ကျော်ခ
အင်္ဂါနေ့၊ မေလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၄၉ မိနစ် .
ချင်းမိုင် (မဇ္ဈိမ)။ ။နာဂစ်မုန်တိုင်း၂ နှစ်ပြည့်ပြီဖြစ်သော်လည်း မြစ်ဝကျွန်းပေါ်ဒေသခံ ၁ သိန်း ၈ သောင်းခန့် သည် သောက်သုံးရေ ရှားပါးမှု ကြုံနေရကြောင်း ရန်ကုန်မြို့ ကုလသမဂ္ဂရုံးမှ သိရသည်။
ယင်းလူဦးရေသည်လပွတ္တာ၊ဘိုကလေး၊မော်လမြိုင်ကျွန်းစသည့်မြို့နယ်၃ခုမှဖြစ်ပြီး ခြောက်သွေ့ရာသီကြောင့်ရေရှားပါးမှုသာမကရေရရှိနိုင်မည့်နည်းလမ်းများလည်းမရှိကြောင်းကုလသမဂ္ဂရုံး ပြန်ကြားရေးတာဝန်ခံ ဦးအေးဝင်း က မဇ္ဈိမကို ပြောသည်။
သို့သော်လည်း ယမန်နှစ်ထက် ထက်ဝက်ခန့်လျော့ကျသွားခြင်းဖြစ်ပြီး ၂ဝဝ၉ ခု နှစ် မတ် နှင့်မေလအတွင်း ယင်းမြို့နယ် ၃ ခုတွင် လူဦးရေ ၃ သိန်း ၅ သောင်းခန့် သောက်သုံးရေ အခက်အခဲများကို ကြုံတွေ့ခဲ့ရသည်။
သောက်ရေ၊ ကျန်းမာရေးစနစ်နှင့် တကိုယ်ရေသန့်ရှင်းရေးအတွက် ယခုနှစ် ဇူလိုင်ထိ ရံပုံ ငွေ အမေရိကန်ဒေါ်လာ ၆.၄၈ သန်းရရှိပြီးဖြစ်သော်လည်း အမှန်တကယ် လိုအပ်ငွေမှာ ဒေါ်လာ ၁၆.၁၆ သန်း ဖြစ်သည်ဟု ကုလသမဂ္ဂရုံးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော မြစ်ဝကျွန်းပေါ်ဒေသများတွင် ရေကန်ပေါင်း ၃၈ဝဝ ထိ မွန်းမံပြင်ဆင်ပြီး ဖြစ်သော်လည်း ရေချိုအခက်အခဲ ကြုံနေရဆဲပင် ဖြစ်ကြောင်း ဦးအေးဝင်းက ပြောသည်။
ဖျာပုံခရိုင် အမာမြို့နယ်ခွဲ ဖိုးသူချောင် အုပ်စု ဖိုးသူချောင်ကျေးရွာတွင် မိုးရေလှောင်ကန် များ စတင်ခမ်းခြောက်နေပြီး လာမည့် ၃ ရက်ခန့် တွင် သောက်သုံးရေ လုံးဝ ပြတ်လပ် တော့မည် ဖြစ်ကြောင်း ရွာခံတဦးက ပြောသည်။
“ရွာမှာ၃ကန်ရှိတယ်။ရေရှိတဲ့ကန်ကတကန်ပဲ။ရွာနီးခြောက်စပ်ကဒီမှာလာဝိုင်းခပ်တာဆိုတော့
အကုန်မြန်တယ်။ရေက၂ပေလောက်ပဲရှိတော့တယ်။သုံးလို့မရတော့ဘူး။အိုးတွေထဲမှာအနည်ထိုင်ထားတဲ့ ရေကတော့၃ရက်စာလောက်ရှိသေးတယ်”ဟုသူကမဇ္ဈိမကို ပြောသည်။
မကြာသေးမီက ပြုလုပ်ခဲ့သော လေ့လာမှုများအရ လူပေါင်း ၁၈ဝ ဝဝဝ ဦးခန့် သောက်ရေ သန့်ရရှိရန် လိုအပ်နေပြီး လူ တသိန်းခန့်မှာလည်း နေအိမ်များ ပြန်လည်ဆောက်လုပ်ရန် လိုအပ်နေသေးကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားသည်။
၂ဝဝ၉-၂ဝ၁၁အတွင်းနာဂစ်အလွန်ပြန်လည်ထူထောင်ရေးအတွက်စုစုပေါင်းဒေါ်လာ၆၉၁သန်း လိုနေသော်လည်းယခုအထိသန်း၁၈ဝသာရရှိသေးကြောင်းသိရသည်။
၂ဝဝ၈ ခုမေ၂-၃ ရက်တွင်တနာရီမိုင်၁ဝဝကျော်ဖြင့်တိုက်ခဲ့သည့်နာဂစ်မုန်တိုင်းကြောင့်လူပေါင်း၁သိန်း ၄ သောင်းခန့် သေကြေပျောက် ဆုံးခဲ့ရပြီး လူပေါင်း၂ဒဿမ၄သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။
(ကိုဝိုင်းတည်းဖြတ်သည်)
Geen opmerkingen:
Een reactie posten