပွါးရေးကို ပြန်ပြီး ဘယ်လို လုပ်မလဲဆိုတာကိုပဲ တွေးတော့တာပေါ့။ မနှစ်ကတော့ နဲနဲရသေးတယ်။ဦးလေးကလည်း ငါးပဲရှာတတ်တာလေ။ ဒီနှစ်ကတော့ နည်း တယ် ၊ ရှာရဖွေရ ခက်တယ် ၊ ငါးတွေလည်း ဘယ်ရောက်နေလဲ မသိဘူး၊ အရင်းအနှီးက နာဂစ်မှာ ကျန်ခဲ့တဲ့ရွှေလေးငွေလေးကို ပြန်ပြီး ထုခွဲရောင်းချပြီး လိုတာလေးကို အတိုးနှင့်ချေးငှားလုပ်ရတာအရင်ကငါးရှာတဲ့လှေ၊စက်၊ပိုက်တန်ဖိုး၁၅သိန်းလောက်ရင်းရတယ်၊အခုတော့ လုံးလယ် လိုက်နေတာပဲ”
ဒေါ်တင်ဦး၊ဒေးဒရဲမြို့နယ်၊သကြားဟင်းအိုးကျေးရွာ
"နာဂစ်ကိုတော့ပြန်မပြောချင်ဘူး၊နောက်ကြောင်းမပြန်ချင်ဘူး၊အဲဒီညကအိမ်ကပြိုပြီဆိုတော့အိမ်ရှေ့ပိုင်းမှာ ချည်ထားတဲ့လှေက ကျန်နေတော့ ကလေးတွေကို လှေပေါ်မှာတင်ပြီးတော့ ဖော့နေကြတာ ၊ လှိုင်းက ပုတ်လိုက်တော့ ကလေးတွေ ပြုတ်ကျကုန်တယ်၊ ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ်။ ကလေးရော
လူကြီးတွေဘယာတွေဖြစ်ကုန်မှန်းလည်းမသိတော့ဘူး။ကိုယ့်အသက်ကိုလုပေါ့လေ၊နောက်တော့မှ ကလေးကမြေးလေးအသက်၈နှစ်တယောက်၊၃နှစ်တယောက်။၂ နှစ်တယောက်နှင့်အမ တ ယောက်အန်တီမှာ ဆုံးရှုံးခဲ့ရပါတယ်။ ”
ဦးထွန်းရွှေ၊အသက်၇၄နှစ်၊ဒေးဒရဲမြို့နယ်ရွေမကျီးကန်ကျေးရွာ
"ဘာ့ကြောင့်ဘဘကမသေဘဲကျန်နေရတာလဲမသိဘူး၊အမှန်ဆိုဘဘကသေရမှာပါ၊အသက်ကလည်းကြီးပြီလေ ၊ နာဂစ်မှာဘဘရဲ့သား၂ယောက်သေသွားပါတယ်၊ချွေးမတယောက်သေသွားပါတယ်၊အခုတော့သားရော ချွေးမပါသေသွားတော့ကျန်ခဲ့တဲ့မြေးယောင်္ကျားလေးအသက်၁၂နှစ်လေးနှင့်အတူတူနေပါတယ်၊ မြေးလေးကပဲငါးရှာကျွေး၊ဘောက်လုပ်ကျွေးတာပေါ့လေ၊
ဒီနေ့မှာ နာဂစ် ဆိုတဲ့မုန်တိုင်း တိုက်တာ ၂ နှစ် ပြည့် တာပေါ့၊ ဘဘ သားတွေကို ရော ချွေးမကိုပါ သတိရနေတယ်၊”
Geen opmerkingen:
Een reactie posten