ရဲရင့်/ ၃ မေ ၂ဝ၁ဝ
ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ထိုင်းနယ်စပ်အနီးရှိ ဝေါ်လေဒေသတွင် အခြေစိုက်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအန်အယ်လ်အေ) တပ်ရင်း (၂၀၁) လှုပ်ရှားဒေသကို မကြာမီအချိန်အတွင်း နအဖတပ်များ ထပ်မံထိုးစစ်ဆင်ရန် စစ်ရေးပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု ကရင်တပ်မှူးတဦးက ပြောသည်။
တပ်ရင်း(၂၀၁)မှတပ်ရင်းအရာခံဗိုလ်ဗိုလ်ကြီးစောထိခုက“မနေ့တနေ့က ကျနော်တို့တပ်ရင်းနဲ့ နအဖတပ် ခမရ (၄၀၅)တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့တယ်။ အဲဒါ သူတို့က ပြောက်ကျားလှုပ်ရှားတဲ့ ကျနော်တို့တပ်ရင်းကို ထပ်တိုက်ဖို့ပြင်ဆင်မှုတွေလုပ်နေတယ်၊မကြာခင်မှာတိုက်ပွဲတွေပြန်ဖြစ်ဖို့ရှိတယ်”ဟုခေတ်ပြိုင်သို့ ပြောသည်။
ခမရ(၄၀၅)အပါအ၀င်နအဖတပ်များ၏ထိုးစစ်ကိုပြန်လည်ထိုးစစ်ဆင်နိုင်ရန်အတွက် မိမိတို့တပ်များကိုလည်း တပ်လှန့်ထားသည်ဟု ဗိုလ်ကြီးစောထိခုက ပြောသည်။
ပြီးခဲ့သည့် စနေနေ့က ဝေါ်လေဒေသရှိ ကနဲလေးရွာနှင့် မော်ဖိုးကလိုးရွာ အကြားတွင် ကေအန်အယ်လ်အေ တပ်ရင်း (၂၀၁)နှင့် နအဖတပ် ခမရ (၄၀၅)တို့ ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ ခမရ (၄၀၅) ဘက်မှ (၁) ဦးကျဆုံးပြီး အချို့ဒဏ်ရာရရှိကာ ကေအန်အယ်လ်အေတပ်ရင်း (၂၀၁) ဘက်မှ အရာခံဗိုလ် (၁) ဦး ကျဆုံးခဲ့သည်။
ဒီကေဘီအေ တပ်မဟာ(၅)မှ အရာရှိတဦးက“နအဖကတပ်တွေတိုးချထားတယ်။ဒီခွင်မှာက ကေအန်အယ်လ်အေတပ်တွေအပြင်နအဖရဲ့နယ်ခြားစောင့်တပ် အသွင်ပြောင်းတာကိုလက်မခံတဲ့ ဒီကေဘီအေကတပ်တချို့ရှိတယ်။အဲဒီတပ်တွေကလည်းနအဖကိုရင်ဆိုင်ဖို့စစ်ရေးပြင်တာတွေရှိတယ်။ ဒီခွင်မှာကအချိန်မရွေး စစ်ဖြစ်မယ့်အနေအထားရှိတယ်” ဟုပြောသည်။
ဒေသတွင်း စစ်ရေးတင်းမာမှုများကြောင့် ဒေသခံရွာသား (၃၀၀) ကျော်သည် မကြာသေးမီရက်ပိုင်းမှ စတင်ကာ ထိုင်းဘက်ခြမ်းသို့ တိမ်းရှောင်လာကြကြောင်း၊ စစ်ပွဲများ ပြင်းထန်လာပါက အနည်းဆုံးဒုက္ခသည် (၁)သောင်းခန့်ထိုင်းဘက်သို့ရောက်လာနိုင်ကြောင်းထိုင်း-မြန်မာနယ်စပ်အခြေစိုက် လူသားချင်းစာနာထောက်ထား အကူအညီပေးသည့် အဖွဲ့များက ပြောသည်။
အဆိုပါ ဝေါ်လေဒေသတွင် ကေအန်အယ်လ်အေ၊ ဒီကေဘီအေနှင့် နအဖကွပ်ကဲရေးဌာနချုပ် စကခ (၈) လက်အောက်ခံ ခမရတပ်များ အခြေချလှုပ်ရှားကြသည်။
Geen opmerkingen:
Een reactie posten