ရန်ပိုင် Wednesday, May 12, 2010 .
ရန်ကုန်မြို့တွင်ကျင်းပနေသည့်အာရှဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌဖလားAFCPresident'sCupပြိုင်ပွဲကို ရာသီဥတုပူပြင်းသည့်အတွက်ညပိုင်းအချိန်တွင်ပြောင်းလဲကျင်းပသင့်သည်ဟုတာဂျစ်ကစ္စတန်နိုင်ငံ၊ တာ့ခ်မင်နစ္စတန်နိုင်ငံများမှနည်းပြများကပြောဆိုဝေဖန်နေကြောင်းသိရသည်။
လက်ရှိAFCPresident'sCupပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ကစားနေသည့်ရတနာပုံFCအသင်း(ဓာတ်ပုံ-Soccer Myanmar)
ရာသီဥတု အခြေအနေမှာ အားကစား သမားများနှင့် ကိုက်ညီခြင်း မရှိခြင်းကြောင့်၊ ညပိုင်းအချိန်သို့ ပြောင်းလဲ ကျင်းပသင့် သော်လည်း မြန်မာပြည်၏ လျှပ်စစ်မီး အခြေအနေကို နားလည် ပေးနိုင်ပါကြောင်း နည်းပြများက ပြောဆိုခဲ့သည်ဟု ပြည်တွင်း အခြေစိုက် စာနယ်ဇင်းသမား တဦးက ဧရာဝတီသို့ ပြောသည်။
“ဘူတန်က အားကစား သမားတွေ ကလည်း သူတို့က ဟိမ၀န္တာ တောင်ပေါ်က ဆင်းကန်ရတာ၊ ညဆိုရင် အဆင်ပြေတာပေါ့၊ ဒါပေမယ့် ခင်ဗျားတို့နိုင်ငံ မီးမှမရတာ ဘယ်တတ်နိုင်မလဲ လို့ပြောတယ်”ဟု ၎င်းစာနယ်ဇင်း သမားက ဆိုသည်။
နိုင်ငံတကာတွင်ဘောလုံးပွဲများကို အပူချိန်လျော့ကျသည့် ညပိုင်းအချိန်တွင် လျှပ်စစ်မီးထွန်းပြီး ကစားစေကြောင်း၊ နိုင်ငံတကာ ကလပ်အသင်းပွဲများကို အပူချိန်မြင့်တက်နေသည့် အချိန်တွင် ကစားခိုင်းခြင်းသည် ကစားသမားများ၊ ဒိုင်လူကြီးများနှင့် ပွဲကြည့်သူ များအတွက်ပါ အသက်အန္တရယ် ထိခိုက်နိုင်ကြောင်း အဆိုပါ စာနယ်ဇင်းသမားက ပြောသည်။
လာရောက်ယှဉ်ပြိုင်သည့်ပါကစ္စတန်၊သီရိလင်္ကာ၊ကမ္ဘောဒီယားနိုင်ငံများအနေဖြင့် အပူဒဏ်ကိုခံနိုင်သော်လည်း၊တာဂျစ်ကစ္စတန်နိုင်ငံ၊တာ့ခ်မင်နစ္စတန်နှင့်ဟိမ၀န္တာတောင်တန်းပေါ်မှ ဘူတန်နိုင်ငံများမှ ကစားသမားများအနေဖြင့်အပူချိန်၄၀ဒီဂရီစင်တီဂရိတ်အထက်ရှိသည့် ရာသီဥတုတွင် ကစားရသည့်အတွက် မောပန်းနေကြောင်း ၎င်းက ဆက်လက်ရှင်းပြသည်။
ယင်းဘောလုံးပွဲများကိုရန်ကုန်မြို့အောင်ဆန်းအားကစားကွင်း၌ညနေ၃း၃၀တွင်ကျင်းပပြီးသုဝဏ္ဏအားကစားကွင်း၌၄နာရီတွင်စတင်ကစားစေခြင်းဖြစ်သည်။
ပြီးခဲ့သည့် တနင်္ဂနွေနေ့ကကစားခဲ့သည့် တာ့ခ်မင်နစ္စတန်နိုင်ငံမှHTTUအသင်းနှင့်ဘူတန်နိုင်ငံဒရုခ်စတား အသင်းပွဲစဉ်တွင်ကိုရီးယားလူမျိုးကွင်းလယ်ဒိုင်သည်ပြင်းထန်သည့်ရာသီဥတုအပူရှိန်ကြောင့် ဒုတိယပိုင်းပြန်အစကွင်းအတွင်းမ၀င်မီသတိမေ့လဲကျခဲ့ကြောင်း၊တခြားသောဒိုင်လူကြီးတဦးနှင့် အစားထိုးရကြောင်းSoccer Myanmar အားကစားသတင်းတွင်ဖော်ပြထားသည်။
အဆိုပါကွင်းလယ်ဒိုင်သည်ပွဲမကစားမီအကြိုစမ်းသပ်မှုများတွင်စံချိန်အကောင်းဆုံးရတတ်သည့်ဒိုင်လူကြီး တဦး ဖြစ်ပြီး ယခင်က ထိုသို့ ဖြစ်ဖူးခြင်း မရှိဟုလည်း ရေးသားထားသည်။
ဝါရင့်အားကစားကလောင်ရှင်တဦးဖြစ်သူခင်မောင်ထွေး(ပျဉ်းမနား)ကလည်း“ဘယ်လောက်ပဲ ကျန်းမာရေးကောင်းတဲ့ဒိုင်လူကြီးဖြစ်ဖြစ်ဒီရာသီဥတုကမလွယ်ဘူး၊ဒါပေမယ့်အားလုံးသတိပြုရမယ့် အချက်ကလူနာတင်ကားအဆင်သင့် မရှိတာဘဲ”ဟုပြောသည်။
ပြိုင်ပွဲကျင်းပသည့် အားကစားကွင်းနှစ်ကွင်းစလုံးတွင် လူနာတင်ကားများကို အဆင်သင့်ထားရှိခြင်း မရှိသည့်အတွက်အရေးပေါ်အခြေအနေတွင်အခက်အခဲများ ဖြစ်ပေါ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် လာမည့် ၂၀၁၃ ခုနှစ်တွင်ကျင်းပမည့်အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(SEAGAME)ကိုလက်ခံကျင်းပမည် ဖြစ်သည့်အတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့်အားကစားတာဝန်ရှိသူများအနေဖြင့် သင်ခန်းစာယူရမည့် အချက်ဖြစ်ကြောင်း ဦးခင်မောင်ထွေးက ထောက်ပြပြောဆိုသည်။
ယင်းAFCPresident'sCupအုပ်စုတွင်းပြိုင်ပွဲအုပ်စုပွဲစဉ်များကိုသုဝဏ္ဏအားကစားကွင်းနှင့်အောင်ဆန်းကွင်း တို့တွင်အုပ်စု၂စုခွဲ၍ပြီးခဲ့သည့်တနင်္ဂနွေနေ့ကစတင်ကျင်းပနေရာလာမည့်သောကြာနေ့တွင် ပြီးဆုံးမည်ဟုသိရသည်။
အောင်ဆန်းအားကစားကွင်း၌အုပ်စု(ခ)တွင်ပါဝင်သောတာဂျစ်ကစ္စတန်နိုင်ငံမှဗာကက်ရှ်(Vakhsk)၊ ကမ္ဘောဒီယားနိုင်ငံမှနာဂါကော့(Nagacrop)၊ပါကစ္စတန်နိုင်ငံမှKRL၊သီရိလင်္ကာနိုင်ငံမှရီနောင်းစပို့တ်စ် (Renow )အသင်းတို့ယှဉ်ပြိုင်နေသည်။
သုဝဏ္ဏအားကစားကွင်းတွင်မူအုပ်စု(ဂ)မှHTTUကလပ်အသင်း၊ဘူတန်နိုင်ငံမှဒရုခ်စတားအသင်း၊ မြန်မာနိုင်ငံမှ ရတနာပုံ FC အသင်း တို့ ကစားနေကြသည်။
ရတနာပုံ FC ဘောလုံးအသင်းသည် ဘူတန်နိုင်ငံမှ ဒရုခ်စတား ဘောလုံးအသင်းနှင့် ယမန်နေ့က သုဝဏ္ဏ ကွင်းတွင် ယှဉ်ပြိုင် ကစားရာ ၁၁ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြောင်း သိရသည်။
အနိုင်ဂိုးများကိုကစားသမားပိုင်စိုးမှ၎ဂိုး၊ရန်ပိုင်မှ၃ဂိုး၊ရဲဇော်ထက်အောင်၊အောင်ကျော်မိုး၊အေးမိုးနှင့် သက်နိုင်တို့က ၁ဂိုးစီ သွင်းယူခဲ့ခြင်း ဖြစ်သည်။
လာမည့်ကြာသပတေးနေ့တွင်ရတနာပုံFCအသင်းသည်တာ့ခ်မင်နစ္စတန်နိုင်ငံမှHTTUကလပ်အသင်းနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
HTTU ကလပ်အသင်းသည် ပြီးခဲသည့် တနင်္ဂနွေနေ့က ဒရုခ်စတားအသင်းနှင် ကစားရာ ၈ ဂိုး ဂိုးမရှိဖြင့် အနိုင်ရထားပြီးဖြစ်သည်။
ရတနာပုံFCအသင်းသည်ဒရုခ်စတားအသင်းနှင့်ပွဲတွင်ဂိုးပြတ်ကစားနိုင်သည့်အတွက်HTTUအသင်းနှင့် ဂိုးမရှိသရေကစားရုံဖြင့်ဂိုးကွာခြားချက်အရအုပ်စုဗိုလ်အဖြစ်ဆီးမီးဖိုင်နယ်သို့တက်ရောက်မည်ဖြစ်ကြောင်း၊ သို့သော်ဥရောပကစားဟန်ရှိပြီးအရပ်အမောင်းသာလွန်သည့်တဘက်အသင်းကိုလျှော့မတွက်သင့်ကြောင်း ၀ါရင့်အားကစားကလောင်ရှင် ခင်မောင်ထွေး(ပျဉ်းမနား) ကသုံးသပ်သည်။
“ပထမ ၄၅မိနစ်လောက်မှာ ရာသီဥတုကြောင့် HTTUအသင်းက သိပ်ကစားနိုင်မှာမဟုတ်ဘူး၊နောက်ပိုင်း နေအေးသွားရင်တော့ ခြေရည်တူဖြစ်သွားမှာပါ”ဟု ၎င်းက ပြောဆိုသည်။
ရတနာပုံFCအသင်းနည်းပြမစ္စတာရိုဟန်ကမူပြိုင်ဘက်အသင်းကိုအနိုင်ကစားမည်ဖြစ်ပြီး၊ ရန်ကုန်မြို့အပူချိန်သည်မန္တလေးမြို့အပူချိန်ထက်လျော့နည်းသောကြောင့်မိမိကစားသမားများအတွက် စိုးရိမ်စရာမရှိဟု ပြောဆိုကြောင်း ၎င်းက ဆက် လက် ပြောပြသည်။
AFCPresident'sCupသည်၂၀၀၅ ခုနှစ်မှ စတင်ကျင်းပခဲ့ပြီး ဘောလုံးအားကစားဖွံ့ဖြိုးမှု အားနည်းနေသည့် အာရှနိုင်ငံများမှ ကလပ်အသင်းများအတွက် အာရှဘောလုံးအဖွဲ့ချုပ်က ရည်ရွယ်ကျင်းပခဲ့ခြင်းဖြစ်သည်။
၂၀၀၈ ခုနှစ်တွင် မြန်မာနိုင်ငံမှ ကမ္ဘောဇ အသင်း ပထမဆုံး ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသည်။

Geen opmerkingen:
Een reactie posten